ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ပြီဟု ခေါင်းဆောင် ကာရီလမ်း ပြော 

ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ပြီဟု ခေါင်းဆောင် ကာရီလမ်း ပြော 
Photo - AFP

အောက်တိုဘာ ၁

ပြီးခဲ့တဲ့ နှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ချိုးနှိမ်လိုက်တဲ့ လုံခြုံရေးဥပဒေသစ်ကို တရုတ်က ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်မှာ ငြိမ်းချမ်းရေး ပြန်လည်သီးပွင့်ခဲ့ပြီလို့ ခေါင်းဆောင်ဖြစ်သူ ကာရီလမ်းက ကြာသပတေးနေ့မှာ ပြောပါတယ်။ 

အမျိုးသားရေးနေ့ အခမ်းအနားတွေ ကျင်းပတဲ့ ခုနေ့ရက်မှာ ဘယ်လို လူစုရုံးမှုမှ ဖြစ်မလာဖို့ ရဲအင်အား ထောင်ပေါင်းများစွာလည်း အသင့်ရှိနေတာ ဖြစ်ပါတယ်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံထူထောင်မှု အထိမ်းအမှတ်တွေကို ရုံးပိတ်ရက်နဲ့အတူ ပွဲလမ်းသဘင်တွေ ကျင်းပတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဟောင်ကောင်မှာတော့ ဒီ အမျိုးသားနေ့ဟာ အာဏာရှင်ဆန်တဲ့ တရုတ်နိုင်ငံက သဘောထားကွဲလွဲသူတွေကို အပြင်းအထန် နှိပ်ကွပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်သူတွေအတွက် နာကျည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။ 

အခုနှစ် တစ်လျှောက်လုံးလိုလိုမှာ ဆန္ဒပြသမှုတွေကို တရားမဝင်ကြောင်း မလှုပ်နိုင်အောင် သတ်မှတ်ခံရပြီး တရုတ်နိုင်ငံဟာ ဇွန်လအတွင်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ဒေသရ စီးပွားရေးအချက်အခြာ ဟောင်ကောင်မှာ တင်းကျပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ 

ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းနဲ့ အကြီးတန်းပြည်မကြီး တာဝန်ရှိသူတွေက ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအတားအဆီးတွေ အကာအကွယ်ယူထားတဲ့ အခမ်းအနားတစ်ရပ်ကို တက်ရောက်ကြချိန် ဟောင်ကောင်ဆိပ်ကမ်းမှာလည်း တရုတ်နဲ့ ဟောင်ကောင်အလံတွေ ချိတ်ဆွဲထားတဲ့ ရဟတ်ယာဉ်တွေ တဝီဝီ ပျံသန်းနေပါတယ်။ 

“ပြီးခဲ့တဲ့ လအနည်းငယ်မှာပဲ အားလုံးရဲ့ မျက်မြင်မှာပဲ မငြင်းနိုင်တဲ့ အကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ အသိုင်းအဝိုင်းဟာ ငြိမ်းချမ်းရေးဆီ ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။”ဟု ကာရီလမ်းက မိန့်ခွန်းမှာ ပြောပါတယ်။ 

“ကျွန်မတို့ရဲ့ အမျိုးသားလုံခြုံရေးဟာ ဟောင်ကောင်ကို ကာကွယ်ပေးထားပြီး ကျွန်မတို့ရဲ့ ပြည်သူတွေအနေဲ့ ဥပဒေဘောင်ထဲကနေ ကိုယ့်ရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို တစ်ဖန်ပြန် ရရှိနိုင်ပါပြီ။”လို့ သူက ထပ်လောင်းပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ဒေသတစ်ခုလုံးကို လှုပ်ယမ်းခဲ့တဲ့ ခုနစ်လတာကြာ ဒီမိုကရေစီ ဆန္ဒပြပွဲတွေအတွင်းက တရုတ်နိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်တုန်းကတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ်မှာတော့ လုံခြုံရေးစိုးရိမ်မှုနဲ့ အများပြည်သူပိုင် နေရာတွေမှာ လူ လေးယောက်ထက် မစုရုံးရဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် တားမြစ်ချက်တွေကို လက်ကိုင်ထားပြီး အာဏာပိုင်တွေမှာ ဆန္ဒပြချီတက်မှုတွေကို ခွင့်မပြုဘဲ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 

ကာရီလမ်းအစိုးရဟာ ကပ်ဘေးရဲ့ ဘေးအန္တရာယ်ကို ရမယ်ပြပြီး စက်တင်ဘာ ဒေသဆိုင်ရာရွေးကောက်ပွဲတွေကို တစ်နှစ်ရွှေ့ဆိုင်းထားတာလည်း ဖြစ်ပါတယ်။ 

ဘယ်လို ဆန္ဒပြပွဲမျိုးကိုမဆို ရပ်တန့်ပစ်ဖို့ အရေးပေါ် ပုံမှန်ထားတဲ့ အရန်အင်အားရဲ့ နှစ်ဆဖြစ်တဲ့ ရဲအင်အား ၆၀၀၀ ကို အသင့်ချထားတယ်လို့ ရဲသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

တစ်ပါတီအုပ်ချုပ်ရေး အဆုံးသတ် 

ဒီ နံနက်ပိုင်း တစ်လျှောက်မှာ ထင်ရှားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားတဲ့ အုပ်စုတွေက လူလေးယောက်ထက် မပိုစေဘဲ အငယ်စား လူစုရုံးကြပါတယ်။ 

ဒီထဲက အုပ်စုတစ်စုဟာ ရဲ ၄၀ လောက် ဝိုင်းရံထားလျက်ကပဲ ‘တစ်ပါတီ အုပ်ချုပ်ရေး အဆုံးသတ်’လို့ ကြွေးကြော်ပြီး ဆန္ဒပြလျှောက်လွှာတစ်စောင်ကို မီးရှို့ခဲ့ပါတယ်။ 

ဟောင်ကောင်မှာ တရုတ်အစိုးရကို ကိုယ်စားပြုရှိနေတဲ့ အစောင့်အကြပ် ထူထပ်လွန်းတဲ့ ဆက်ဆံရေးရုံးအပြင်ဖက်မှာလည်း လူလေးယောက်ပါ အခြား အုပ်စုတွေက စုရုံးခဲ့ကြပါတယ်။ 

“ဒီကနေ့ တရုတ်မှာ လွတ်လပ်ခွင့်ကို လိုလားသူတွေက ဖိနှိပ်ခံနေရပြီး ဒီလို ဖိနှိပ်နေတဲ့သူတွေက အာဏာလက်ဝယ်ရှိနေတယ်။”လို့ တက်ကြွလှုပ်ရှားသူ လီချောက်ယန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အစောပိုင်းရက်က ဆက်ဆံရေးညွှန်ကြားရေးမှူး လျူဟွေ့နင်း မိန့်ခွန်းပြောရာမှာ ဟောင်ကောင်မှာ မျိုးချစ်စိတ်ဓာတ် ပိုမွေးမြူကြဖို့ တိုက်တွန်းရင်း ပြည်မကြီးအတွက် ဂုဏ်ယူရမှာ တာဝန်ပဲဖြစ်ပြီး ရွေးချယ်စရာမရှိလို့ ပြောခဲ့ပါတယ်။ 

မြို့အနှံ့လည်း ကြာသပတေးနေ့မှာ ရဲအင်အား ကြီးကြီးမားမား တပ်ဖြန့်ထားပြီး ရပ်တန့်ရှာဖွေရေးတွေ အများအပြားလုပ်ဆောင်ပါတယ်။ 

ဆန္ဒပြဖို့နဲ့ အကြမ်းဖက်တာတွေ လုပ်ဆောင်ဖို့ အခြားသူတွေကို စည်းရုံးလှုံ့ဆော်တယ် သံသယနဲ့ ဒီ သီတင်းပတ်အတွင်းမှာပဲ လူငါးဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ပယ်ချခံရတဲ့ လူစုရုံးခွင့် လျှောက်ထားချက်ကို ပြီးခဲ့တဲ့နှစ်က စံချိန်ချိုးတဲ့ လူစုရုံးချီတက်မှုကြီးတွေကို ကြီးမှူးခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့ Civil Human Rights Front က လျှောက်ထားခဲ့ပါတယ်။ 

အဲဒီအဖွဲ့က ဆန္ဒပြလို့ တရားစွဲဆိုခံရတာကနေ ပြေးဖို့ ကြိုးစားကြတာကြောင့် ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခံရပြီး ပြည်မကြီးတရုတ်မှာ ဖမ်းဆီးထိန်းသိမ်းထားသူ ဟောင်ကောင်သား ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ 

သူတို့ ၁၂ ဦးဟာ ထိုင်ဝမ်ဆီ လှေနဲ့ ပြေးဖို့ ကြိုးစားပေမယ့် တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ကြားဖြတ်ဖမ်းဆီးခံရပြီး ထင်သာမြင်သာ မရှိတဲ့ တရုတ်တရားစီရင်ရေးစနစ်ထဲမှာ စုပ်စမြုပ်စ ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီနှစ်ရဲ့ အချိန်အများစုမှာ ဟောင်ကောင် ဆန္ဒပြပွဲတွေဟာ မဖြစ်ပေါ်လာသလောက်ကို ပါးလျသွားခဲ့ပါပြီ။ 

ပြီးခဲ့တဲ့ လမှာတော့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြန်ပေမယ့် အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ အရပ်ဝတ်တာဝန်ရှိသူတွေကို ခပ်သွက်သွက် လှုပ်ရှားကြပြီး လူပေါင်း ၃၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၁၆ လအတွင်းမှာ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ တစ်သောင်းကျော်ထက်မနည်း ရှိပြီး တရားရုံးတွေမှာလည်း အမှုတွေ ပုံအောနေပါတယ်။ ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် အများစုဟာ တရားစွဲဆိုခံထားရပါတယ်။ 

လုံခြုံရေးဥပဒေသစ် 

ဆန္ဒပြပွဲ နှိမ်နင်းမှုတွေကို ဇွန်လအတွင်းက ဟောင်ကောင်မှာ တရုတ်ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်ကနေ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ 

ဝေဖန်မှုတွေ များတဲ့ ဒီ ဥပဒေဟာ သဘောထားကွဲလွဲတဲ့ အမြင်တွေကို ဖော်ပြတာကို ရာဇဝတ်မှုအဖြစ် သက်ရောက်စေပြီး ဟောင်ကောင်မှာ နိုင်ငံရေးကြောက်စိတ် ပိုကြီးထွားစေအောင်နဲ့ တရုတ်ရဲ့ လုံခြုံရေးယန္တရားအောက် ပထမဆုံးအဖြစ် ဟောင်ကောင်ကို ပြောင်ပြောင်တင်းတင်း ထည့်သွင်းပေးလိုက်တဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ 

ဒီ လုံခြုံရေးဥပဒေကြောင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာခဲ့သလို အခြားအနောက်နိုင်ငံတော်တော်များများကလည်း ရှုတ်ချကြပါတယ်။ 

ဒါပေမယ့် ပြည်မကြီးနဲ့ ဟောင်ကောင်အာဏာပိုင်တွေကတော့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ ဥပဒေလို့ ပြောကြပါတယ်။ 

“အမျိုးသားလုံခြုံရေးဥပဒေဟာ ဟောင်ကောင်က ဆူပူအောင် လှုံ့ဆော်နေသူတွေကို လုံးလုံး အဆုံးသတ်စေမှာ ဖြစ်တယ်။”လို့ ဟောင်ကောင်မှာ ရှိတဲ့ တရုတ်အစိုးရကို ကိုယ်စားပြုတဲ့ ဆက်ဆံရေးရုံးက ဒီ သီတင်းပတ်မှာပဲ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly