အမေရိကန်-တရုတ်နည်းပညာစစ်ပွဲကြားက ဆီမီးကွန်ဒက်တာဆိုင်ရာ တိုက်ပွဲ

အမေရိကန်-တရုတ်နည်းပညာစစ်ပွဲကြားက ဆီမီးကွန်ဒက်တာဆိုင်ရာ တိုက်ပွဲ

စက်တင်ဘာ ၂၄

 အမေရိကန်နှင့် တရုတ်အကြားအတောမသတ်အောင် ထိုးတက်နေသောနည်းပညာစစ်ပွဲတစ်ရပ်ကြောင့် ပြီးခဲ့သည့်လများအတွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်း (ဆီမီးကွန်ဒက်တာ-semiconductor) အမှီအခိုကင်းလွတ်လပ်မှုဆိုင်ရာ ပေကျင်း၏ရည်မှန်းချက်များကို ပြန်လည်အားတက်စေခဲ့ပြီး ယင်း၏အစီအစဉ်များကို ကဖျက်ယဖျက်လုပ်ရန်ဝါရှင်တန်ရှိ အားထုတ်မှုများကိုအားတိုးစေခဲ့ချိန် အခြားတစ်ဘက်တွင်လည်း chip ထုတ်လုပ်ရေး powerhouse ဖြစ်သည့်ထိုင်ဝမ် သို့မဟုတ်တရုတ်(တိုင်ပေ) ကိုလည်း ကြားညှပ်ခံရသည့်အခြေအနေအောက်တွင် ပိတ်မိနေစေခဲ့သည်။  

ယခုနှစ်အတွင်း အမေရိကန်နှင့်တရုတ် အကြားတင်းမာမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမှစ၍ ဟောင်ကောင်အရေးအထိမတူညီသော အရေးကိစ္စများတွင်အရှိန်မြင့်တက်ထားခဲ့သည်။ သို့သော်ကုန်သွယ်ရေးနှင့် နည်းပညာနယ်ပယ်တွင် ထရမ့်အစိုးရသည်ပေကျင်းအပေါ် ဖိအားပေးရန်အထူးကြိုးကြိုးစားစား လုပ်ဆောင်ထားခဲ့သည်။  

Huawei ကဲ့သို့တရုတ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်အရေးယူခြင်းကနေတစ်ဆင့်နည်းပညာမြင့် supply chains (ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်) များကို တရုတ်တို့ချိတ်ဆက် အသုံးပြုနိုင်မှုအပေါ်ဖြတ်တောက်နေသလို တစ်ဘက်တွင်လည်းထိုင်ဝမ်ကို ယင်း၏နယ်ပယ်ပတ်လမ်းအတွင်းသို့ ပိုမိုနီးကပ်လာစေရန်ဆွဲခေါ်ယူနေခြင်းအားဖြင့် အမေရိကန်သည်အသွားနှစ်ဘက်ရှိသော နည်းပညာမဟာဗျူဟာတစ်ရပ်ကို အစပြုလုပ်ဆောင်ထားသည်။  

ချိန်ခွင်ညှာပေါ်တွင် ရှိနေသည့်ကိစ္စက စမတ်ဖုန်းများကစ၍ ကားများ၊အာကာသယာဉ်များအထိ ထုတ်ကုန်များအတွက် data-processing ဦးနှောက်များအဖြစ် ဆောင်ရွက်ပြီးခေတ်သစ် စီးပွားရေးကိုမောင်းနှင်သော တံဆိပ်ခေါင်းတစ်ခုထက်ပင်အရွယ်အစားပိုသေးသည့် အလွန်သေးငယ်သောလျှပ်စစ်ပစ္စည်းများကို ထိန်းချုပ်ခြင်းပင်ဖြစ်သည်။  

မျိုးဆက်သစ် ကြိုးမဲ့ကွန်ရက်များ၊ artificial intelligence (ဉာဏ်ရည်တုနည်းပညာ) နှင့် connected devices (ချိတ်ဆက်ထားသော ပစ္စည်း) များအပါအဝင် အဆင့်မြင့်နည်းပညာ အစုအဖွဲ့အတွက်တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းသည်အလွန်အရေးကြီးလှသလို ယင်းကမည်သည့်နိုင်ငံကိုမဆို အနာဂတ်တွင်စီးပွားရေးအရ တစ်ပန်းသာမှုကိုပေးနိုင်သည်။  

“လက်ရှိ အမေရိကန်အစိုးရကတရုတ်ရဲ့ စက်မှုလုပ်ငန်းတိုးတက်မှုအပေါ်ထိန်းချုပ်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကို ရှာနေတာပါ” ဟု ကယ်လီဖိုးနီးယားရှိ Objective Analysis မှ တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ အကဲဖြတ်သုတေသီဂျင်ဟန်ဒီက ပြောသည်။ “ကမ္ဘာပေါ်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတိုင်းဟာအမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုဆီကနေ အနည်းဆုံးကိရိယာပစ္စည်းတစ်ခု သုံးပြီးထုတ်လုပ်နေရတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်လည်းအမေရိကန် ကုန်သွယ်ရေးဌာနကအီလက်ထရောနစ် စျေးကွက်မှာတရုတ်ရဲ့ ပါဝင်မှုအပေါ်ထိန်းချုပ်မှု ရနိုင်ဖို့တစ်ပိုင်းလျှပ်ကူးပစ္စည်း ကုန်သွယ်ရေးကန့်သတ်ပိတ်ပင်မှုတွေကို အသုံးပြုနိုင်ဖို့မျှော်လင့်နေတာပါ”  

ဆယ်စုနှစ်တချို့ ဖြတ်ကျော်ပြီးဒေါ်လာ ဘီလီယံများစွာရင်းနှီးမြုှပ်နှံထားခဲ့ပြီးတောင်မှ တရုတ်သည်အလွန် ရှုပ်ထွေးပြီးရင်းနှီးငွေ အခြေပြုတစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုပိုင်းမှာအမေရိကန်၊ တောင်ကိုရီးယားနဲ့ထိုင်ဝမ်တို့ရဲ့ နောက်မှာရှိနေဆဲပင် ဖြစ်သည်။  

တရုတ်သည် ၂၀၁၈ခုနှစ် နှင့်၂၀၁၉ ခုနှစ်တို့တွင်ကန်ဒေါ်လာ ၃၁၂ဘီလီယံနှင့် ကန်ဒေါ်လာ၃၀၅ ဘီလီယံတန်ဖိုးရှိ chips များ တင်သွင်းခဲ့ရာယင်းက ရေနံအပေါ်သုံးစွဲသည့် ပမာဏထက်တောင်ကျော်လွန်နေသည်ဟု အကောက်ခွန်အထွေထွေ စီမံအုပ်ချုပ်မှုအဖွဲ့၏ဒေတာအချက်အလက်များက ပြသနေသည်။  

ယခုနှစ်သည်လည်း သုံးနှစ်ဆက်တိုက်အဖြစ်ကိန်းဂဏန်းက ကန်ဒေါ်လာ၃၀၀ ဘီလီယံကျော်လွန်မည့်နှစ် ဖြစ်လာလိမ့်မည်ဟုတရုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဝေ ရှောင်ကျွန်ကပြီးခဲ့သည့် သြဂုတ်လနန်ကျင်းမြို့တွင် ပြုလုပ်သည့်ကမ္ဘာ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းကွန်ဖရင့်တွင် ပြောသည်။  

ယမန်နှစ်က အမေရိကန်သည် Huawei Technologies ၊ Hikvision နှင့်အခြားသော တရုတ်နည်းပညာကုမ္ပဏီများကိုအမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့်ယင်း၏ entity list ထဲထည့်သွင်းခဲ့ပြီး အစိုးရ၏အထူးခွင့်ပြုချက် မပါဘဲယင်းကုမ္ပဏီများကို အမေရိကန်ကုမ္ပဏီများထံမှတပ်ဆင်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူမှုအပေါ်တားမြစ်ပိတ်ပင်ခဲ့သည်။  

ထို့ပြင် အမေရိကန်သည်အမေရိကန်ဆော့ဝဲနှင့်နည်းပညာ သုံးထားသည့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ထံ ရောင်းချရာတွင်အထူးလိုင်စင်တစ်ရပ် ရယူရန်လိုအပ်ကြောင်း ပြီးခဲ့သည့်မေလတွင် ဥပဒေသစ်တစ်ခုပြဋ္ဌာန်းပြီး Huawei အပေါ်ထပ်မံ တင်းကျပ်ကန့်သတ်ခဲ့သည်။  

ယင်းလုပ်ဆောင်ချက်က အဓိကအားဖြင့် Huawei  ၏ HiSilicon လုပ်ငန်းခွဲကိုကမ္ဘာ့တန်ကြေးအမြင့်ဆုံး chip ကုမ္ပဏီဖြစ်သည့်ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်ကုမ္ပဏီ (TSMC) က ထုတ်လုပ်သည့် chips များ ရယူခြင်းမှတားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။  TSMC သည် တရုတ်ရော၊အမေရိကန် ရောပါယင်းတို့၏ fab အလုပ်ရုံ (အစိတ်အပိုင်းအပြည့်အစုံပါသော လျှပ်စီးပတ်လမ်းဖန်တီးထားသည့် ဆီလီကွန်အလွှာစကဲ့သို့ ပစ္စည်းများထုတ်လုပ်သည့် စက်ရုံ) များပြင်ပ၌ မဟာဗျူဟာကျထုတ်ကုန်များ ထုတ်လုပ်ရန်မှီခိုနေရသည့် ကုမ္ပဏီဖြစ်သည်။  

တစ်ချိန်တည်းမှာပင် အမေရိကန်၏ဥပဒေက နည်းပညာစစ်ပွဲတွင်တရုတ်အတွက် အသစ်တစ်ခုဖြစ်သော၊ အထူးသဖြင့်သတိထားဆင်ခြင်ရသော စစ်မျက်နှာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကထိုင်ဝမ်ပင် ဖြစ် သည်။  

ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် လည်ပတ်နေသောထိုင်ဝမ်ကျွန်းကို တရုတ်ကယင်း၏ နယ်မြေပြည်နယ်တစ်ခုအဖြစ်ရှုမြင်ထားပြီး ယင်းကျွန်းကိုပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးကိုအဓိက အမျိုးသားရေးအကျိုးစီးပွားကိစ္စအဖြစ် သတ်မှတ်ထားသည်။  

သို့သော် ပေကျင်းနှင့်ဝါရှင်တန်အကြား မဟာဗျူဟာကျပြိုင်ဆိုင်မှု အရှိန်မြင့်တက်လာစဉ် TSMC ကဲ့သို့ ထိုင်ဝမ်ကုမ္ပဏီများသည်ကြားထဲတွင် ပိတ်ညှပ်မိနေခဲ့သည်။မေလ ဥပဒေပြဋ္ဌာန်းမှုအပေါ်တုံ့ပြန်သည့်အနေဖြင့် TSMC ကပြောကြားရာတွင် ယင်းအနေဖြင့် Apple ပြီးလျင် ဒုတိယအကြီးဆုံးသော customer ဖြစ်သည့် Huawei ထံမှအော်ဒါများ ရယူမှုကိုရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးအရီဇိုးနားတွင် ဒေါ်လာ၁၂ ဘီလီယံကုန်ကျမည့်တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံတစ်ရုံတည်ဆောက်မည်ဟု ကြေညာသွားခဲ့သည်။  

ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်ကုမ္ပဏီကြီးသည်အလျင်အမြန် ကြီးထွားနေသောတရုတ်စျေးကွက်အပေါ် အမြတ်ထုတ်ရန်ကြိုးပမ်းထားခဲ့သော်လည်း TSMC ၏ဝင်ငွေ အများစုသည်အမေရိကန် လုပ်ငန်းများထံမှလာနေဆဲဖြစ်သလို ယင်းသည် chips များ ထုတ်လုပ်ရန်အဓိကကျသည့် အမေရိကန်ဒီဇိုင်းဆော့ဝဲ နှင့်ထုတ်လုပ်ရေး တပ်ဆင်အစိတ်အပိုင်းများအပေါ်မှီခိုထားရသည်။  

တရုတ်ရော၊ အမေရိကန်ရောသည် ထိုင်ဝမ်အတွက် အရေးကြီးသောစျေးကွက်များ ဖြစ်နေကြောင်း၊အမေရိကန်သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ecosystem တွင် အဓိကနည်းပညာရပ် ပိုင်ဆိုင်ထားသလိုတရုတ်သည်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများကိုကမ္ဘာ့အကြီးဆုံး ဝယ်ယူသူဖြစ်နေကြောင်း တိုင်ပေရှိထိုင်ဝမ် စီးပွားရေးသုတေသနအင်စတီကျူ့မှ research fellow တစ်ဦးဖြစ်သည့်အရီဇာ လျှိုက ပြောသည်။  

“ထိုင်ဝမ်ဟာ ဒီအဓိက ပါဝါအင်အားကြီး နှစ်နိုင်ငံအကြားကအရမ်း အရေးကြီးတဲ့အချိတ်အဆက်တစ်ခု ဖြစ်တယ်၊နောက်ပြီး တရုတ်ရော၊အမေရိကန်ရောပါ သူတို့ဘက်ပါလာအောင် ဆွဲခေါ်ဖို့ကြိုးစားနေတဲ့ ပစ်မှတ်တစ်ခုလည်းဖြစ်တယ်၊ဟွာဝေးကို ဆုံးရှုံးမှုကနေရေတို သက်ရောက်မှုတချို့ ရှိပါလိမ့်မယ်၊ဒါပေမယ့် ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းတွေဟာအခြား တရုတ်ကုမ္ပဏီတွေဆီကအမှာစာတွေကို ရယူသွားဦးမှာဖြစ်တယ်” ဟုသူမက ပြောသည်။  

လက်ရှိအချိန်အထိတွင်မူ ဖြစ်ပေါ်နေသည့်အခြေအနေများက အမေရိကန်၏တိုးမြှင့် ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်အတွေ့တွင် တရုတ်တို့၏နည်းပညာဆိုင်ရာ လွတ်လပ်မှုအတွက်တွန်းတိုက်လုပ်ဆောင်မှုအပေါ် နောက်ထပ်အလျင်လိုမှုများ ထပ်ပေါင်းထည့်ပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံသည်၂၀၂၀ နှစ်ကုန်တွင်နိုင်ငံတွင် အသုံးပြုသည့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏ ၄၀ရာခိုင်နှုန်းနှင့် ၂၀၂၅တွင် ၇၀ရာခိုင်နှုန်းအထိ ထုတ်လုပ်ရန်ရည်မှန်းထားသည်။  

“ဉာဏမူပိုင်ခွင့်၊တစ်ပိုင်းလျှပ်ကူးပစ္စည်း ဒီဇိုင်းကုမ္ပဏီတွေနဲ့တစ်ပိုင်းလျှပ်ကူးပစ္စည်း fabs အလုပ်ရုံပိုင်းအရတီထွင်ဆန်းသစ်မှုရှိ အဆင့်မြင့်ကုမ္ပဏီတွေကို အမီလိုက်မယ့်တရုတ်ရဲ့ အစီအစဉ်တွေကိုအမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကအမှန်တကယ် ပိုအရှိန်မြန်ဆန်စေလျက်ရှိပါတယ်” ဟု IDC ရှိ ဆက်သွယ်ချိတ်ဆက်မှုနှင့်စမတ်ဖုန်း တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ သုတေသနဒါရိုက်တာ ဖီးလ်ဆိုးလစ်က ပြောသည်။ “လက်ရှိအချိန်မှာတော့ အမေရိကန်ဟာရေတိုကာလမှာ တရုတ်ကိုအထိနာစေနေပေမယ့် ရေရှည်မှာတရုတ်ကို ကူညီနေပါတယ်”  

ပေကျင်းသည် ယင်း၏အဏုမြူလုပ်နိုင်စွမ်း တည်ဆောက်ခြင်းအပေါ်အပ်နှင်းထားသည့် ဦးစားပေးအတိုင်းအတာအတိုင်းယင်း၏ chip အစီအစဉ်ကိုအလားတူ ဦးစားပေးအဆင့်သတ်မှတ်ခွင့်ပြုပေးသွားနေပြီဖြစ်ကာ နိုင်ငံ၏၁၄ ကြိမ်မြောက်ငါးနှစ်တာ စီမံကိန်းတွင်လည်းတစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းအတွက်သုတေသန၊ ပညာရေးနှင့်ငွေကြေးထောက်ပံ့ရေးကို အားပေးအားမြှောက်ပြုမည့်အစီအမံများ ထည့်ပေါင်းထည့်ထားသည်ဟုအမည်မဖော်လိုသူ သတင်းရင်းမြစ်များကိုကိုးကားပြီး Bloomberg ကယခုလအတွင်း ဖော်ပြသည်။  

သြဂုတ်လ အစောပိုင်းကနိုင်ငံတော် ကောင်စီတရုတ်အစိုးရအဖွဲ့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှုကိုအားပေးရန် အခွန်အကောက်၊ရင်းနှီးမြုှပ်နှံမှု၊ သုတေသနနှင့်ဖွံ့ဖြိုးရေး၊ ပင်ကိုယ်စွမ်းရည်အရည်အချင်းဆိုင်ရာမက်လုံးများ အပါအဝင်စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့သည်။ယင်းက တရုတ်တွင်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကိုပြည်တွင်း၌သာ ဖြစ်စေရေးအရှိန်မြန်ဆန်စေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။  

သို့သော် တရုတ်နည်းပညာသည်ထိုင်ဝမ်ဆီမှ နှစ်အနည်းငယ်အဝေးတွင် ပြတ်ကျန်ရစ်နေဆဲဖြစ်ပြီးတရုတ်၏ အကြီးဆုံးသော chip maker ဖြစ်သည့် နိုင်ငံတကာတစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကော်ပိုရေးရှင်း (SMIC) ၏ဖြစ်နိုင်ဖွယ် ဒဏ်ခတ်အရေးယူမှုများအပါအဝင်အမေရိကန်၏ လုပ်ဆောင်ချက်များကြောင့်ထပ်မံ အဟန့်အတားကြုံရရန်ရှိနေသည်။  

တစ်ပိုင်းလျှပ်ကူးပစ္စည်း supply chain အတွက်အခွန် မက်လုံးများတရုတ်ဘက်က မိတ်ဆက်ထားသော်ငြားယင်း၏ စီစဉ်ထားသောထုတ်လုပ်ရေး စက်ရုံအများအပြားသည် ညံ့ဖျင်းအားနည်းသောစီမံကိန်းရေးဆွဲခြင်းနှင့် ငွေကြေးမတည်ခြင်းကိစ္စရပ်များနှင့် ရင်ဆိုင်လုံးပန်းထားခဲ့ရသည်။  

တရုတ်သည် နှစ်များစွာချီတစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းထဲငွေကြေးများ ထည့်ဝင်ထားခဲ့ကြောင်း၊ဒီဇိုင်းနှင့် memory ပိုင်းတွင်တိုးတက်မှု တချို့ရှိခဲ့ကြောင်း၊ သို့သော်အခြား နယ်ပယ်များတွင်တိုးတက်မှု မရှိကြောင်းရှန်ဟိုင်းအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Intralink မှ chip လုပ်ငန်းဆိုင်ရာလေ့လာသူ စတီးဝါ့ရန်ဒေါက ပြောသည်။  

တီထွင်ဆန်းသစ်မှုရှိသော နည်းပညာမြင့်ခုနစ် နာနိုမီတာ chips များ သို့မဟုတ်ယင်းထက် ပိုသေးသည့် chips များ ဖန်တီးထုတ်လုပ်ရန်တရုတ်အတွက် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။  

“ဒီလို လုပ်ဖို့ကအင်မတန် ခက်ခဲပါတယ်၊ပြီးတော့ အကောင်းဆုံးတပ်ဆင်ပစ္စည်းတွေကို လုံးဝမရတဲ့အချိန်မှာ ပိုလို့တောင်ခက်ခဲပါလိမ့်မယ်၊ ရေလတ်ကာလမှာတော့ဒါကို ဖြစ်လိမ့်မယ်လို့ကျွန်တော် မမြင်မိပါဘူး” ဟု ၎င်းကပြောသည်။ “အဲဒါကိုသူတိုဘာသာ အကုန်လုပ်နိုင်မယ့်နည်းလမ်းတွေ ရှာဖို့အဲဒါက ရေရှည်မှာတရုတ်ကို တွန်းအားပေးပါလိမ့်မယ်၊အဲဒါက ဖြစ်တော့ဖြစ်နိုင်ပါတယ်၊ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာအမြတ်အစွန်းမရဘဲ နှစ်များစွာချီငွေကြေးစိုက်ထုတ်သုံးစွဲရပါလိမ့်မယ်”  

အမေရိကန်ဘက်က ယင်းနိုင်ငံတွင်ထုတ်လုပ်မှုလုပ်ဆောင်ရန် အမေရိကန်နှင့်ထိုင်ဝမ် chip maker များကိုမက်လုံးပေးလှုံ့ဆော်ပြီး တစ်ဘက်တွင်လည်းပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကဏ္ဍ တည်ဆောက်ရန်ပေကျင်းတို့ လိုအပ်သည့်နည်းပညာများ ရယူခြင်းကနေတရုတ်ကို တားဆီးရန်အမေရိကန်၏ မဟာမိတ်များကိုတိုက်တွန်းလိမ့်မည်ဟု မျှော်လင့်ကြောင်းပညာရှင်များက ပြောသည်။  

“ဘာလို့လဲဆိုတော့ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေးက တအားကျဆင်းနေချိန်မှာ ထိုင်ဝမ်- အမေရိကန် ဆက်ဆံရေးကအားကောင်းကောင်းနဲ့ ဖြစ်ပေါ်နေပါတယ်၊ဒီတော့ အမေရိကန်အနေနဲ့ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ပိုမိုအကျွမ်းတဝင်ဖြစ်စေမယ့် မူဝါဒတွေချမှတ်ပါလိမ့်မယ်၊ ပြီးတော့အမေရိကန်ကုမ္ပဏီတချို့လည်း ထိုင်ဝမ်မှာရင်းနှီးမြုှပ်နှံပါလိမ့်မယ်” ဟုထိုင်ဝမ်စီးပွားရေးသုတေသန အင်စတီကျူ့မှလျိုက ပြောသည်။  

“အမေရိကန်ဆိုတာတစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ဖြည့်ဆည်းတဲ့ကမ္ဘာ့အဓိက နိုင်ငံပါ၊ထိုင်ဝမ်က နံပါတ်နှစ်ပါ၊ဒီတော့ ဒီအားအကောင်းဆုံး ပါဝါနှစ်ခုအကြား အတူတကွလုပ်ကိုင်တာကနေအကျိုးကျေးဇူးတွေ ရှိပါလိမ့်မယ်” ဟု ၎င်းကပြောသည်။  

သို့သော် ထိုင်ဝမ်ကျွန်းကိုလိုအပ်ပါက စစ်အင်အားသုံးသိမ်းမည်ဟု ပေကျင်း၏ထပ်တလဲလဲ ခြိမ်းခြောက်မှုများရှိနေသည်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့်ထိုင်ဝမ်တွင် မဟာဗျူဟာကျတစ်ပိုင်းလျှပ်ကူးပစ္စည်း နည်းပညာများရှိနေခြင်းက အမေရိကန်ကိုထုတ်ဖော်ပြသလျက် ရှိသည်။အလားတူ ပြည်တွင်းဖြစ်ထွန်းတိုးတက်မှု အရှိန်မြန်ဆန်စေရန်တရုတ်အနေဖြင့် ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်း အင်ဂျင်နီယာများကိုတိုးမြှင့်ဆွဲခေါ်ယူသွားနိုင်သည် ဆိုသည့်စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။  

သို့သော် ဥပမာအားဖြင့် SMIC သည် စီးပွားဖြစ်၊ထုတ်လုပ်နိုင်စွမ်းအားကောင်းသည့် microchip များထုတ်လုပ်မှုအပိုင်းတွင် TSMC ၏နောက်တွင် အနည်းဆုံးငါးနှစ် သို့မဟုတ်၁၀ နှစ်စာအထိပြတ်ကျန်နေဆဲဖြစ်ပြီး၊ အမေရိကန်နည်းပညာများအပေါ်ကြီးကြီးမားမား မှီခိုထားရဆဲဖြစ်ကြောင်းစင်ကာပူ အမျိုးသားတက္ကသိုလ်၏စီးပွားရေးကျောင်းမှ ဧည့် senior fellow တစ်ဦးဖြစ်သည့် အလက်ဇန်းဒါးကာပရီက ပြောသည်။  

“တရုတ်ဟာ နှစ်လေးဆယ်နီးပါးလောက်တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ပတ်သက်လို့ တက်ကြွတဲ့စက်မှုဆိုင်ရာ မူဝါဒတစ်ခုရှိခဲ့ပါတယ်၊ ဒါပေမယ့်သူတို့ ဒါကိုဖြစ်အောင် မလုပ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့လုပ်ဖို့ တကယ်ခက်ခဲလို့ပါ” ဟု ၎င်းကပြောသည်။ “ဒါကအရမ်း ရှုပ်ထွေးတဲ့ ecosystem တစ်ခုပါ၊ ဒီတော့ခင်ဗျားအနေနဲ့ အပြင်ထွက်ပြီးဒါတွေအားလုံးကို ပုံတူပွားလို့မရနိုင်ပါဘူး” ဟု၎င်းက ပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly