ဟင်္သာတခ၁ရိုင်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားမှု ၉မှုတွင် ကြံ့ခိုင်ရေးက ၈မှု တိုင်ကြားထား

ဟင်္သာတခ၁ရိုင်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားမှု ၉မှုတွင် ကြံ့ခိုင်ရေးက ၈မှု တိုင်ကြားထား

ဟင်္သာတ၊ နိုဝင်ဘာ ၁၃ ။ ။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာ ၁၂ရက်ထိ တိုင်ကြားမှု ၉မှုရှိပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုင်ကြားခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ရွေးကောက်ပွဲမတိုင်ခင် တစ်မှု တိုင်ကြားထားသည်ဟု သိရသည်။

ဟင်္သာတမြို့တွင် ၈မှုဖြစ်ပွားခဲ့ပြီး လေးမျက်နှာမြို့တွင် တစ်မှုဖြစ်သည်။

လေးမျက်နှာမြို့နယ်တွင် NLD ပါတီ၏ မဲဆွယ်ဟောပြောပွဲတွင် အသုံးပြုသော စကားလုံးများနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီက လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အား တိုင်တန်းခဲ့သည်။ အဆိုပါ ဟောပြောသော စကားများထဲတွင် "ပြည်ထောင်စု ငြိမ်းချမ်းမှုမရှိသေးတာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုလဲစေနိုင်သည်" ဟူသောစကားကြောင့် အစိုးရအပေါ် အကြည်အညိုပျက်စေကြောင်း ယူဆသည်ဟုဆိုကာ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ကျင့်ဝတ် အပိုဒ် ၃ ပါ အရေးကြီးဆုံး ရည်မှန်းချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် ကော်မရှင်၏ ညွှန်ကြားချက် ၁/၂၀၁၄ နှင့်အညီဆောင်ရွက်ရန် သတိပေးသင့်ကြောင်း အဖွဲ့ဝင် ၈ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီ၏ တင်ပြခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယင်းတိုင်ကြားမှုကို တိုင်းရွေးကောက်ပွဲကော်မရှင်၏ တာဝန်ပေးချက်အရ ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားသော စစ်ဆေးရေးကော်မတီမှ စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်နှင့် သုံးသပ်ချက်အား စေ့စပ်ညှိနှိုင်းရေးကော်မတီသို့ တင်ပြခဲ့ကြောင်း သိရသည်။

စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ အစည်းအဝေးတွင် NLDပါတီမှ မဲဆွယ်စည်းရုံးမှုမှာ ရင့်သီးသော စကားလုံးများပါဝင်ခဲ့သည့်အတွက် သတိပေးသင့်ကြောင်း ၈ ဦးကော်မတီမှ တင်ပြခဲ့ပြီး USDP ပါတီမှ ဦးစောလွင်က NLD ပါတီအား သတိပေးသင့်သည့် အပိုင်းထက် အပြစ်ပေးအရေးယူမှုကို ပြုလုပ်သင့်သည်ကို ထည့်သွင်းစဉ်းစားပေးပါရန် တင်ပြခဲ့သည်။

ယင်းတင်ပြချက်အပေါ် ဟင်္သာတခရိုင်စေ့စပ်ညှိနှိုင်းရေး ကော်မတီက တိုင်းရွေးကောက်ပွဲကော်မရှင်ထံသို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာ ၁၂ရက်ထိ တိုင်ကြားမှု ၉မှုရှိပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုင်ကြားခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ရွေးကောက်ပွဲမတိုင်ခင် တစ်မှု တိုင်ကြားထားသည်ဟု သိရသည်။

Posted by Mizzima - News in Burmese on Friday, 13 November 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly