ပိုမိုနွမ်းပါးတဲ့နိုင်ငံတွေအတွက် ကိုဗစ်-၁၉ အမြန်စမ်းသပ်ကိရိယာပေါင်း သန်း ၁၂၀ ရရှိနိုင်ကြောင်း WHO ပြော

ပိုမိုနွမ်းပါးတဲ့နိုင်ငံတွေအတွက် ကိုဗစ်-၁၉ အမြန်စမ်းသပ်ကိရိယာပေါင်း သန်း ၁၂၀ ရရှိနိုင်ကြောင်း WHO ပြော

စက်တင်ဘာ ၂၉ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ ဘဏ္ဍာငွေသာ အပြည့်အဝရရှိပါက ပိုမိုနွမ်းပါးတဲ့နိုင်ငံတွေအတွက် ကိရိယာတစ်ခုကို ငါးဒေါ်လာသာ ကျသင့်မယ့် ကိုဗစ်-၁၉ အမြန်စမ်းသပ်ကိရိယာပေါင်း သန်း ၁၂၀ လောက် ဝယ်ယူရရှိနိုင်တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  

အမေရိကန်ဒေါ်လာ သန်း ၆၀၀ စီမံချက်နဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရာမှာ သိသိသာသာ လစ်ဟာမှုဖြစ်နေတာတွေ နိဂုံးချုပ်စေဖို့ ဝင်ငွေနည်းနဲ့ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံတွေအတွက် ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ WHO က ပြောပါတယ်။ 

လာမယ့်ခြောက်လအတွင်းမှာ နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို ဖြန့်ဝေသွားမယ့် အဆိုပါ ရောဂါအမြန်စမ်းသပ်ကိရိယာတွေဟာ ပုံမှန် PCR နှာခေါင်းတို့ဖတ်စစ်ဆေးနည်းလောက် စိတ်မချရပေမယ့် ပိုမိုမြန်ဆန်ပြီး ဈေးသက်သက်သာသာနဲ့ အလွယ်တကူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။  

WHO ရဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ တက်ဒရော့စ် အက်ဟာနွန်ဂေဘရေ ရယ်ဆွတ်က “ကျွန်တော်တို့ သဘောတူညီမှု ရထားပြီးပါပြီ။ ကနဦးရန်ပုံငွေလည်း ရှိပါတယ်။ ဒီစမ်းသပ်ကိရိယာတွေဝယ်ဖို့ ငွေကြေးအပြည့်အဝလိုအပ်နေပါတယ်။ ရောဂါအမြန်စမ်းသပ်နိုင်တဲ့ ဒီကိရိယာတွေဟာ ဆန်းပြားရှုပ်ထွေးမှုမရှိဘဲ ဈေးသက်သက်သာသာနဲ့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အတွင်း အဖြေသိရှိနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် PCR နည်းနဲ့စမ်းသပ်ဖို့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတဲ့ ဒါမှမဟုတ် ဓာတ်ခွဲခန်းမရှိတဲ့ သွားလာရခက်တဲ့ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိရိယာယူနစ်တစ်ခုကို ငါးဒေါ်လာသတ်မှတ်ထားပါတယ်။ PCR စမ်းသပ်နည်းထက် ဈေးသက်သာပြီးတော့ ဈေးထပ်ချသွားဖို့ မျှော်လင့်ထားပါတယ်” လို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

အဆိုပါ အမြန်စမ်းသပ်ကိရိယာတွေကို အမေရိကန် Abbott Laboratories နဲ့ တောင်ကိုရီးယားအခြေစိုက် SD BioSensor ကုမ္ပဏီနှစ်ခုက ထုတ်လုပ်နေတာဖြစ်ပါတယ်။  

ကိရိယာအရေအတွက် သန်း ၁၂၀ ဆိုတာ ထုတ်လုပ်နိုင်တဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး တခြား ၈၀ ရာခိုင်နှုန်းလောက် ရရှိနိုင်ပါသေးတယ်လို့ သိရပါတယ်။ 

တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၁၆ ၀၀ နာရီ အထိ AFP က ကောက်ယူထားတဲ့ တရားဝင် စာရင်းတွေအရ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃ ၁၇၈ ၂၇၅ ဦးရှိပြီး ၁ ၀၀၂ ၄၃၂ ဦးသေဆုံးထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly