NLD အစိုးရ ငြိမ်းချမ်းရေး မြန်မြန်ရအောင် လုပ်ပေးပါလို့ ကျားဖြူပါတီ ဥက္ကဋ္ဌ တောင်းဆို

NLD အစိုးရ ငြိမ်းချမ်းရေး မြန်မြန်ရအောင် လုပ်ပေးပါလို့ ကျားဖြူပါတီ ဥက္ကဋ္ဌ တောင်းဆို

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အများစု အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်မယ့် အခြေနေမှာ ရှိနေပါပြီ။ တိုင်းရင်းသားဒေသတွေ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့အပေါ်နဲ့ နောက်(၅) မှာ ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် အမြင်တွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနှင့် မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး ။  ။ နိုင်ဝင်ဘာ (၈)ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ဘာများသုံးသပ်ချင်လည်း ခင်ဗျ။

ဖြေ ။   ။ ပထမ တစ်ချက်အနေနဲ့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အနေနဲ့ ဒီရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားတဲ့အတွက် ကျွန်တော်တို့ ကျားဖြူပါတီကနေ ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့ ဒီလောက် တောင်ပြိုကမ်းပြို နိုင်ခဲ့ သလဲဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးရဲ့ စိတ်ထဲမှာ အပြောင်းအလဲကို လိုချင်နေပြီ။ ဒီမိုကရေစီစနစ်ကို သွားချင်ပြီ ဆိုတာ လုံးလုံးလျားလျား ပြည်သူရဲ့ သဘောထားကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

 

ဒါပြည်သူရဲ့ သဘောဆန္ဒပဲ။ ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကို မကြိုက်တော့ဘူး။ အုပ်ချုပ်ရေး စနစ်သစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားချင်ပြီ ဆိုတာကို ဖော်ပြလိုက်တာပဲ။ ပြည်သူတွေက အပြောင်းအလဲကို လိုချင်တဲ့အတွက် NLDကို တောင်ပြိုကမ်းပြို မဲပေးခဲ့ကြတာပဲလေ။ ပြောချင်တာက NLDတော့ မဲအပြတ်သတ်နဲ့ အနိုင်ရခဲ့ပြီ။ တိုင်းရင်းသားတွေ ဒေသမှာလည်း NLD ကိုပဲ မဲပေးခဲ့ကြတယ်။ တိုင်းရင်းသား ဒေသတွေမှာ ကျွန်တော်တို့ကို ထိုက်သင့်သလောက်ပဲ မဲပေးခဲ့ကြတယ်။ အဲ့ဒါကလည်း ဘာဖြစ်လို့လည်းဆိုရင် NLD သာအနိုင်ရရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့  မျှော်လင့်ချက်နဲ့ မဲဆန္ဒပေးခဲ့ ခြင်းပဲ ဖြစ်ပါတယ်။

 

မေး ။  ။ လက်ရှိထွက်ပေါ်လာတဲ့၊ UEC ကထုတ်ပြန်နေတဲ့ စာရင်းတွေအရတော့ NLD က အပြတ် အသတ် အနိုင်ရခဲ့တယ်ပေါ့။ တောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ပြောလို့ရမှာပေါ့။ ဒါကလည်း ပြည်သူတွေအနေနဲ့ လူ ကို ကြည့်ရွေးတာမဟုတ်ပဲ ပါတီကိုပဲ ကြည့်ရွေးတာ၊ တစ်ပါတီ အာဏာရှင် စနစ်မျိုး ဖြစ်နေတယ် ဆိုတဲ့ ဝေဖန်သံ တွေလည်း ကြားနေရတယ်ပေါ့။ ဒီအပေါ်မှာလည်း နည်းနည်းသုံးသပ်ပေးပါဦး။ အန်ကယ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။   ။ တစ်ပါတီစနစ်ပုံစံမျိုးတော့ မဖြစ်နိုင်ဘူး။ သွားနေတဲ့ ပုံစံကလည်း ပါတီစုံ ဒီမိုကရေစီ စနစ်ပဲလေ။ ပြည်ခိုင်ဖြိုး အနေနဲ့ကတော့ စစ်မှန်တဲ့ အတိုက်အခံ ပုံစံမျိုး လုပ်ပေးဖို့တော့ လိုတာပေါ့။ ဒီလည်း အများ ကြီး မနိုင်ဘူး။ လွှတ်တော်အမတ်(၁)နေရာပဲ နိုင်တယ်ဆိုပေမယ့် တိုင်းပြည်ကောင်းစားဖို့အတွက် တို့ကတော့ အ ပြုသဘောနဲ့ ဝေဖန်သွားမှာပဲ။ အပြုသဘောနဲ့ ထောက်ပြသွားမှာပဲ။

မေး ။  ။ ပြည်ခိုင်ဖြိုးအနေနဲ့ကကော အဲဒီလို အတိုက်အခံ ပါတီတစ်ခုအနေနဲ့ ရပ်တည်မယ့် အနေအထား တွေ့ ရလားဗျ။

ဖြေ ။   ။ ဒါကတော့ သက်ဆိုင်တဲ့ ပါတီရဲ့ သဘောထားပေါ်မှာလည်း မူတည်တာပေါ့။ ဒါပေမယ့် အန်ကယ်တို့ တော့ အားပေးချင်တယ်ဗျာ။ ဒီမိုကရေစီစနစ်မှာ (၅)နှစ်တစ်ကြိမ်ပဲလေ။ NLD အစိုးရဖွဲ့ပြီးတော့ တိုင်းပြည် အုပ်ချုပ်ကြည့်ပါဦး။ ဘယ်လောက်ဖြစ်လာမလဲ။  ဖြစ်လာရင် အတိုက်အခံပါတီတွေက အပြုသဘောနဲ့ ေ၀ ဖန် ထောက်ပြရမှာပဲလေ။ ပြီးခဲ့တဲ့ (၅) နှစ်ကလည်း NLDက အတိုက်အခံအနေနဲ့ လုပ်လာခဲ့ပြီးပြီပဲ။ ပြီးခဲ့တဲ့ န.ဝ. တ၊ န.အ.ဖ တို့တော့ ထားလိုက်ပါတော့။ ရွေးကောက်ပွဲက တက်လာတာမှ မဟုတ်ပဲ။  ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုရင် (၅)နှစ် သက်တမ်းပဲ ရှိတယ်လေ။ NLDက အတိုက်အခံ လုပ်လာပြီးပြီ။ ခုတစ်ခါ NLD က အစိုးရဖြစ်မယ်။ ပြည်ခိုင်ဖြိုးက ပြန်ပြီးတော့ အတိုက်အခံ ပြန်လုပ်ရမှာပေါ့။

မေး ။  ။ NLD အစိုးရ တက်လာပြီဆိုရင်ကော လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးပြဿနာတွေကို လျော့ချနိုင်ပါ့မလား။ သူတို့အနေနဲ့ လက်နက်ကိုင် ပဋိပေက္ခကို ဖြေရှင်းနိုယ်မယ်လို့ မြင်းလာ ခင်ဗျ။

ဖြေ ။   ။ အန်ကယ်တို့က တိုက်တွန်းမှာပဲလေ။ တိုင်းရင်းသားတွေ အားလုံးကော ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေးကို မျှော်လင့်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည် တွင်းစစ်ကြီးက အရမ်းကို ကြာသွားပြီလေ။ နှစ်ပေါင်း(၆၀)ကျော်သွားပြီ။ (၇၀)နားကပ်နေပြီ။ ဒီလက်နက်ကိုင် ပဋိပေက္ခက ရပ်သင့်ပြီဗျ။ ရပ်ပြီးတော့ စားပွဲဝိုင်းမှာ ဆွေးနွေးသင့်ပြီဗျ။ လက်နက်နဲ့ ဖြေရှင်းလို့မရဘူး။ စားပွဲ ဝိုင်းမှာ နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းသင့်တယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုအလေးထားပြီးတော့ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စုရအောင် လုပ်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုရရင်တော့ ငြိမ်းချမ်းရေးရမယ်လို့ တို့ကတော့ ယုံကြည်တယ်လေ။ NLD က အစိုးရသစ်ဖွဲ့မယ်ဆိုရင် သူက ပိုပြီးတော့တောင်  ပြည်သူရဲ့ ဆန္ဒ အစစ်အမှန်နဲ့ရွေးကောက်တင်မြောက်လို့ ရတဲ့အစိုးရဆိုရင် ပိုပြီးတော့တောင် လုပ်ရတာ လွယ်မယ်လို့ ထင် တယ်လေ။

မေး ။  ။ ရွေးကောက်ပွဲ ရလဒ်တွေကတော့ ထွက်လာပြီပေါ့နော်။ ဒီရလဒ်တွေအရဆိုရင် မကြာခင်မှာ လက်ရှိအစိုးရအနေနဲ့ အာဏာလွှဲ ပြောင်းပေးရတော့မှာပေါ့။ အဲဒီ အာဏာလွှဲပြောင်းပေးရေးမှာကော ဘယ်လိုအဟန့်အတားမျိုးတွေ ကြုံရနိုင်လဲ ခင်ဗျ။

ဖြေ ။   ။ သမ္မတကြီးကလည်း ကတိပေးပြီးပြီ။ငြိမ်းချမ်းစွာ အာဏာလွှဲပေးမှာပဲလေ။ မလွှဲပေးလို့ လည်းမရ ဘူးလေ။ ဒီအခြေခံဥပဒေအရ။ (၉၀) ခုနှစ် ရွေးကောက်ပွဲကို သွားမတွက်နဲ့ ၊ ၁၉၉၀ က အခြေခံဥပဒေမှ မရှိပဲ။ဒါအခြေခံဥပဒေရှိတယ်လေ။ အခြေခံဥပဒေရှိတဲ့အတိုင်းက လွှဲပေးရမှာပဲ။မလွှဲပေးလို့မှမရတာ။ သာ မန်ပြည်သူတွေကတော့ စိုးရိမ်မှာပေါ့လေ။

မေး ။  ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLDပါတီက လိုလားနေတဲ့  ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စမှာကော သူတို့အစိုးရ လက်ထက်မှာ အောင်မြင်နိုင်ပါ့မလား။ ဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ ။   ။ တစ်ချို့ဟာတွေတော့ လုပ်လို့ရမှာပေါ့။ အဓိက ဟာက ဒီ ၄၃၆ လိုဟာမျိုးကတော့ တပ်မတော်ကို စည်းရုံးရမှာပေါ့။ တပ်မတော်မပါဘူး၊ ၂၅ ရာခိုင်နှုန်းရဲ့ ဆန္ဒမပါဘူးဆိုရင် သိမ်မလွယ်ဘူး။ တစ်ချို့ဟာ တွေ တော့ ပြင်နိုင်တာပေါ့။ ဒါပေမယ့် တစ်ချို့ ပုဒ်မတွေ တော့ ခက်နေတာပေါ့။

မေး ။  ။ ရွေးကော်ပွဲရလဒ်တွေအရေတော့ NLDပါတီက အစိုးရဖွဲ့ခွင့်ရသွားပြီပေါ့နော်။ အဲဒီတော့ လာမယ့် (၅)နှစ်မှာ တက်လာမယ့် အစိုးရသစ်အဖွဲ့ကို ဘယ်လို အကြံပြုစကားတေါ ပြောချင်လဲ၊ သူတို့အနေနဲ့ ဘယ်လိုအပိုင်းတွေကိုအဓိကထား ပြုပြင် ပြောင်းလဲ သင့်တယ်လို့ထင်လဲ။

ဖြေ ။   ။ NLD အစိုးရ ဖြစ်လာပြီဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ဝင်လာတော့မယ်လို့တော့ ထင်တယ်ဗျ။တိုင်းပြည်ကတော့ ပိုပြီးတော့ ဖွံ့ဖြိုးသွားမယ်လို့တော့ ထင်တယ်။ ဒါပေမယ့် တက်လာမယ့်အစိုးရကို အကြံပေးချင်တာက အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ  တောနေလူတန်းစားတွေ ချမ်းသာမှ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာဗျ။ အဲတော့ တိုင်းပြည်ချမ်းသာဖို့ဆိုရင် ကျေးလက်ကို ပိုပြီးတော့ ဖွံ့ဖြိုးအောင် အများကြီး လုပ်ဆောင်ရမယ်ဗျ။

စိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်။ စက်မှုလက်မှု ကဏ္ဍလည်း ဖွံ့ဖြိုးရမှာပေါ့။ တစ်ခြား ကဏ္ဍတွေမှာလည်း ဖွံံဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တေါမှာတော့ ပထမဆုံးတိုက်တွန်းချင်တာက ငြိမ်းချမ်းရေးရအောင် မြန်မြန်လုပ်ပေးပါ။ နောက်တစ်ခါ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံဖြစ်အောင် မြန်မြန်လုပ်ပေးပါ။ တက်လာမယ့် အစိုးရအနေနဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒါပဲ တိုက်တွန်းချင်တယ်။ ငြိမ်းချမ်းရေး ရအောင် မြန်မြန်လုပ်ပေးပါ။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု အစစ်အမှန် ရအောင်လည်း လုပ်ပေးပါ။

ခုဟာက ဖက်ဒရယ်ပြည်ထောင်စုဆိုပြီး ဗဟိုကနေပဲ ချုပ်ကိုင်နေတဲ့ဟာမျိုးတွေ တို့က မလိုချင်ဘူး။ တိုင်းရင်းသားတွေက။ ဗဟိုက ချုပ်ကိုင်ရမယ့် ကာကွယ်ရေး၊ လုံခြုံရေး၊ ငွေရေး ကြေးရေးတွေလောက်ပဲ လုပ်ပြီးတော့ ကျန်တဲ့အပိုင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပေးသင့်တယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားစာပေတွေ တိုင်းရင်းသားကောလိပ်တွေ အကုန်လုံး လုပ်ပေးရမှာ။တို့ကတော့ ဖက်ဒရယ်ကို သွားချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ချို့တည့်တဲ့ ပြည်သူတွေကို ပံ့ပိုးကူညီရတာ ဘာဖြစ်လည်း။ ကိုယ် ပြည်သူတွေပဲ။ လုပ်နိုင်ကိုင်နိုင်တဲ့ ပြည်နယ်တွေ ပိုပြီးတော့ ဖွံ့ဖြိုးသွားမယ်။ အဲဒါပဲ အနိုင်ရပါတီကို တိုက်တွန်းချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags