ပိုမိုကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ရန် ဂျပန်မှတောင်ကိုရီးယားသို့တောင်းဆို

By AFP
26 September 2020
ပိုမိုကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ရန် ဂျပန်မှတောင်ကိုရီးယားသို့တောင်းဆို
Photo - AFP

စက်တင်ဘာ ၂၆ 

ဂျပန်နိုင်ငံသည်တောင်ကိုရီးယားနှင့်ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်လိုသည်ဟု ဂျပန် ဝန်ကြီးချုပ်သစ်ယိုရှီဟိဒဲဆူဂါမှတောင်ကိုရီးယားသမ္မတမွန်းဂျေအင်းထံကြာသပတေးနေ့ကဖုန်းဆက် ပြောကြားခဲ့သည်။ 

ဆူဂါ မှ”မိမိသည်သမ္မတမွန်းနှင့်ဖုန်းဆက်စကားပြောရာ၌ ကိုရီးယားကျွန်းဆွယ်ကိုဂျပန်တို့ဝင်ရောက် ကျုးကျော်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ကာလရှည်ကြာအငြင်းပွားနေမှုကြောင့် ’ခက်ခဲနေသည့်’နှစ်နိုင်ငံ ဆက်ဆံရေးကိုပြန်လည် ပြင်ဆင်လိုကြောင်း” ပြောကြားခဲ့သည်။ 

“ပြဿနာအမျိုးမျိုးဖြင့်ဒုက္ခရောက်စေသောအလွန်တရာခက်ခဲနေသည့်နှစ်နိုင်ငံဆက်ဆံရေးကိုဂရုတစိုက်ပြင်ဆင်ရမည်ဖြစ်ကြောင်းသမ္မတမွန်းကိုပြောကြားခဲ့သည်”ဟု ဆူဂါ မှသတင်းထောက်များကိုပြောကြား ခဲ့သည်။ 

သို့ရာတွင်စစ်အတွင်းက ဂျပန်ဘက်မှအဓမ္မအလုပ်ခိုင်းစေခဲ့မှုအတွက် လျော်ကြေးပေးရေးအပါအဝင် တောင်ကိုရီးယားတရားရုံးတွင်ဖြေရှင်းရမည့်ကိစ္စများဖြစ်ပေါ်လာမည်ကိုသိရှိကြောင်း ဆူဂါ ကရှင်းရှင်း လင်းလင်းပြောကြားခဲ့သည်။ 

“ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ဂျပန်နိုင်ငံ၏မပြောင်းလဲသောအနေအထားပေါ်အခြေခံ၍တောင်ကိုရီးယားအနေဖြင့်လိုအပ်သည့်ဆောင်ရွက်မှုများဆက်လက်လုပ်ဆောင်ရန်ဆက်လက်တိုက်တွန်းလို ကြောင်း”ဆူဂါ မှပြောကြားခဲ့သည်။ 

ရှင်ဇိုအာဘေး နှုတ်ထွက်ခဲ့ပြီးနောက်လွန်ခဲ့သည့်ရက်သတ္တပတ်က ဆူဂါ သည်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်ဒီဇင်ဘာလကတရုတ်နိုင်ငံတွင် အာဘေးနှင့်မွန်း တို့တွေ့ဆုံခဲ့ပြီးနောက်ယခုအကြိမ်သည် နှစ်နိုင်ငံခေါင်းဆောင်များပထမဆုံးအကြိမ်ဖုန်းဖြင့်ဆက်သွယ်ခြင်းဖြစ်သည်။ 

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကကိုရီးယားကျွန်းဆွယ်တွင်ဂျပန်တို့ကရက်စက်ကြမ်းကြုတ်စွာကိုလိုနီပြုခဲ့မှုကြောင့်ဂျပန်နှင့်တောင်ကိုရီးယားတို့၏သံတမန်ဆက်ဆံရေးမှာ ကာလရှည်ကြာခက်ခဲခဲ့သည်။ 

ယခုနှစ်များအတွင်းဂျပန်နှင့်တောင်ကိုရီးယားအစိုးရတို့သည်စစ်အတွင်းကလိင်ကျွန်ပြူမှုနှင့်အဓမ္မအလုပ်ခိုင်းစေမှုများအပါအဝင်ပြဿနာအရပ်ရပ်ကြောင့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးအပြန်အလှန်ကုန်သွယ်ရေး ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်။ 

၂၀၁၈ ခုနှစ်ကတောင်ကိုရီးယားတရားရုံးချုပ်ကအဓမ္မအလုပ်ခိုင်းစေခံရသူများအနေဖြင့် ဂျပန်အစိုးရထံမှ လျော်ကြေးတောင်းပိုင်ခွင့်ရှိသည်ဟုဆုံးဖြတ်ခဲ့သည်။ 

ဂျပန်ဘက်မှအဆိုပါပြဿနာများသည် ၁၉၆၅ ခုနှစ်ကချုပ်ဆိုခဲ့သောစာချုပ်အရပြီးပြတ်ခဲ့ပြီးဖြစ်၍ပုံမှန် နှစ်နိုင်ငံဆက်ဆံရေးဖြစ်ပေါ်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး သဘောတူညီချက်များကိုချိုးဖောက်ခြင်း မပြုပဲလိုက်နာရန်တောင်ကိုရီးယားအစိုးရကိုတိုက်တွန်းခဲ့သည်။ 

ဆူဂါ မှမိမိနှင့်သမ္မတမွန်း တို့သည်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုအတူတကွပူးပေါင်းတိုက်ဖျက်ရန်၊ မြောက်ကိုရီးယားနှင့်သဘောတူညီချက်ပြုလုပ်ရန်၊အမေရိကန်အစိုးရနှင့်လည်းမူဝါဒအရပိုမိုပူးပေါင်းရန်တို့ကိုဆွေးနွေးခဲ့သည်ဟုပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly