လွိုင်ကော် ကွာရန်တင်း စင်တာမှ ရန်ပြု ထွက်ပြေးရန် ကြိုးစားသူ ထောင်ဒဏ်ချမှတ်ခံရ

လွိုင်ကော် ကွာရန်တင်း စင်တာမှ ရန်ပြု ထွက်ပြေးရန် ကြိုးစားသူ ထောင်ဒဏ်ချမှတ်ခံရ
 Photo-ကယားပြည်နယ်ချစ်သူများအဖွဲ့

စက်တင်ဘာ ၃၀၊ ၂၀၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကွာရန်တင်း စင်တာမှ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ကျန်းမားရေး ဝန်ထမ်းများကို ရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားသူတစ်ဦး အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခံလိုက်ရကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှ လွိုင်ကော်မြို့သို့ စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လည် ဝင်ရောက်လာပြီး သတ်မှတ် အသွားအလာကန့်သတ်ထားသည့် Community Based Facility Quarantine Center တွင် ဝင်ရောက်နေသည့် နွားလဝိုးကျေးရွာအုပ်စု၊ ထီးလောခူ ကျေးရွာမှ အမျိုးသားတစ်ဦးက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို ရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ယင်းအမျိုးသားကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ၂၆/၂၉ ဖြင့် အမှုဖွင့်ကာ အရေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်တရားရုံးက တရားလိုနှင့် သက်သေများကို စစ်ဆေးခဲ့ပြီး တရားခံအား စက်တင်ဘာလ ၂၉ ရက်နေ့တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၉ အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်လ၊ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်သည်။

ကယားပြည်နယ်သည် ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကင်းစင်းနေသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်း အဝင်အထွက် စောင့်ကြည့်နေသည့် ဂိတ် ၁၀ ခုဖြင့် အထူးကြပ်မတ် ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly