ပါရီမြို့တွင် အစွန်းရောက်တိုက်ခိုက်မှုများဖြစ်၊ လူပေါင်း ၁၂၀ ကျော်ထက်မနည်းသေဆုံး

ပါရီမြို့တွင် အစွန်းရောက်တိုက်ခိုက်မှုများဖြစ်၊ လူပေါင်း ၁၂၀ ကျော်ထက်မနည်းသေဆုံး

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာ ၁၃ ရက်က အစွန်းရောက်တိုက်ခိုက် မှုများဖြစ်ပွားရာ လူပေါင်း အနည်းဆုံး ၁၂၀ ကျော်ထက်မနည်းသေဆုံးပြီး နိုင်ငံတွင်လည်း အရေးပေါ် အခြေအနေ ထုတ်ပြန် ထားသည်။

ပါရီအရှေ့ပိုင်းရှိ ဘာလာစီလန် ဂီတပွဲတွင် လက်နက်ကိုင်များက ဝင်စီးပြီး ရော့ခ်ဂီတပွဲ လာကြသူများကို ဓားစာခံများအဖြစ် ထားကာ သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၀၀ နီးပါးသေဆုံး သည်။ ရဲက ယင်းဂီတပွဲအဆောက်အအုံကို ဝင်စီးကာ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားသည်။

အမေရိကန် ရော့ခ်ဂီတအဖွဲ့ Eagles of Death Metal ဂီတပွဲ လူအုပ်တွင်းသို့ ပစ်ခတ်တိုက်ခိုက်ကြရာတွင် တိုက်ခိုက်သူတစ်ဦးက "အလာဟ်က ကြီးမြတ်ကြောင်း" ဟစ်ကြွေးလိုက်ကြောင်း မျက်မြင် တစ်ဦးက ပြောသည်။ ဂီတပွဲတွင် အနည်းဆုံး သေနတ်သမား သုံးဦးကို ပစ်သတ်ခဲ့ရသည်။

ပါရီမြို့သူမြို့သားများအား အိမ်တွင်းမှာပင်နေကြရန် တိုက်တွန်းထားပြီး မြို့အနှံ့ စစ်သားအင်အား ၁၅၀၀ ကို ဖြန့်ကြက်ထားသည်။ တိုက်ခိုက်သူများက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့ကြသည်ဟု သမ္မတ ဖရန့်စွာအော်လန်းက ပြောသည်။

ထိုပြင် Le Carillon၊ Le Petit Cambodge၊ La Belle Equipe အရပ်များတွင်လည်း သေနတ်ပစ်ခတ်မှုများဖြစ်ပွားသည်။ ပြင်သစ်-ဂျာမနီ ဘောလုံးပြိုင်ပွဲကျင်းပနေရာ ပါရီမြို့မြောက်ပိုင်းရှိ Stade de France အနီးတွင်လည်း အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့သည်။

အပြစ်မဲအရပ်သားများအပေါ် ယုတ်မာရိုင်းစိုင်းစွာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သမ္မတအိုဘားမားက ပြောပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကလည်း ယခုဖြစ်ရပ်ကြောင့် တုန်လှုပ်ခြောက်ခြားရပြီး တတ်အားသရွှေ့ ကူညီသွားမည်ဟု ကတိပေးပြောကြားခဲ့သည်။

Ref ; BBC/CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly