စပိန်မြို့တော် မက်ဒရစ်မှာ လော့ဒေါင်းချမှတ်ခံရတဲ့ရပ်ကွက်တွေ များလာမှုအပေါ် ဆန္ဒပြ 

စပိန်မြို့တော် မက်ဒရစ်မှာ လော့ဒေါင်းချမှတ်ခံရတဲ့ရပ်ကွက်တွေ များလာမှုအပေါ် ဆန္ဒပြ 
Photo - AFP

စက်တင်ဘာ ၂၈  

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့အတွက် တစ်စိတ်တစ်ပိုင်းလော့ဒေါင်းချမှတ်မှုကို မြို့တော် မက်ဒရစ်ရဲ့ မြို့နယ်ရပ်ကွက်တွေမှာ ထပ်တိုးပြီးလုပ်ဆောင်မယ့် အစီအစဉ်ကို မကျေနပ်တဲ့ ပြည်သူတွေဟာ စက်တင်ဘာလ ၂၇ ရက်က လမ်းမပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

မြို့တော်မက်ဒရစ်နဲ့ အနီးဝန်းကျင်ဒေသတွေဟာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းဗဟိုချက်ဖြစ်နေတာပါ။ 

မက်ဒရစ်တောင်ပိုင်းက လူဦးရေသိပ်သည်းပြီး ဝင်ငွေနည်းပါးတဲ့ ရပ်ကွက်ပေါင်း ၃၇ ခုက လူဦးရေ ၈၅၀ ၀၀၀ ခန့်ဟာ စက်တင်ဘာ ၁၂ ရက်ကစပြီး အသွားအလာကန့်သတ်ခံထားရပါတယ်။ သူတို့ရဲ့ ပိုင်နက်အတွင်းမှာ လွတ်လွတ်လပ်လွပ်သွားလာနိုင်ပေမယ့် အလုပ်၊ ကျောင်းနဲ့ ဆေးခန်းတွေကလွဲပြီး ဘယ်နေရာကိုမှ သွားခွင့်မရဖြစ်နေကြပါတယ်။ 

ရပ်ကွက်ပန်းခြံတွေကိုလည်းပိတ်ခိုင်းထားပြီး ညစာစားတာနောက်ကျတဲ့အလေ့အထရှိတဲ့တိုင်းပြည်မှာ စားသောက်ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ည ၁၀ နာရီမှာ ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။  

မက်ဒရစ်က ကျန်းမာရေးအာဏာပိုင်တွေက တနင်္လာနေ့ကစပြီး လူဦးရေ ၁၆၇ ၀၀၀ ကျော်ခန့်နေထိုင်ကြတဲ့ နောက်ထပ် ရက်ကွက် ရှစ်ခုမှာ အသွားအလာကန့်သတ်မှု ထပ်မံလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။  

အခုလိုညွှန်ကြားချက်ဟာ စပိန်လက်ဝဲယိမ်းဗဟိုအစိုးရရဲ့ တစ်မြို့လုံးကို တစ်စိတ်တစ်ပိုင်းလော့ဒေါင်းချမှတ်မယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး။  

ဒါကြောင့် ရာနဲ့ချီတဲ့ပြည်သူတွေက မြို့တော်တောင်ပိုင်း ဗယ်လေးကက်စ်မှာရှိတဲ့ ပါလီမန်အဆောက်အအုံပြင်ပမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။  

ဆန္ဒပြမှုမှာပါဝင်တဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ အန်တိုနီရိုက “ပြဿနာက ကျွန်တော်တို့တွေဟာ မြို့နယ်ရပ်ကွက်တွေမှာ ပိတ်ပိနေတာပါ။ ပြင်ပလူနာဆေးခန်းတွေမှာလည်း ဆရာဝန်တွေက နည်းနည်းပါးပါးပဲရှိပါတယ်။ အဲဒီဆေးခန်းတွေကလည်း ပုဂ္ဂလိပိုင်တွေဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေမရှိတဲ့အတွက် ကျွန်တော်တို့သွားလည်း ဂရုမစိုက်ကြပါဘူး။ ကျန်းမာရေးစီမံချက်တွေသာ ထား, ထားမယ်ဆိုရင်တော့ အသွားအလာကန့်သတ်မှုက အဆင်ပြေမှာပါ။ ဆရာဝန်နဲ့ သူနာပြုတွေ ပို့ရမယ့်အစား အာဏာပိုင်တွေက ဆန္ဒပြတဲ့လူတွေကိုဖမ်းဖို့ ရဲ‌တွေပဲ စေလွှတ်နေပါတယ်” လို့ ပြောပါတယ်။  

စီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆန္ဒပြသူ အန်နာက “ဒီနေ့ စုရုံးဆန္ဒပြတဲ့အကြောင်းက မက်ဒရစ်ဒေသဆိုင်ရာဥက္ကဋ္ဌ မစ္စစ် ယူဆိုရဲ့ အသွားအလာကန့်သတ်မှုအမိန့်ကို ဆန္ဒပြဖို့ပါ။ ဒါဟာ အသွားအလာကန့်သတ်တာမဟုတ်ဘူး နေရာဒေသခွဲခြားလိုက်တာပါ။ ဒီကိစ္စကြောင့် ရပ်ကွက်တွေက ဒေါသထွက်နေကြပါတယ်။ ဘယ်မှမသွားရဘူးဆိုတဲ့ ဒီလိုအဓိပ္ပါယ်မရှိတဲ့ သတ်မှတ်ချက်တွေကို ဆန္ဒပြရပါမယ်” လို့ ဆိုပါတယ်။  

‘လူချမ်းသာတွေကိုတော့ အသွားအလာမကန့်သတ်ဘူး’ လို့ရေးထားတဲ့ စာတန်းတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပြီး လူငယ်တွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ကလေးလက်တွန်းလှည်းတွန်းလာတဲ့ မိဘတွေပါ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။  

စပိန်တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀ ၀၀၀ သိန်းကျော်ရှိပြီး လူပေါင်း ၃၁ ၀၀၀ ထက်မနည်း သေဆုံးထားကာ ဥရောပသမဂ္ဂမှာ ကူးစက်မှုနှုန်းအများဆုံးနိုင်ငံဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly