ပြည်ခိုင်ဖြိုး အောင်ပွဲခံသွားသော မိတ္ထီလာ

မိတ္ထီလာ (Myanmar Now)  -ရွေးကောက်ပွဲညသန်းခေါင်ယံတွင် မိတ္ထီလာမြို့  ကိုလိုနီခေတ်လက်ကျန် အဆောက်အဦတစ်ခု၏ အပေါ်ထပ် အခန်းငယ်ထဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ အကဲခတ်များကမဲလက်မှတ် စစ်ဆေးရေတွက်နေသောမဲရုံအရာရှိတစ်ဦး၏ လှုပ်ရှားမှုများကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

မဲရုံအရာရှိကအဝါရောင်မဲလက်မှတ်များကိုတစ်ခုပြီးတစ်ခုကောက်ယူကာ   “ဒေါက်တာမောင်သင်း၊ ဒေါက်တာမောင်သင်း”ဟူသော   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး၏ အမည်ကိုစက္ကန့်မလပ်    ကြေညာသံကခပ်ကျဉ်းကျဉ်းအခန်းငယ်ထဲတွင် အချက်ကျကျပေါ်ထွက်နေသည်။

အခန်းတွင်းရောက်ရှိနေသူများထဲတွင် မိတ္ထီလာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ အဓိကပြိုင်ဘက် ဒေါက်တာဝင်းစိုးဦးလည်းပါဝင်သည်။
“ဒီရလဒ်က ကျွန်တော့်ကိုလုံးဝမှင်သက်မိစေတယ်ဗျာ။ လုံးဝထင်မထားဘူး”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဒေါက်တာဝင်းစိုးဦးကမျှော်လင့်မထားသောရူံးနိမ့်မှုကြောင့် မခံမရပ်နိုင်ဖြစ်ပြီးခပ်တိုးတိုးပြောလိုက်သည်။

ဒေါက်တာမောင်သင်းရရှိသောခိုင်လုံမဲပမာဏက၉၆,၃၁၄။  NLD ဒေါက်တာဝင်းစိုးဦးရသောပမာဏက၅၉,၂၇၇ ဖြစ်သည်။ မိတ္ထီလာတွင်ပြည်သူ့လွှတ်တော်အတွက်သာမကအခြားလွှတ်တော်များအတွက်ပါ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ နိုင်သွားပြီဟူသောရလဒ်ကမဲလက်မှတ် ရေတွက်မှုစောင့်ကြည့်သူများထံမှ ထွက်လာသည်။

ပြည်ခိုင်ဖြိုးပါတီက မြန်မာနိုင်ငံအနှံ့အပြားတွင် NLD ကိုအကြီးအကျယ် ရှုံးနေသော်လည်းမိတ္ထီလာမဲဆန္ဒနယ်များတွင်တော့ ပြည်ခိုင်ဖြိုးကအပြတ်အသတ် အနိုင်ရသွားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနေ့နှင့် မတိုင်မီနေ့များကမိတ္ထီလာမြို့ပေါ်တွင်မဲပေးရန်တက်ကြွ နေသည့် မြို့ခံတို့၏ စကားဝိုင်းများတွင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးမျှော်လင့်ချက်ကနေရာယူထားကြသည်။

ရွေးကောက်ပွဲအပြီးနောက်တစ်နေ့ ရလဒ်များအကြမ်းဖျဉ်းသိရှိပြီးချိန်တွင်တော့  သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များပျောက်ကွယ်သွားသည်။

အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးကသူနှင့် သူတို့ရွာသားအများစုမဲထည့်ခဲ့ကြသည့် NLD ရှုံးသွားသည့်အတွက် များစွာအရှက်ရမိသည်ဟုဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတ္ထီလာသည် ၂ဝ၁၃ နှစ်ဆန်းပိုင်းက ဘာသာရေး အဓိကရုဏ်းအကြီးအကျယ် ဖြစ်ပွားခဲ့ရာဒေသ ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် လေ့လာစောင့်ကြည့် သူတို့၏  စိုးရိမ်တကြီး အာရုံစိုက်စရာဒေသတစ်ခု   ဖြစ်လာသည်။

ထိုအဓိကရုဏ်းကြောင့် ၄၄ဦးသေဆုံးခဲ့ကြောင်းအစိုးရထုတ်ပြန်ခဲ့သည့်သတင်းများအရသိရသည်။ အိမ်ခြေ၁,ဝဝဝခန့်ပျက်စီးဆုံးရူံးခဲ့သည်ဟုဆိုသည်။မြို့ခံတချို့ကတော့ ထိုအရေအတွက်ထက်   နှစ်ဆကျော် သေဆုံးသည်ဟုခန့်မှန်းကြသည်။

 

မဘသလှုပ်ရှားမှု

မိတ္ထီလာသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) လှုပ်ရှားမှုများအားကောင်းသည့် ဒေသများထဲတွင် ပါဝင်သည်။

ရွေးကောက်ပွဲမတိုင်ခင် ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများကိုကန့်ကွက်သည့် NLD ပါတီသည် မဘသအဖွဲ့နှင့် ဆန့်ကျင်ဘက် ဖြစ်လာမှုကလည်းမဲဆွယ်ပွဲများတွင် ထင်ဟပ်ခဲ့သည်။

မိတ္ထီလာတွင်လည်းမဘသ၏တရားပွဲများကိုရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုအထိကျင်းပပြီးအမျိုးစောင့်ဥပဒေမထောက်ခံသည့်ပါတီကိုမဲမထည့်ရန် ဟောပြောပြီးစာရွတ်စာတန်းများဖြန့်ဝေသည်ဟု
မိတ္ထီလာခရိုင်ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက်  ပြန်ကြားရေးတာဝန်ခံဦးအောင်သိန်းကပြောသည်။

“ထုံးစံအတိုင်းပေါ့ဗျာ၊ မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့ပါတီကိုမဲထည့်ရင် ကုလားပြည်ဖြစ်မယ်၊ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်ပေါ့ အဲဒါတွေပေါ့ဗျာ”ဟု၎င်းကတရားပွဲများအကြောင်းရှင်းပြသည်။

ရွေးကောက်ပွဲအကြိုကာလနေရာအများအပြားတွင် NLD ပါတီကိုပုတ်ခတ်ပြောဆိုသည့် တရားခွေ ကျယ်လောင်စွာဖွင့်ကြခြင်းကလည်း   ဒေသတွင်းမဲဆန္ဒရှင်များကို ဝေဝါးစေနိုင်ကြောင်း အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးကပြောသည်။

“တရားခွေတွေကိုဒီလ၇ရက်နေ့အထိ  (ရွေးကောက်ပွဲမတိုင်ခင် ၁ ရက် အလိုအထိ) ဖွင့်နေတုန်းပဲ”ဟုသူ့မဲဆန္ဒနယ်တွင် ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံကိုရှင်းပြသည်။

ပြည်ခိုင်ဖြိုးပါတီမှအနိုင်ရသွားသောဒေါက်တာမောင်သင်းကမူဘာသာရေးလှုံ့ဆော်မှုများပါဝင်သည့် သီချင်းများဖွင့်လှစ်ပြီးမဲဆွယ်ခြင်း၊ ကျေးလက်ဒေသပါတီဝင်တို့ကNLD ဆန့်ကျင်ရေး တရားခွေဖွင့်ခြင်းတို့နှင့် ပတ်သက်သည့် စွပ်စွဲချက်များကိုသူကငြင်းဆိုသည်။

“ကျွန်တော်တို့ဖြန့်ဝေတာက ပြည်ခိုင်ဖြိုးရဲ့မဲဆွယ်စည်းရုံးရေးသီချင်းခွေတွေဝေတာမျိုးတော့ရှိပါတယ်။  မဘသနဲ့ပတ်သက်တဲ့တရားခွေတွေဘာတွေတော့မသိပါဘူး”ဟုသူကပြောသည်။

မဘသ၏ လှုပ်ရှားမှုနယ်မြေတစ်ခုဖြစ်သောမိတ္ထီလာတွင် အစိုးရကဖွံ့ဖြိုးရေးလုပ်ငန်းအများအပြားဖော်ဆောင်ခဲ့ပြီးရွေးကောက်ပွဲရက်နီးလာချိန်တွင်လည်းသမ္မတဦးသိန်းစိန် သွားရောက်ခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလဦးသိန်းစိန်၏ အခြားခရီးစဉ်များကဲ့သို့ပင် မိတ္ထီလာသို့သွားရောက်စဉ် ပြည်ခိုင်ဖြိုးပါတီများ ကြိုဆိုကြပုံကိုအစိုးရထိန်းချုပ်ထားသည့် မီဒီယာများတွင် အသားပေးဖော်ပြခဲ့သည်။

မဲစာရင်း

၂ဝဝ၇ သံဃာ့လှုပ်ရှားမှုတွင် အရှင်ဂမ္ဘီရဟုနာမည်ကျော်ခဲ့သူဦးညီညီလွင်နှင့် မိသားစုဝင်တို့မှာ NLD ကိုထောက်ခံသော်လည်းမဲစာရင်းတွင် ၎င်းတို့၏အမည် မပါဝင်သောကြောင့် မဲပေးခွင့် ရရှိရေးအတွက် မိတ္ထီလာတွင်ပင် လျှောက်လွှာတင်ခဲ့ရသည်ဟုမိသားစုဝင်တစ်ဦးကပြောသည်။မဲပေးခွင့်လျှောက်ထားရန်မလိုဘဲမဲရုံသို့ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယား တို့ကို ယူဆောင်သွားလျှင်လည်း မဲပေးနိုင်ပါသည် ဟူသောဒေသတွင်းသတင်းလွှင့်မှုများကို ၎င်းတို့မိသားစုကအယုံအကြည် မရှိခဲ့ဟုရှင်းပြသည်။

မဲစာရင်းတွင် အမည်မပါဝင်သောရန်မျိုးအောင်ရပ်ကွက် နယ်မြေ၁၂ မှ  ဦးကျော်ဋ္ဌေးက   ရွေးကောက်ပွဲမတိုင်ခင် ကာလကတည်းက မဲဆန္ဒရှင်သက်သေခံကတ်ပြား ရရှိထားသော်လည်း မဲပေးခွင့်မရခဲ့ဟု ဆိုသည်။

“ (မဲရုံရောက်တော့) မဲပေးလို့မရဘူးတဲ့။ အမှတ်စဉ်နဲ့နံပတ်မပါတော့ ပေးလို့မရဘူးလို့ ပြောတယ်။ ရပ်ကွက်ထဲမှာမဲပေးခွင့်မရှိတာအယောက် ၅ဝလောက်ရှိပါတယ်”ဟုသူကပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် NLD ကိုမဲထည့်ပါက ၂ဝ၁၃ခုနှစ်ကကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုးထပ်မံဖြစ်ပွားလိမ့်မည်ဟူသည့် သတင်းလွှင့်ချက် မြို့တွင်းနေရာတချို့တွင်   ပေါ်ပေါက်လာသည်ဟု ခရိုင်ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက်မှ ဦးအောင်သိန်းကပြောသည်။

ထိုသတင်းလွှင့်ချက်ကြောင့် NLD ထောက်ခံသူအစ္စလာမ်တချို့ မဲရုံသို့ သွားရောက်ခြင်းမရှိတော့ကြောင်း၊ ထိုအချက်သည်လည်းမိတ္ထီလာတွင် ပြည်ခိုင်ဖြိုးအားသာစေသည့် အချက်တစ်ခု   ဖြစ်ကြောင်းသုံးသပ်သည်။

"စာရင်းတွေပြန်ကြည့်တဲ့အခါမှာမွတ်စလင် (ရပ်ကွက်) မဲရုံတွေအားလုံးဟာNLDမဲတွေပဲလေ။ ပြည်ခိုင်ဖြိုးမဲတွေကအင်မတန်နည်းပါတယ်”ဟုသူကပြောသည်။

စစ်သားတို့၏ ဆန္ဒမဲ

မိတ္ထီလာမြို့အနီးတပ်မတော်ရိက္ခာထောက်ပံ့ပို့ဆောင်ရေးတပ် အဝင်ဂိတ်ပေါက်တွင် လုံခြုံရေးတာဝန်ကျ တပ်မတော်သားသုံးဦးမှာရွေးကောက်ပွဲနေ့တွင် ကနဦးမဲပေးကြသူများထဲတွင် ပါဝင်သည်။

၎င်းတို့ထဲမှ တစ်ဦးကိုမဲပေးသည့်အကြောင်းမေးမြန်းရာတွင် ဖြေကြားရန်ငြင်းဆိုသည်။  ဂိတ်ပေါက်ကိုကျော်ဖြတ်သွားပြီးနောက်  တွေ့ရသောဘောလုံးကွင်းအနီးမဲရုံရှေ့တွင် ရာနှင့်ချီသော တပ်မတော်သားများမဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသည်။

အသားခပ်လတ်လတ်၊  အသက် ၄ဝ ဝန်းကျင်အရွယ်၊ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးကစစ်သားများကိုစောင့်ကြည့်နေသည်။

“တပည့်တွေ မလုပ်တတ်မှာစိုးလို့ (မဲ) အရင်ထည့်တာပါ။ မဲရုံမှူးရှိတယ်။  မဲရုံမှူးပြောတဲ့စည်းကမ်းချက်အတိုင်းလိုက်လုပ်ပေးရတာပါပဲ”ဟုသူကပြောသည်။ ထိုအရာရှိက သူ့အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

မိတ္ထီလာမြို့မဲပေးခွင့်ရှိသူတပ်မိသားစုဝင်ပေါင်း၁၅,ဝဝဝနီးပါးရှိပြီးNLD ၏ အမတ်လောင်းတစ်ဦးဖြစ်သူဒေါက်တာဝင်းစိုးဦးကတပ်မတော်သားတို့၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီးသံသယရှိနေသည်။

“တပ်မဲရုံတွေကရတဲ့မဲတွေကတပ်သားတွေရဲ့ဆန္ဒအမှန်ကိုကိုယ်စားမပြုနိုင်ဘူး”ဟုသူကပြောသည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၄ ဦးထဲတွင်  တက္ကသိုလ်ပါမောက္ခချုပ်ဟောင်းဒေါက်တာမောင်သင်းတစ်ဦးသာအနည်းငယ် ထင်ရှားသူ ဖြစ်သည်။

မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များအနိုင်ရခဲ့ခြင်းမှာမဲဆွယ်ကာလရက်ပေါင်း ၅ဝ ကျော်အတွင်းကျေးရွာပေါင်း ၃၆ဝ ကျော်ကိုပါတီလုပ်ငန်းစဉ်များဟောပြောစည်းရုံးခဲ့ခြင်း၊ မိတ္ထီလာတက္ကသိုလ် တွင်  တာဝန်ယူခဲ့ခြင်းတို့ကြောင့်ဖြစ်မည်ဟုယူဆကြောင်းပြောသည်။

“(မဲဆန္ဒရှင် အများအပြားက) ကျွန်တော့်ကိုသူတို့ဆရာအဖြစ်နဲ့ သိနှင့်နေပြီးသားဖြစ်မယ်။  ၆နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တော့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ အဲဒါတွေကြောင့် ဒီရွေးကောက်ပွဲမှာနိုင်ခဲ့တယ်လို့ထင်ပါတယ်”ဟုသူကပြောလိုက်သည်။

မဲဆွယ်ကာလသမ္မတဦးသိန်းစိန် မိတ္ထီလာဒေသသို့ ရောက်ခဲ့သည်သတင်းကိုဒေသခံတို့ အစိမ်းရောင် ပြည်ခိုင်ဖြိုးအလံများဝှေ့ယမ်း၊အစိမ်းရောင် ဦးထုပ်များဆောင်းပြီး ကြိုဆိုကြပုံဖြင့်  အစိုးရအာဘော် သတင်းစာများမျက်နှာဖုံးတွင် ဖော်ပြထားသည်။ ဒေသတွင်းလယ်ဧကအများအပြားရေရရှိမည်ဖြစ်ကြောင်း၊ နာမည်ကျော် မိတ္ထီလာကန်ကိုအစိုးရက ပြုပြင်ထိန်းသိမ်းပေးကြောင်း၊ ထို့ကြောင့်  ဒေသတွင်းစိမ်းလန်းစိုပြေလာမည်ဟုသတင်းတွင် ရေးထားသည်။ "မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံးအစိမ်းရောင်လွင်ပြင်ဖြစ်ရမည်" ဟုခေါင်းစဉ်ကြီးကြီးတပ်ထားသောမျက်နှာဖုံးဖော်ပြချက်အတိုင်းပင် ရွေးကောက်ပွဲတွင် မိတ္ထီလာလွင်ပြင်တစ်ခုလုံးအစိမ်းရောင် အားကောင်းခဲ့သည်ကိုတွေ့ရသည်။     ။

 

၂ဝ၁၅ ရွေးကောက်ပွဲ မိတ္ထီလာမဲဆန္ဒနယ်မှ ပြိုင်ဘက်ပါတီ ၂ ခု၏ မဲကွာခြားချက်

  ပြည်ခိုင်ဖြိုး NLD
ပြည်သူ့လွှတ်တော် ၉၆,၃၁၄ ၅၉,၂၇၇
အမျိုးသားလွှတ်တော် ၉၇,၃၇၈ ၅၉,၆၄၅
တိုင်းဒေသကြီးလွှတ်တော်၁ ၄၈,၃၆၀ ၂၈,၈၇၉
တိုင်းဒေသကြီးလွှတ်တော် ၂ ၄၅,၁၇၄ ၂၈,၆၄၃

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly