ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ဒရယ် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ဒရယ် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ
ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ပုံ-အတိုင်ပင်ခံရုံး Fb)

စက်တင်ဘာ ၂၆

ဒေါ်အောင်ဆန်းစုကြည်ဟု ပြောလိုက်လျှင် ကမ္ဘာအဝန်း သိရှိကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သူရဲကောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို ပျိုးထောင်နေသူ၊ တိုင်းရင်းသား တန်းတူရေးကို မျှော်တွေးခြင်းဖြင့် နိုင်ငံကို တည်ဆောက်လိုသူ၊ နိုင်ငံကို မေတ္တာဖြင့် အုပ်ချုပ်လိုသူ စသဖြင့် ချီးမွှမ်းထောပနာပြုခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

သို့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အာဏာရလာပြီး အစိုးရဖွဲ့ကာ လက်ရှိတွင် မြန်မာနိုင်ငံကို ဦးဆောင်သည့်အခါမှာတော့ အထက်ပါ ချီးမွှမ်းထောပနာပြုမှုများက ပြန်လည် မေးခွန်းထုတ်မှုများအဖြစ် ပြောင်းလဲလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် NLD အစိုးရ လက်ထက်မှာ ထင်သလောက် ရွေးကောက်ပွဲ ကတိများကို ဖော်ဆောင် မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုအခြေအနေများထဲမှ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်နိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးကို ယခင် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သည့် အခြေအနေများထက် တိုးတက်လာမည်ဟု မျှော်လင့်ခဲ့သည့်တိုင် မဖြစ်မြောက်လာခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။

ပုံ - တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်(ပုံ-NRPC)

ထို့ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများသည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် NLD ပါတီ အပေါ် မေးခွန်းထုတ်လာကြသလို သူတို့၏ ယုံကြည်ကိုးစားမှုများကိုလည်း ပြန်လည် ဆန်းစစ်လာခဲ့သည်။

ဗမာ မဟုတ်သော တိုင်းရင်းသားများသည် မြန်မာနိုင်ငံကို လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ တရားမျှတခြင်းဆိုသည့် လောကပါလ သုံးရပ်နှင့် ပြည့်စုံသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ပေးစေလိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာမဟုတ်သော တိုင်းရင်းသားများ လိုလားတောင်းတသည့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် အခြေအနေနှင့် ဖက်ဒရယ်ဆိုသော စကားရပ်အပေါ်မှာ သူ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုက မည်သို့ ရှိသနည်း ရှင်းရှင်းလင်းလင်း ချပြမှု မရှိဘဲ ဖြစ်နေသည်။

ဖက်ဒရယ်ကို ခွဲထွက်ရေးဟု မှတ်ယူကာ အာဏာသိမ်းခဲ့သော တပ်မတော်သည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းသည့် ကာလကစတင်၍ ဖက်ဒရယ်ဆိုသည့် စကားကို လက်ခံလာခဲ့သလို ယနေ့အချိန်မှာတော့ အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို သဘောကျသည်ဟုပင် ထုတ်ဖော် ပြောပြလာသည်။ 

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ အစိုးရ-တပ်မတော် ထိပ်သီးခေါင်းဆောင်များတွေ့ရစဉ် (ပုံ- NRPC)

သို့သော် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ ခံစားချက်၊ စိတ်ဆန္ဒများကို ပိုမို သိရှိ နားလည်ပါသည်ဆိုသော ဒီမိုကရေစီ သူရဲကောင်းသည် ဖက်ဒရယ်ကို အဓိပ္ပာယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း ချပြခြင်းမရှိသည်က ထူးဆန်းနေပေသည်။

ထို့ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသား ပညာတတ်တချို့က ဒေါ်အောင်ဆန်းစုကြည်၏ ဖက်ဒရယ်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိလိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “ဖက်ဒရယ်ဟူ၍ သုံးနှုန်းပြောဆိုသည့်အခါ ဖက်ဒရယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းနေရတာက အလုပ်တစ်ခုဖြစ်နေတာကြောင့် ဖက်ဒရယ်ကိုမသုံးဘဲ ဗမာစကားဖြစ်တဲ့ ပြည်ထောင်စုလို့ပဲ သုံးကြရအောင်”ဟု ပြောခဲ့ဖူးသည်။

ထိုစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် တိုင်းရင်းသား ပါတီများ ပေါင်းစုံ စုဖွဲ့ထားသည့် UNLD ခေါင်းဆောင်များ ဆွေးနွေးပွဲ ကျင်းပစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဖက်ဒရယ်အပေါ် သူ၏ ရှုမြင်ပုံကို ဆွေးနွေးသွားခဲ့ခြင်း ဖြစ်ပါသည်။

အလားတူ အောက်ပါအတိုင်းလည်း ဆွေးနွေးချပြသွားသည်ကို ဖတ်ခဲ့ရဖူးသည်။ 

ဒေါ်အောင်ဆန်းစုကြည်က “ဖက်ဒရယ်ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တစ်ခုပဲဖြစ်ပါတယ်၊ ဖက်ဒရယ်ဆိုတာဟာ ခွဲထွက်ရေးမဟုတ်ပါဘူး၊ ကျွန်မတို့ အားလုံးသိပြီးသားပါ၊ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ အမျိုးမျိုးရှိပါတယ်၊ ဖက်ဒရယ်ဆိုတော့ Central Government နဲ့ Local Government တို့ ကြားထဲမှာ ဘယ်လို အာဏာခွဲရမလဲ၊ ဒါဟာ ဖက်ဒရယ်ရဲ့ အဓိကပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမှာပဲ”ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအောင် ပြသနေသူများ (ပုံ-abcnews)

အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ဖက်ဒရယ်အပေါ် ရှုမြင်ထားပုံများနှင့် ပတ်သက်ပြီး လက်ရှိ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးအေးသာအောင် ရေးသားထားသည့် ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စုပြဿနာဆိုသည့် စာအုပ်မှာ ဖော်ပြထားပါသည်။

ဗမာ မဟုတ်သော တိုင်းရင်းသားများကတော့ ဖက်ဒရယ်ဆိုသည်မှာ Self Rule (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်-ကိုယ်ပိုင် အုပ်ချုပ်ခွင့်) နှင့် Share Rule (အာဏာခွဲဝေမှု)ဟု ဖက်ဒရယ်ကို အဓိပ္ပာယ်ဖွင့်ဆိုကာ ဆွေးနွေးလေ့ရှိကြောင်း တွေ့ရသည်။

ထို့ပြင် ဗမာမဟုတ်သော တိုင်းရင်းသားများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံး၍ အောင်မြင်နေသော နိုင်ငံများကို လေ့လာကာ မည်သည့် နိုင်ငံ(အမေရိကန်- ဂျာမနီ- ဆွစ်ဇာလန်-ကနေဒါ)များ၏ ဖက်ဒရယ်စနစ်များကို သဘောကျကြောင်း ထုတ်ဖော် ပြောဆိုလျှက်ရှိသည်။

အလားတူ တပ်မတော်သည်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများကို လေ့လာကာ မည်သည့်နိုင်ငံ (အိန္ဒိယနိုင်ငံ)၏ ဖက်ဒရယ်စနစ်ကို သဘောကျကြောင်း ထုတ်ဖော် ပြောဆိုလျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကမူ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများ၏ စနစ်များကို လေ့လာနေသလား၊ မလေ့လာဘူးလား မသိရသည့်တိုင် မည်သည့် နိုင်ငံ၏ ဖက်ဒရယ်စနစ်ကို သဘောကျကြောင်းနှင့် အနာဂတ် ပြည်ထောင်စုနိုင်ငံကို မည်ကဲ့သို့ တည်ဆောက်သွားမည်ကို သေသေချာချာ ချပြရှင်းလင်းမှုများ မတွေ့ရသေးပေ။

ထူးခြားသည်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် နောင်နှစ်ပေါင်း ၃၀ တွင် မည်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံမျိုး တည်ဆောက်လိုသည်ကို မကြာသေးခင်ကပဲ မူဝါဒတစ်ခုကို ရှင်းရှင်းလင်းလင်း ချပြထားကို တွေ့ရသည်။

NLD ပါတီညီလာခံတစ်ခုမှာ တွေ့ရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ပုံ-NLD Fb)

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပြန်ကြားချက်ဆိုသော ကြေညာချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သော်လည်း ဖက်ဒရယ်ဆိုသည့်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို မတွေ့ရပေ။

စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဟုတော့ ပါဝင်သည်။ သို့သော် မည်သို့ သော် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမျိုးလဲဆိုခြင်းမှာတော့ တိကျ ခိုင်မာသော ရှင်းလင်းချက်ကို မတွေ့ရပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ဖက်ဒရယ် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် မည်ကဲ့သို့သော ပြည်ထောင်စုမျိုးကို တည်ဆောက်သွားမည်ဟု တိကျ ခိုင်မာစွာ ချပြခြင်း မပြုသည်မှာ စကားကျွံသွားမည်ကို စိုးရိမ်ခြင်း ကြောင့်လား သို့မဟုတ် တခြားသော အစုအဖွဲ့များ တင်လာသည့်အပေါ်မှာ ဆွေးနွေးခြင်းဖြင့် နောက်ဆုံး ဗဟိုက ချုပ်ကိုင်နိုင်မည့် အခြေအနေကို ဖန်တီးနိုင်သော အခင်းအကျင်းကို ဆောင်ရွက်သွားလိုခြင်းကြောင့်လား သို့မဟုတ် ဗမာမဟုတ်သော တိုင်းရင်းသားများ လိုသည့် အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို လိုသည်ထက် ပိုပေးမိသွားမည်ကို စိုးရိမ်ခြင်းကြောင့်လားဆိုသည်မှာတော့ စဉ်းစား စရာများ ဖြစ်လာခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနှင့် ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်နိုင်ရန်အတွက် သူ၏ မူဝါဒ လမ်းစဉ် (၇)ချက်ကို အခိုင်အမာ ချပြခဲ့သလို ခွဲထွက်ရေးကို လက်မခံသည့်တိုင်အောင် မူအားဖြင့် ခွဲထွက်ခွင့်ကို လက်ခံပေးခဲ့ပြီး တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးကို တည်ဆောက်သွားခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းက “(A leader must lead) ခေါင်းဆောင်တစ်ယောက်ဟာ ခေါင်းဆောင်ရမယ်”ဟု မိန့် ကြားခဲ့ဖူးသည့်အတွက် ယနေ့ မြန်မာ့ခေါင်းဆောင်ဟု ဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာမဟုတ်သော တိုင်းရင်းသားများ သိရှိလိုသော ဖက်ဒရယ်အဓိပ္ပာယ်ကို ချပြသင့်သလို အနာဂတ်တွင် တည်ဆောက်လိုသည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ မည်သည့် ပုံစံဖြစ်သည် ဆိုခြင်းကိုလည်း တိကျ ခိုင်မာစွာ ချပြ ရှင်းလင်းသင့်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံ-AsiaNews.it ဘလော့)

ရှမ်းပြည်ဘယ်လဲ စာအုပ်ကို ရေးသားခဲ့သည့် ရှမ်းပြည်တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးနာယကအဖြစ် တာဝန်ယူခဲ့သော ဦးထွန်းမြင့်(တောင်ကြီး)သည် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က ဒေါ်အောင် ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့၍ တည်ဆောက်မည့် ပြည်ထောင်စုစနစ်နှင့်ပတ်သက်ပြီး တိကျခိုင်မာစွာ ချပြ ဆောင်ရွက်ရန် တောင်းဆိုခဲ့ဖူးသည်။

ဦးထွန်းမြင့်(တောင်ကြီး)က “ခိုင်မာတဲ့ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးရရှိနိုင်ဖို့အတွက် စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို တည်ဆောက်မှ ဖြစ်မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်လက်ခံပါလျှင် ဖခင်ကြီးကဲ့သို့ ရဲရဲဝံ့ဝံ့ ခေါင်းဆောင်ပြစမ်းပါ။ စစ်မှန်တဲ့ ပြည်ထောင်စုနဲ့ ပတ်သက်လို့ (---)နှစ်လုံးလုံး တဖက်သတ် အဓိပ္ပာယ်ဖွင့်ပြီး ထူထပ်စွာ တိုက်ပစ်ခဲ့တဲ့ ဝါဒမှိုင်းကြီးကို ပြည်သူလူထုကြီးအပေါ်မှာ ကင်းစင် လွှင့်ပျောက် သွားအောင် ပြတ်ပြတ်သားသား ဦးစီးလမ်းပြ ဆောင်ရွက်ပေးစမ်းပါလို့ ကျွန်တော် အနူးညွှတ်ပန်ကြားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required