ကမ္ဘာတွင် အရှေ့တောင်အာရှက ထိပ်တန်းလက်တော့ပ် ထုတ်လုပ်သည့် ဒေသဖြစ်လာမည် 

ကမ္ဘာတွင် အရှေ့တောင်အာရှက ထိပ်တန်းလက်တော့ပ် ထုတ်လုပ်သည့် ဒေသဖြစ်လာမည် 

စက်တင်ဘာ ၃၀

အရှေ့တောင်အာရှသည် ၂၀၃၀ တွင် တစ်ကမ္ဘာလုံး၏ notebook personal computers များ၏ ထက်ဝက်ကို ထုတ်လုပ်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရပညာရှင်အဖွဲ့တစ်ရပ်က ခန့်မန်းသည်။ 

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အဓိက လက်တော့ပ်ထုတ်လုပ်ရာ ဒေသများအဖြစ် စာရင်းဝင်ခြင်းနှင့်အတူ အရှေ့တောင်အာရှသည် ကမ္ဘာ၌ လက်တော့ပ်အများဆုံး ထုတ်လုပ်ရာ ဒေသဖြစ်လာမည်ဟု ခန့်မှန်းခြင်းဖြစ်သည်။ 

ယင်းဒေသသည် တရုတ်၏ နေရာတွင် notebook PC များ ထုတ်လုပ်ရာ အချက်အချာဖြစ်လာမည်ဟု ဈေးကွက်ဆန်းစစ်ရေးနှင့် အတိုင်ပင်ခံအဖွဲ့ MIC အရ သိရသည်။ တရုတ်၏ အလုပ်သမား ကုန်ကျစရိတ် မြင့်မားခြင်းနှင့် တစ်ခုတည်းသော ဒေသအပေါ် အလွန်မှီခိုထားရမှု လျှော့ချရေး သဘောတရားများကြောင့် အရှေ့တောင်အာရှသို့ ဈေးကွက်ပြောင်းရွှေ့လာရန် မျှော်လင့်ရသည်။ 

ပြီးခဲ့သည့်နှစ်က တစ်ကမ္ဘာလုံး notebook PC ဈေးကွက်သည် အလုံးရေပေါင်း သန်း ၁၆၀ အထိ ထုတ်လုပ်ပြီး ယင်း ထုတ်လုပ်မှုတွင် တရုတ်က ၉၀ ရာခိုင်နှုန်း နေရာရယူထားသည်။ ထိုင်ဝမ်ကုမ္မဏီများ၏ ထုတ်လုပ်မှုအများဆုံးအဖြစ် တရုတ်က ယခုကဲ့သို့ ရပ်တည်ခဲ့ခြင်းဖြစ်ကာ အရှေ့တောင်အာရှမှာ ထုတ်လုပ်မှု၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်၏ notebook PC ထုတ်လုပ်မှု ဈေးကွက်ခွဲတမ်းသည် ၂၀၃၀ တွင် ၉၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် အင်တာဗျူးခြင်းများဖြင့် MIC က တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် အဓိက ထိုင်ဝမ်ကုမ္ပဏီဖြစ်သော Wistron က အမေရိကန်တံဆိပ် notebook PC များကို ဗီယက်နမ်တွင် ထုတ်လုပ်လာမည် ဖြစ်သည်။ 

အခြားသော အဆင့်တူ ထိုင်ဝမ်ကုမ္ပဏီများကြားတွင် Compal Electronics ကလည်း ဗီယက်နမ်တွင် ပြောင်းရွှေ့ထုတ်လုပ်ရေးကို စဉ်းစားသုံးသပ်လျက် ရှိပြီး ကမ္ဘာ့တတိယအကြီးဆုံး Quanta Computer ကုမ္ပဏီက ထိုင်းနိုင်ငံတွင် notebook PC များ ထုတ်လုပ်လာဖွယ်ရာ ရှိနေသည်။ 

Foxconn ဟု သိထားသော ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Hon Hai Precision Industry ကလည်း ဗီယက်နမ်တွင်ပင် ထုတ်လုပ်ဖြစ်လာဖို့ ရှိသည်။ 

ယခုနှစ်၌ note PC များ ထုတ်လုပ်ဈေးကွက်တင်မှုသည် ၆ ရာခိုင်နှုန်း ခုန်တက်ပြီး အလုံးရေ သန်း ၁၇၀ အထိ ရှိလာနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက ဆက်သွယ်ရေးနည်းပညာ အသုံးပြုမှုနှင့် အဝေးရောက် ပညာသင်ကြားခြင်းများကို မြင့်မားစေပြီး ဂူဂဲလ်၏ အော်ပရေးရှင်းစနစ်က လည်ပတ်သည့် Chromebooks များ ဝယ်လိုအားကိုလည်း မြှင့်တင်ပေးသည်။ 

တရုတ်၏ Lenovo Group၊ အမေရိကန်က HP နှင့် ထိုင်ဝမ်က Asustek Computer တို့သည် ၎င်းတို့၏ ကိုယ်ပိုင် Chromebooks များကို ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ ရာဂဏန််းအနည်းငယ်ဖြင့် ရောင်းချသည်။ ထို Chromebooks မော်ဒယ်အများစုမှ ထိုင်ဝမ်ကုမ္ပဏီများ၏ ကန်ထရိုက်စာချုပ်များအရ ထုတ်လုပ်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly