တရုတ်၏ ကာဗွန်လျှော့ချရေး ကတိအရ ကမ္ဘာကြီး ပူနွေးမှုကို ၀ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ်စ် လျှော့ချနိုင်ဖွယ်ရှိ

တရုတ်၏ ကာဗွန်လျှော့ချရေး ကတိအရ ကမ္ဘာကြီး ပူနွေးမှုကို ၀ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ်စ် လျှော့ချနိုင်ဖွယ်ရှိ

စက်တင်ဘာ ၂၄

၂၀၆၀ မကုန်မီ တရုတ်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လုံးဝ ထုတ်လွှတ်ခြင်း မရှိသည့်အဖြစ်သို့ ဖော်ဆောင်သွားမည်ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖျင်က ကတိကဝတ်ပြု ပြောကြားရာ နှစ်များစွာအတွင်း အထူးကဲဆုံးသော ရာသီဥတုအရေး မူဝါဒဖော်ဆောင်မှုတစ်ရပ်ပဲ ဖြစ်တော့သည်။ 

သမ္မတ ရှီကျင့်ဖျင်၏ ကတိကဝတ်အတိုင်း အကောင်အထည် ပေါ်လာခဲ့ပြီဆိုပါက ယခု ရာစုနှစ်တွင် ကမ္ဘာကြီး ပူနွေးမှုကို ၀ ဒသမ ၂ မှ ၀ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ်စ်မျှ လျှော့ချနိုင်လိမ့်ဖွယ်ရှိသည်ဟု သုတေသနပညာရှင်များက ဆိုသည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံ၌ အင်္ဂါနေ့က ရှီကျင့်ဖျင်၏ အံ့အားသင့်စရာ ယခု ကြေညာချက်သည် ကမ္ဘာ့၌ ကာဗွန်ထုတ်လုပ်မှု အများဆုံး တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၌ ပထမဆုံးအဖြစ် အဆုံးသတ် ပါဝင်လိုက်ခြင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ ကတိကဝတ်သည် လက်ရှိအထိ ရာသီဥတုအရေး ကတိခံထားကြရာ၌ အကြီးမားဆုံးသော ကတိကဝတ် ဖြစ်လိမ့်မည်ဖြစ်ပြီး အလားအလာရှိနေသော ကမ္ဘာကြီး ပူနွေးမှုကို အများဆုံး လျှော့ချခြင်းလည်း ဖြစ်ပေလိမ့်မည်ဟု သုတေသနပူးပေါင်းအဖွဲ့ဖြစ်သော ရာသီဥတုအရေး ခြေရာကောက်သည့်အဖွဲ့ CAT အရ သိရသည်။ 

“အနည်းဆုံး ပြီးခဲ့တဲ့ ငါးနှစ်လောက်မှာ ကမ္ဘာ့ရာသီဥတု မူဝါဒနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံရဲ့ အခု ကြေညာချက်ဟာ အရေးကြီးဆုံး ကြေညာချက်ပါပဲ။”ဟု CAT တွင် ပါဝင်ထားသည့် ဂျာမနီအခြေစိုက် ရာသီဥတုသစ်အသင်းအဖွဲ့မှ နီကလက်စ်ဟို့နေက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

၂၀၁၅ ကုလသမဂ္ဂ ပါရီရာသီဥတုသဘောတူညီချက်အောက်တွင် ကာဗွန်လျှော့ချရေးအတွက် နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်ထားသည်။ အဆိုပါ နိုင်ငံများ ကတိပြုထားသော ကာဗွန်လျှော့ချမှုနှုန်းထား စုပေါင်းပမာဏအရ ၂၁၀၀ တွင် ကမ္ဘာကြီး ပူနွေးမှုသည် ၂ ဒသမ ၇ ဒီဂရီဆဲလ်စီးရပ်စ်နီးပါး ရှိနေနိုင်သည်ဟု CAT က ဆိုသည်။ 

၂၀၆၀ တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု သုညမှတ်အထိ လျှော့ချမည်ဆိုသော တရုတ်နိုင်ငံကိုပါ ထည့်သွင်းပါလျှင် ကမ္ဘာကြီး ပူနွေးမှုသည် ၂ ဒသမ ၄ မှ ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်မျှသာ ရှိလာတော့ဖွယ် ရှိသည်။ 

သို့သော်လည်း ထိုနှုန်းထားသည် ရာသီဥတု ပြောင်းလဲမှု၏ ပြင်းထန်ဆိုးဝါးသော သက်ရောက်မှုများကို ရှောင်ရှားနိုင်ရန် သိပ္ပံပညာရှင်များ သတ်မှတ်ထားသည့် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်သာ ရှိရမည်ဆိုသည့် နှုန်းထားထက် များစွာ ပိုလွန်နေဆဲပဲ ဖြစ်သည်။ 

တရုတ်နိုင်ငံသည် တစ်ကမ္ဘာ့လုံး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု၏ ၂၉ ရာခိုင်နှုန်းမျှ ထုတ်လွှတ်နေသော နိုင်ငံပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly