အားဆေးသွင်းခြင်း လက်မခံပဲ ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ဆက်လက်တိုက်ပွဲဝင်

အားဆေးသွင်းခြင်း လက်မခံပဲ ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ဆက်လက်တိုက်ပွဲဝင်

သာယာဝတီ ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းသည် ယနေ့တွင် အစာငတ်ခံနေသည်မှာ ၂၃ ရက် ကြာမြင့်ပြီးနောက် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ သည့်အတွက် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့်တိုင် အားဆေးသွင်း သည်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင် နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဝင်များက ပြောသည်။

ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေသည့် ဗကသများ အဖွဲ့ချုပ်မှ ကိုအောင်နေပိုင်က ပြောခဲ့ခြင်း ဖြစ်ပြီး စိုးရိမ်မိကြောင်းလည်း သူကပြောသည်။

"ကျန်းမာရေးအရ သွေးစစ်တာတို့၊ သကြားဓာတ်စစ်တာတို့၊ သွေးပေါင်ချိန် တိုင်းတာတို့ တော့ရှိတယ်။ ဒါပေမယ့် အား ဆေးသွင်းတာတော့ သူလက်မခံတဲ့အတွက် အဲဒါအပေါ်မှာ စောင့်ကြည့်နေတဲ့အ ခြေအနေပဲ ရှိသေးတယ်ပေါ့နော်။ သူ ကတော့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ သဘောပေါ့"ဟု ကိုအောင်နေပိုင်က ပြောသည်။

ကိုအောင်မှိုင်းဆန်း အပါအဝင် ဗာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကိုမျိုးမြတ်စံတို့အား ကျန်းမာရေး အခြေနေ စိုး ရိမ်ရသည့်အတွက် နိုင်ဝင်ဘာလ (၁၃)ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုမျိုးမြတ်စံမှာ ယခုတစ်ကြိမ် အားဆေးသွင်းခြင်းကို လက်ခံခဲ့သော်လည်း ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြသွားမည်ဟုလည်း ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး တရားစွဲခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်နေ့က စတင်၍ သာယာ ဝတီ အကျဉ်းထောင်တွင် ကိုအောင်မှိုင်းဆန်းက စတင်ပြီး အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေခြင်းအပေါ် မိသားစုဝင်တစ်ဦးအနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ကိုအောင်မှိုင်းဆန်း၏ ဇနီး မလဲ့လဲ့နွယ်က ပြောသည်။

" ကျန်းမာရေးကတော့ ပုံမှန်ပါပဲ။ ကျွန်မကတော့ မိသားစု တစ်ယောက်အနေနဲ့ စိုးရိမ်ပါတယ်။ သူက ဆက်လက် တိုက်ပွဲဝင်မယ်ဆိုတော့ စိတ်တော့ ပူမိတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်း သာယာဝတီထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသည့် တောင်ငူခရိုင် ဗကသ အဖွဲ့ချုပ်မှ ကိုဖြိုးဓနကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

သာယာဝတီ အကျဉ်းထောင်အတွင်း၌ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ကိုအောင်မှိုင်းဆန်းမှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အောက်တိုဘာ (၂၈) ရက်နေ့တွင် ကိုသန်းထိုက်၊ ကိုမျိုးထက်ပိုင်နှင့် ကိုမျိုးမြတ်စံတို့ (၃) ဦး၊ နိုဝင်ဘာ (၂) ရက်နေ့တွင် ကိုဆွေလင်းထွန်း၊ ကိုဖြိုးဓန၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့(၄) ဦး၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကို အောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုခန့်အောင်၊ ကိုရဲထွဋ်ဝင်းနှင့် ကိုစိုးမိုးနိုင်တို့ (၅)ဦးမှ ပါဝင်ဆန္ဒပြခဲ့ကြသည့်အတွက် လက် ရှိတွင် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြသူ (၁၃)ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags