UDP ပါတီဝင်ဟောင်း ဦးဂဲနက် (စ်) – “ကျွန်တော့်ပုံရိပ်က ဥက္ကဋ္ဌပုံရိပ်ထက် အရေးကြီးတယ်”

UDP ပါတီဝင်ဟောင်း ဦးဂဲနက် (စ်) – “ကျွန်တော့်ပုံရိပ်က ဥက္ကဋ္ဌပုံရိပ်ထက် အရေးကြီးတယ်”

စက်တင်ဘာ ၃၀၊ ၂၀၂၀

ဦးဂဲနက် (စ်) သည် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သို့မဟုတ် ပါတီအမှတ်တံဆိပ်ကို အစွဲပြု၍ “နှင်းဆီပါတီ” ဟု ခေါ်ကြသော အငြင်းပွားနေကြသည့် နိုင်ငံရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ သို့သော် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်၏ အရှုပ်တော်ပုံကို Myanmar Now သတင်းဌာနမှ စတင် ထုတ်ဖော်လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ယင်းသို့ ပါတီကို ရှင်းလင်းပြောကြားရန် တောင်းဆိုပြီးနောက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် သီးခြားပြိုင်ရန် အကြောင်းပြန်ကြားခံခဲ့ရသူ ဖြစ်သည်။

မေး။   ။ ပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရတဲ့အမြင် ဘယ်လိုများရှိလဲ။

ဖြေ။    ။ ပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရတာ ဟုတ်လား၊ မဟုတ်လားလည်း ဘယ်သူမှ မပြောနိုင်သေးဘူး။ စုံစမ်းစစ်ဆေးတယ်လို့ပဲ ပြောလို့ရတာကိုး။ စုံစမ်းစစ်ဆေး မေးမြန်းနေတယ်ပဲ ပြောလို့ရသေးတယ်လေ။ ဒါနဲ့ပတ်သက်ပြီးတဲ့ အခါကျတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခင်းအကျင်း၊ လက်ရှိ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ပါတီနဲ့ ထပ်တူ လွှတ်တော်ကိုယ်စားလှယ်က ၁၁၄၃ ဦး အတူတူဝင်ပြိုင်ထားတာ။ ဒုတိယ အကြီးမားဆုံးပါတီ မဟုတ်ဘူးဗျ။ UDP က NLD ပါတီနဲ့ (အရေအတွက်) အတူတူ ကိုယ်စားလှယ်လောင်း ပြိုင်ထားတာဖြစ်တယ်။ လူတွေအများစုက ရေးသားဖော်ပြနေတာကြတော့ ဒုတိယအများဆုံး ပြိုင်တယ်လို့ပြောတာ။ တကယ်တမ်းက ဒုတိယ မဟုတ်ဘူး။ အတူတူ ပြိုင်ထားတာ။ ဒါအချက်အနေနဲ့ ပြောတာပါ။ နောက်တစ်ချက်က ကျွန်တော်က UDP ပါတီကနေ (ယခုနှစ်) ၂၆ ရက်၊ ၉ လကနေ နုတ်ထွက်ပြီးပြီဗျ။ နုတ်ထွက်တဲ့စာတွေ အားလုံးကလည်း ရှိပါတယ်။ အခု ဒီဥက္ကဋ္ဌကြီးနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပေါ်လာတဲ့ အခါကျတော့ အဲဒီမှာ Myanmar Now မီဒီယာကနေ စတက်လာတဲ့အခါ ကျွန်တော့်အနေနဲ့ ပါတီကို ချက်ချင်း ကျွန်တော်တောင်းဆိုတာကိုး။ သတင်းမီဒီယာတွေက ဖော်ပြနေပြီ ကျွန်တော့်ကိုယ်ပိုင်ပုံရိပ်နဲ့ သွားနေတဲ့လူ တစ်ယောက်ဖြစ်တာမို့ ဥက္ကဋ္ဌကြီးဖြစ်သူက ဘယ်လောက်ပဲ ငွေကြေးချမ်းသာတယ်ပဲ ပြောပြော၊ ဘယ်လောက်ပဲ ပညာတတ်တယ်လို့ပဲ ပြောပြော ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော်က ကျွန်တော်တို့ပါတီက ပြိုင်ရမဲ့သူ၊ ဥက္ကဋ္ဌရဲ့ ပုံရိပ်နဲ့ ကျွန်တော့်ပုံရိပ်မှာ ကျွန်တော့်ပုံရိပ်က ဥက္ကဋ္ဌပုံရိပ်ထက် အရေးကြီးတယ်။ ဒါ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ဝါဒတစ်ခုပေါ့။ အဲဒီတော့ ကျွန်တော် နှစ်ပေါင်းမြောက်များစွာ ကိုယ့်ဒေသအတွက် အလုပ်လုပ်လာတဲ့ ကိစ္စတွေ။ ကိုယ့်ပြည်နယ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်လာတဲ့ ကိစ္စတွေရှိတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်နာမည် အပျက်မခံနိုင်ဘူး။ သူများတွေ အားလုံးကနေပြီးတော့ ပြောနေပြီ၊ ရေးသားနေပြီ၊ ဥက္ကဋ္ဌဖြစ်သူကနေ ဒါကို ရှင်းပြဖို့ လိုအပ်တယ်။ ရှင်းပြပေးပါဆိုပြီး ကျွန်တော် တောင်းဆိုလိုက်တယ်။ နောက်ရက်မှာ ကျွန်တော်တောင်းဆိုလိုက်တဲ့ အတွက်ကြောင့် UDP ပါတီကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ပုံရိပ်ပျက်စီးသွားတယ်လို့ ရေးသားဖော်ပြထားတဲ့အတွက်ကြောင့် တစ်သီးပုဂ္ဂ သီးခြားရပ်တည်လိုတဲ့ ဆန္ဒရှိရင် သီးခြားရပ်တည်ပါ ဆိုပြီးတော့ ပါတီကနေပြီးတော့ စာထုတ်ပြန်လာတယ်။ စာထုတ်ပြန်လာပြီး နောက်တစ်ရက်မှာ ကျွန်တော့်ကို ပြောရေးဆိုခွင့်က ရုတ်သိမ်းလိုက်တယ်။

မေး။   ။ နုတ်ထွက်ထားသူတစ်ယောက်၊ ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့၊ ရှေ့နေတစ်ယောက်အနေနဲ့ အခုကိစ္စကို ဘယ်လိုမြင်လဲ။

ဖြေ။    ။ နိုင်ငံရေးပါတီမှတ်ပုံတင် ဖျက်သိမ်းတာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကြည့်ဖို့လိုအပ်တယ်။ အခုလက်ရှိ UDP ဥက္ကဋ္ဌကြီး၊ ကျွန်တော်တော့ မသက်ဆိုင်တော့ဘူးပေါ့လေ၊ UDP ဥက္ကဋ္ဌကြီးကို ဖမ်းဆီးတယ်တို့ ထိန်းသိမ်းတယ်တို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ပြောလိုတာ တစ်ခုပဲရှိတယ်။ နိုင်ငံရေး မှတ်ပုံတင်တဲ့အချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း အတိအလင်း ရေးသားထားပြီးသား ဖြစ်တယ်။ သူ့ကို ဖမ်းဆီးတယ်ဆိုတာမှာ 224 လို့ခေါ်တာ၊ ပုဒ်မ ၂၂၄ နဲ့ပတ်သက်ပြီးမှ သူက ရဲဘက်ပြေး၊ ထောင်ပြေးပေါ့နော်။ သူနဲ့ဖော်ပြထားတာက ထောင်ဒဏ် ကိုးနှစ်ကျခံထားရပြီး ထွက်ပြေးသွားတယ်လို့ ရေးထားတယ်။ အမှန်တကယ် သူပြေးတဲ့ကိစ္စက မှန်ကန်တယ်ဆိုလို့ရှိရင် အဲဒီအချက်အလက်တွေ တိကျခိုင်မာတယ်ဆိုရင် ဥပဒေသမားတစ်ယောက် အနေနဲ့ပတ်သက်ပြီး ပြောရရင် ရှင်းတယ်ဗျာ၊ သူကျူးလွန်ခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်ပြီး သူခံရမှာပဲ။ ပုဒ်မ ၂၂၄ နဲ့ ပတ်သက်တာ နှစ်နှစ်သွားမယ်။ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်လည်း တစ်ပေါင်းတည်း ခံရမှာဖြစ်တယ်။ 224  နဲ့ပတ်သက်ပြီး တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာ အတိအကျပြနိုင်တာ မရှိသေးဘူးနော်၊ အဲဒါ ဂရုစိုက်ဖို့ လိုအပ်တယ်။

မေး။   ။ ပါတီအနေနဲ့ ဘယ်လို ဆက်ဖြစ်လာနိုင်လဲ။

ဖြေ ။   ။ အဲဒါကတော့ ရှင်းပါတယ်။ ခုနက ကျွန်တော်ပြောပြီးထားသလို ရွေးကောက်ပွဲပါတီ မှတ်ပုံတင်တဲ့ကိစ္စ။ သူ့ကို 224 အနေနဲ့ပဲ ဆွဲထားတာ၊ ရဲဘက်ပြေးအနေနဲ့ ဆွဲထားတာ၊ ထောင်ကနေ ထွက်ပြေးသွားတဲ့ လူတစ်ယောက်ကို ဖမ်းဆီးထားတယ်၊ စစ်ဆေးမေးမြန်းနေတယ် ဆိုတဲ့ကိစ္စပဲ ရှိတာကိုး။ အဲသလိုရှိတဲ့ အချိန်ကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ဘာမှ မသက်ဆိုင်ဘူးပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly