ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး အစိုးရအသစ်၊ အဟောင်း နှစ်ရပ်လုံးနှင့် ဆွေးနွေးရန် အသင့်ရှိဟု UNFCပြော

ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး အစိုးရအသစ်၊ အဟောင်း နှစ်ရပ်လုံးနှင့် ဆွေးနွေးရန် အသင့်ရှိဟု UNFCပြော

ချင်းမိုင်၊ နိုဝင်ဘာ ၁၃ ။ ။ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်ရှိ အစိုးရနှင့် တက်လာမည့် အစိုးရသစ်တို့နှင့် ဆက်လက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ပြောဆိုလိုက်သည်။

လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ဆက်လက် လုပ်ဆောင်၍ လက်ရှိ အခြေအနေထက် ပိုမိုကောင်မွန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း နိုင်ဟံသာက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီအခြေအနေပေါင်းစုံကို သူနားလည်တယ်။ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ဘဲနဲ့ ပြည်တွင်း စစ်ကို မဖြေရှင်းဘဲနဲ့ ဘာကိုမှ အကောင် အထည်ဖော်လို့ ရမှာ မဟုတ်ဘူးဆိုတဲ့ဟာကို သူကောင်းကောင်းသိတယ်။ သူကလည်း ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ သဘောထားတွေ မကြာမကြာ ပြောနေတာလည်း ရှိပါတယ်။ ဒါကြောင့် သူတို့နဲ့ညှိနှိုင်းရင် သိပ်ခဲရင်းမှာ မဟုတ်ဘူးလို့မြင်တယ်”ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို အဓိက ကိုယ်တွယ်ရန် လိုအပ်ကြောင်း နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော UNFC သည် နိုဝင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်ထိ သုံးရက်ကြာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အရေးပေါ်အစည်းအဝေးကို ကျင်းပ၍ NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေး အပါအဝင် လက်ရှိ ရွေးကောက်ပွဲ အနိုင်ရရှိမှု အခြေအနေများ၊ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီနှင့် သွားရောက် ဆွေးနွေးခဲ့သော အခြေအနေများကို ပြန်လည် သုံးသပ်၍ ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များအားလံးအတွက် UNFC မှ အသိအမှတ်ပြု ဂုဏ်ပြဝမ်းမြောက်ကြောင်း နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

NLDပါတီမှ အစိုးရ တစ်ရပ်ဖွဲ့စည်းပြီးနောက် ပြည်တွင်း စစ်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားလူမျိုးများအကြား ပြန်လည် ရင်ကြားစေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့ကို ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာအင်အားစုပါတီ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါ်ဆောင်သွားရန် တိုက်တွန်းထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်၍ မြန်မာ့တပ်မတော်မှ စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်၍ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းနိုင် ရေးအတွက် လက်ရှိနှင့် တက်လာမည့် အစိုးရအဖွဲ့အား လေးနက်စွာတောင်းဆိုထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ မြန်မာ့တပ်မတော်အနေဖြင့် မြေမြင်မှသာမက ဝေဟင်ကပါ အပြငန်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထည့်သွင်းဖော်ပြထားသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်က ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကရင်အမျုးိသားအစည်းအရုံး (KNU) ၏ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်ကလည်း နိုဝင်ဘာလ ၁၂ ရက်က ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အစိုးရသစ်ပေါ်ပေါက်လာပါက စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးပေါ်ဆောင်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဆောက်ရွက်သွားရန် အထူးမျော်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒပြုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags