NLD အမတ်လောင်း ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို ကွယ်လွန်ခဲ့သည့် မြင်းမူတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရ

NLD အမတ်လောင်း ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို ကွယ်လွန်ခဲ့သည့် မြင်းမူတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီမှ အမျိုးသားလွှတ်တော် အမတ်လောင်း ဦးစိုးမြင့် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုက ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ၎င်း၏ မဲအားလုံးပယ်မဲများ ဖြစ်သွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် မဲဆန္ဒနယ် (၁)တွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားသည်။

မြင်းမူမြို့နယ် မဲဆန္ဒနယ် (၁) တွင် ဦးစိုးမြင့်မှာ နိုဝင်ဘာ ၆ ရက်က ရုတ်တရက်သေဆုံးသွား၍ တ.စ.ည ပါတီမှ ဦးကျော်စိုးဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်းမြင့်တို့ နှစ်ဦးသာ တိုင်းဒေသကြီး လွှတ်တော်အတွက် ယှဉ်ပြိုင်ခဲ့ကြသည်။

မြင်းမူမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်တွင် အနိုင်ရခဲ့သည့် ဦးစိုးစံသက်ထွန်းက ''မဲရေတဲ့အချိန် ပယ်မဲက ၂ သောင်း ၃ ထောင်ကျော်ရှိတယ်၊ ကျန်တဲ့ပယ်မဲတွေ ဖယ်လိုက်ရင် ဦးစိုးမြင့်မဲက ၂ သောင်း လောက်တော့ရမယ်။ သူရုတ်တရက်ဆုံးသွားတော့ ကော်မရှင်ကစာရင်း ဖျက်လိုက်တော့ ကြံ့ခိုင်ရေးက အနိုင်ရသွားပါတယ်။ ပြည်သူတွေက သူ့ကိုပဲမဲပေးကြတော့ သူသာရှိရင် အနိုင်ရမှာသေချာတယ်။'' ဟု မြင်းမူတွင် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရခဲ့သည့် ဦးစိုးစံသက်ထွန်းက မဇ္ဈိမသို့ ပြောကြားသည်။

NLD က ဦးစိုးမြင့် သေဆုံးမှုအား မြင်းမူကော်မရှင်ရုံးခွဲမှတဆင့် ခရိုင်၊ တိုင်း၊ ပြည်ထောင်စုအဆင့်ဆင့်သို့ တင်ပြခဲ့ပြီး အချိန်နီးကပ်သွားသောကြောင့် အပြောင်းအလဲလုပ်၍ မရတော့ကြောင်း မြင်းမူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးတင်အောင်ဝင်းက မဇ္ဈိမသို့ပြောကြားခဲ့သည်။

မြင်းမူမြို့နယ် မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သည် မြို့တွင်း ယာဉ်များနှင့် လှည့်လည်နေစဉ် ရုတ်တရက်လဲကျပြီး ၁၀ နာရီ ၄၅ မိနစ်တွင် ဆေးရုံရောက်ကာ ၁၁ နာရီ ၅ မိနစ်တွင် ဆရာဝန်ဆေးစစ်ချက်အရ နှလုံးသွေးကြောပိတ်၍သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly