မြစ်ရေ စည်းချက် ဧရာဝတီ - ၁၆

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၆

ရွှေလီ မြစ်ဆုံ 

ကသာမြို့ကို တစ်ပတ်လောက်ပတ်ပြီး ကမ်းနားဆင်း သင်္ဘောပေါ်တက် သင်္ဘောထွက်၊ နွေရာသီဆို တော့ ဧရာဝတီမြစ်ရေတွေက ကြည်လင်နေပြီး သင်္ဘောဦးပိုင်းကနေ လက်ဝဲဖက်က သောင်ပြင်တွေ၊ သောင်ပြင်တွေပေါ်မှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေနဲ့ လက်ယာဖက်က စိမ်းလမ်းစိုပြေ နေတဲ့ တော တောင်တွေရဲ့ အလှတွေကို တွေးကာ၊ ငေးကာ တွေးတောစဉ်းစားရင်း၊ ဧရာဝတီမြစ်ရေ ဟာလည်း တည်တည်ငြိမ်ငြိမ်ပဲ စီးဆင်းနေပါတယ်။  

ကသာမြို့အထွက် မလှမ်းမကမ်းနားအရောက် ကသာ-ပုလွေရွှေ ဧရာဝတီမြစ်ကူးတံတား ဆောက်ဖို့ နေရာကို ဒေသခံတစ်ဦးက ပြပါတယ်။ ဒီတံတားကြီးတည်ဆောက်ပေးနိုင်ပါက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းစတဲ့ လေးပွင့်ဆိုင် အချက် အချာကျပြီးဒေသအကျိုးပြုမှု များစွာဖြစ်ထွန်းစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။ ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရကို တောင်းဆိုတင်ပြထားတဲ့ အဆင့်ပဲရှိ သေး တယ်လို့လည်း သိရပါတယ်။ တံတားအရှည် (၃) မိုင်ခန့် ရှည်လျားမှာဖြစ်ပြီး ပေ ၁၅၀၀၀ ကျော် ရှိမှာဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျစရိတ် ကျပ်ငွေ ၁၂၇ ဘီလီယံ ကျော်ခန့်ကုန်ကျ လိမ့်မယ် လို့လည်း သိရပါတယ်။ 

မြစ်ကူးတံတားဆောက်ဖို့ တင်ပြထားတဲ့နေရာကနေ ဆက်သွားလို့ မြစ်ရေပြင်ရဲ့ အလယ် တွေမှာ သောင်ထွန်းနေတာ မတွေ့ရတောဘဲ ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်းကို တာဝါတိုင် ကြီးနဲ့ လျှပ်စစ်ဓာတ်ကြိုးကြီးတွေ သွယ်တန်းထားတာကို မြင်တွေ့ရပါတယ်။ လက်ဝဲဖက် မှာတော့ စိုက်ခင်းတွေနဲ့ လူနေတဲတွေကို တွေ့ရပါတယ်။ ဒီနေရာမှာတော့ မြစ်ရဲ့တစ်ဖက် ကိုသာ သောင်ထွန်းတာတွေ့ရပါတယ်။ 

မြစ်ကို စုန်ဆင်းလို့ ခဏအကြာမှာတော့ ရေလယ်ကောင်မှာ သဲသောင်ကြီးတစ်ခု ပေါ်နေ တာတွေ့ရပါတယ်။ လူလည်းမရှိ၊ ရေတက်တက်အခါတော့ သေချာပေါက် ရေမြုပ်မှာဖြစ် ပါတယ်။ ဆက်သွားတဲ့အခါ မြစ်ရဲ့လက်ဝဲဖက်အခြမ်းမှာ မြစ်ကျိုးအင်းလို သောင်ပြင်ကြီး ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဆက်သွားလေလေ ရေလယ်မှာရော ဘေးတွေမှာရော သောင် တွေ ထွန်းနေတာတွေ့ရပြီး ဧရာဝတီမြစ်ကြီးဟာ အကျည်းတန်သွားတယ်လို့တောင် ထင် မိပါတယ်။  

ဒါပေမယ့်လည်း ဟိုးယခင်ကတည်းက ဖြစ်ပေါ်လာတဲ့ မြစ်ကျိုးအင်းကြီးတွေ တိမ်ကော သွားလို့ အဲဒီမှာ စိုက်ခင်းတွေ လုပ်ကြပြီး အထူးသဖြင့် မြေပဲလို ဆီထွက်သီးနှံတွေ စိုက်ပျိုးကြတာဟာလည်း ဧရာဝတီရဲ့ အကျည်းတန်အလှလို့ ပြောရမှာပဲဖြစ်ပါတယ်။ သောင်ပြင်တွေကတော့ အကြီးကြီးတွေပဲဖြစ်ပါတယ်။ သင်္ဘောကလည်း ကွေ့ကွေ့ ကောက်ကောက် သွားတဲ့အခါလည်း သွားနေရပါတယ်။ တချို့နေရာတွေက ရေအရမ်း တိမ်တယ်လို့လည်း ခရီးသည်အချို့ပြောသံကိုလည်း ကြားရပါတယ်။ တချို့နေရာတွေဆို မြစ်ကကျဉ်းသွားပြီး သောင်တွေက ပိုလို့တောင် ကြီးမားနေတာကို တွေရပါတယ်။ မိုးတွင်းအခါမှာတော့ အဲဒီနေရာတွေမှာ ‌ရေတွေပြည့်နေပြီး မြစ်ပြင်ကြီးကလည်း အလွန်ကျယ်တယ်လို့လည်း ပြောကြပါတယ်။ 

တစ်နေရာရောက်တော့ မြစ်က နှစ်မွှာဖြစ်သွားပါတယ်။ သောင်ကြီးဖြစ်ပေါ်နေပြီး ရေလယ်ကျွန်းကြီးဖြစ်နေပါတယ်။ လက်ဝဲဖက်ကို သွားမယ်ဆို နေရာတစ်ခုမှာ ရေက အရမ်းကိုနည်းသွားတာရယ်၊ တိမ်သွားတာရယ်၊ လမ်းခရီးကလည်း မဖြောင့်ဖြူးတာရယ် ကြောင့် မြစ်ကို တည့်တည့်ပဲ သွားရပါတယ်။ သောင်ကြီးလည်းဆုံးရော ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ ရွှေလီမြစ်နဲ့ ဧရာဝတီမြစ်ဆုံကို တွေ့ရပါတော့တယ်။ တစ်ဖက်ကတော့ အင်းရွာ လို့ခေါ်တဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ 

 ရွှေလီမြစ်ကိုတော့ ရှမ်းလို နမ့်မောင်း၊ တရုတ်မှာဆို ရွေ့လိကျန်း (Rui Li Jiang)လို့ ခေါ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသများမှာ စတင် မြစ်ဖျားခံပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်း တို့ကိုဖြတ်သန်းလို့  တကောင်း မြို့မြောက်ဘက်ကနေ စီးဆင်းနေတာပါ။ 

ရွှေလီမြစ်ဟာ တိုင်အနွယ်များလို့ခေါ်တဲ့ နိုင်ငံတွင်း ရှမ်းလူမျိုးတွေနဲ့ ကြီးမားတဲ့ ဆက်နွယ်မှုရှိလို့ မောဝ်ရှမ်းတို့ဟာ ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပြီး ပုဂံ အနော်ရထာမင်းရဲ့ ဟန့်တားမှုကြောင့် မူလနေရာများကို ပြန်လည်ရောက်ရှိသွား ခဲ့ကြတယ်လို့လည်း သိရပါတယ်။   ပုဂံခေတ်မကုန်ဆုံးမှီ ရှမ်းတွေရဲ့ ဩဇာအင်အားမှာ တစ်စတစ်စကြီးထွားလာပြီး ပုဂံခေတ်ကုန်ဆုံးပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ ပင်းယ-စစ်ကိုင်းခေတ်များ ပျက်သုဉ်းရခြင်းမှာ မောဝ်ရှမ်းတွေရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း သမိုင်းများမှာ မှတ်တမ်းတင်ထားတာကိုလည်း စာအုပ်တွေမှာ ဖတ်ရှုရပါတယ်။ 

တောင်ငူ-ဟံသာဝတီခေတ်မှာတော့ ဘုရင့်နောင်ရဲ့ သိမ်းသွင်းမှုကြောင့် ရှမ်းတွေဟာ မှားယွင်းတဲ့ အယူဘာသာများမှ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြတယ်လို့ ဆိုပါတယ်။ တစ်ခါ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲများမှာလည်း ရွှေလီမြစ်ဟာ မြန်မာတို့ရဲ့ နယ်ချဲ့တွန်းလှန်ရေးသမိုင်းမှာ ပါဝင်ခဲ့ တယ်လို့လည်း မှတ်သားရပါတယ်။  

ရွှေလီမြစ်ရဲ့ ရေစီးနှုန်းဟာ အင်မတန်ကို နည်းပါးပြီး ဟိုးအထက်ပိုင်းမှာ ဒဏ်ရာဒဏ်ချက် တွေ ရှိနေတာ ခန့်မှန်းလို့ ရပါတယ်။ ရွှေလီ မြစ်စဉ်အတိုင်း ဆန်တက်သွားရင်တော့ တရုတ်-မြန်မာ နယ်နိမိတ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံတွင်းဝင်ရောက်သွားမှာ ဖြစ်ပါ တယ်။  

 တရုတ်နိုင်ငံရဲ့ ထိန်ယွေး(မိုးမျဉ်း)နယ် အရှေ့မြောက်ဘက် မိုင် ၆ဝ ခန့်အကွာက မြစ်ဖျား ခံခဲ့ပြီးနောက်၊ အနောက်တောင် ဘက်သို့ စီးဆင်းကာ မိုင်းမော၊ နမ့်ခမ်းမြို့များအနီးမှ ဖြတ်သန်းလို့ မိုးမိတ်နယ်ထဲ ဝင်ပြီး မြစ်ဆုံရွာအနီး ရောက်သော အခါ မြောက်ဘက်ကို မြစ်ကြောင်း တစ်ဖန်လှည့်ကာ ကသာမြို့နယ်ရဲ့ တောင်ဘက် မိုင် ၂ဝ ခန့်ကွာဝေးတဲ့ အင်းရွာနားကနေ ဧရာဝတီ မြစ်ထဲကို စီးဝင်တာပဲ ဖြစ်ပါတယ်။ ရွှေလီမြစ်ဟာ ကူးသန်း သွားလာရေးမှာ သိပ်ပြီး အသုံးမဝင်ပေမယ့် သစ်ဝါးမျှောဖို့သာ သုံးကြပါတယ်။ ဧရာဝတီ မြစ်ထဲကို စီးဝင်ခါနီး ရွှေလီမြစ်ရဲ့ အောက်ပိုင်း ဒေသတွေမှာ သစ်တောကြီးတွေ ရှိတယ် လို့လည်း သိရပါတယ်။ 

ဧရာဝတီနဲ့ ရွှေလီမြစ်တို့ဆုံရာ မြစ်ဆုံဒေသမှာတော့ သောင်တွေထွန်းနေတာ အင်မတန် ကို ကြည့်ရဆိုးလှပါတယ်။ ဧရာဝတီမြစ်ဝမှာ အနယ်တွေလာပို့ချသလိုဖြစ်နေပြီး ပြုပြင်မှု လည်း မရှိပါဘူး။ နိုင်ငံတကာမြစ်တွေကို လေ့လာထားတဲ့သူတစ်ယောက်အဖို့တော့ စိတ် ပျက်စရာ မြင်ကွင်းတစ်ခုပဲဖြစ်နေပါတယ်။ မိုးတွင်းဆိုရင်တော့ ရေများရင်များသလို ဒီသောင်တွေဟာ မြုပ်သွားပြီး ရေပြင်ကြီးဖြစ်နေတယ်လို့ အမြဲတမ်းခရီးသွားတစ်ယောက် က ပြောပါတယ်။ 

ကသာ၊ အင်းရွာကနေ အောက်ဖက် စုန်ဆင်းလေလေ မြစ်ထဲမှာ သောင်တွေကို ဟိုတစ် ကွက်၊ ဒီတစ်ကွက် တွေ့ရလေပါပဲ။ သောင်ပြင်တွေကလည်း သုံးကီလိုမီတာလောက် ဧရာမအကြီးကြီးတွေဖြစ်ပါတယ်။ အင်းရွာကနေ ထီးချိုင့်မြို့ကို မိုင် ၂၀ လောက်သွားရပါ တယ်။ ထီးချိုင့်မြို့ဟာ ရန်ကုန် - မြစ်ကြီးနား လမ်းပေါ်က မြိုကလေးတစ်မြို့လို့လည်း ပြောလို့ရပါတယ်။  ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly