အင်းစိန် အောင်စိုး - “သူ ထောင်ဖောက်တယ်ဆိုတာ အစ်ကိုပြောမှ သိကြတာ”

အင်းစိန် အောင်စိုး - “သူ ထောင်ဖောက်တယ်ဆိုတာ အစ်ကိုပြောမှ သိကြတာ”
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

အောက်တိုဘာ ၁

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ခေါ် နှင်းဆီပါတီ၏ ဥက္ကဋ္ဌ ဦးကျော်မြင့် ၁၉၉၈ ခုနှစ် ထောင်ကျစဉ်က အင်းစိန်အကျဉ်းထောင်အတွင်း ၎င်းနှင့်ဆုံခဲ့ဖူးသူ အင်းစိန် အောင်စိုးကို ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။ “အင်းစိန် အောင်စိုး” သည် ထောင်တွင်း အတွေ့အကြုံ နှစ်များစွာ ရှိခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခံရသည့် ရှေ့နေကြီး ဦးကိုနီ အမှုအပါအဝင် တစ်နိုင်ငံလုံးက စိတ်ဝင်စားသည့် အမှုများ၏ နောက်ကွယ်က ပတ်သက်သူများအကြောင်း ထုတ်ဖော် ပြောဆိုသူ တစ်ဦးအဖြစ် လူသိများသည်။

မေး။    ။ ဦးကျော်မြင့်နဲ့ ဘယ်လိုဆုံခဲ့လဲ။

ဖြေ။     ။ အင်းစိန်ထောင် (၂) တိုက်ထဲမှာဆုံကြရော၊ တိုက်ခန်းပေါင်း ၁၅၀ ကျော်ရှိတဲ့ တိုက်မကြီးပေါ့။ ၁၉၉၈ ခုနှစ်၊ နှစ်ဆန်းပိုင်းက ဆုံခဲ့တာပေါ့။ ကျွန်တော်က တပ်ရုံးခန်းမှာ နေတယ်၊ သူက သစ်တိုက်မှာ နေတယ်၊ စကားပြောဖြစ်တဲ့ အခါကျတော့ “ဝ” အဖွဲ့အစည်းက ဗိုလ်မှူးချူပ်လို့ ပြောတယ်။ ထိုင်ဝမ် တက္ကသိုလ်မှာ  စစ်သင်တန်း တက်ခဲ့တယ်လို့ ပြောတယ်၊ လက်ရှိကတော့ ခြောက်မိုင်က ရွှေဟင်္သာခြံလား၊ အိမ်ယာလား မသိဘူး၊ အဲဒီမှာနေတယ်လို့ ပြောခဲ့တယ်။ (မြန်မာ) ကျုံယွမ်ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတစ်ယောက်နဲ့ အဆင်မပြေလို့ အဖမ်းခံရတယ်လို့ ပြောတယ်။ အဲဒီအချိန်တုန်းကတော့ အမှားအမှန် မသိဘူးပေါ့ကွာ၊ ဒါကတော့ သူပြောခဲ့တဲ့ စကားပေါ့။

မေး။     ။ သူ့ကို အဲဒီတုန်းက ဘယ်လိုမြင်မလဲ။

ဖြေ။      ။ သူက တိုင်းရင်းသားဆိုပေမဲ့ ဗမာစကားကို လိပ်ပတ်လည်အောင် မပြောတတ်ပေမဲ့ လူရည်လည် ပါးနပ်တယ်ဆိုတာကို ၁၉၉၈ ခုနှစ် တွေ့ကတည်းက ခန့်မှန်းလို့ရတယ်။ သူက ဂဏာမငြိမ်ဘူး၊ သူတို့လို လူမျိုးတွေက အဲဒီလိုမျိုးဆို မနေနိုင်ဘူးလေ။ အောက်ပိုင်းချိတယ်ဆိုပြီး လိမ်ပြီးတော့ ပြေးဖို့က၊ အင်းစိန်ထောင်မှာ ကတည်းက ပြေးဖို့က မန္တလေးရောက်မှ သူအောင်မြင်သွားတယ်။ ရန်ကုန်မှာကတည်းက ထွက်ပြေးဖို့ အစီအစဉ်ရှိပြီးသား။ ထောင်ဆရာဝန်က ဘာမှမဖြစ်ဖူးဆိုပြီး လုပ်တော့ သူ မအောင်မြင်လိုက်တာ။ သူနဲ့က စကားသိပ် မပြောဖြစ်ပါဘူး။ သူက ငွေကြေးကတော့ တော်တော်ပေါပေါများများ သုံးစွဲတဲ့ပုံရှိတယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး မပြောနဲ့၊ သူ့ဆီမှာလာနေတဲ့။ အစ်ကို ကျတာက ၅၈ နှစ်ဆိုတော့ သူပြောတာလဲ သိပ်စိတ်မဝင်စားဘူးပေါ့၊

နောက်ပိုင်းသတင်းတွေ ကြားတာက အခု လှိုင်သာယာ ပန်းလှိုင်အိမ်ယာမှာ နေတယ်၊ ခရီးသွားရင် ကားတန်းကြီးနဲ့ ဝန်ကြီးတွေလို သွားလာတယ်ပေါ့။ နောက်တစ်ချက်က လစာကောင်းကောင်းပေးပြီး ခေါ်ထားတဲ့ ကိုယ်ရံတော်တွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာတွေ ပြောတယ်။ ဒီပြဿနာတွေ မဖြစ်ခင်ကတည်းက ကြားတာပါ။ နှစ်ကြာသွားတော့ ရုပ်က မမှတ်မိတော့ဘူး။ သူ့ရဲ့ အတ္ထုပ္ပတ္တိ ကြည့်မှ သူ ထောင်ဖောက်တယ်ဆိုတာ အစ်ကိုပြောမှ သိကြတာ။ မန်းလေးထောင်က ထွက်ပြေးတာတွေ၊ အေးချမ်းဘုန်းကြီး ဝတ်နေတာတွေက အစ်ကိုပြောမှ Myanmar Now က သိတာ။ အဲ့ဒါတွေ ပြောရင် သူတို့ထိခိုက်သွားမှာ စိုးလို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly