အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော်အထိ ရှိ 

အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော်အထိ ရှိ 
Photo - AFP

စက်တင်ဘာ ၂၃

အမေရိကန်နိုင်ငံမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ယခုအခါ နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

ခုလို နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်သိန်းကျော်လာခဲ့ချိန်မှာ သေဆုံးသူတွေကို အောက်မေ့ဖွယ် အမှတ်တရအဖြစ် COVID Memorial Project ပရောဂျက်အဖွဲ့မှ စေတနာ့ဝန်ထမ်းတွေဟာ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင် ကွင်းပြင်မှာ အမေရိကန်အလံငယ်တွေ စိုက်ထူခဲ့ကြပါတယ်။ 

“ဒါတွေကတော့ အလံ ၂၀,၀၀၀ ဖြစ်ပါတယ်၊ အလံတစ်ခုချင်းစီတိုင်းဟာ ကိုဗစ် ကြောင့် သေဆုံးသွားခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၁၀ ဦးစီကို ကိုယ်စားပြုပါတယ်” လို့ ပရောဂျက်ရဲ့ ပူးတွဲ စီစဉ်သူ မော်ဂန် ဖင်ကယ်စတိန်းက ပြောပါတယ်။ 

နိုင်ငံမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှာ ဆက်ရှိနေမလား၊ မရှိဘူးလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီမှာပဲ ခုလိုမျိုး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်သိန်းကျော်အထိ ရှိလာတဲ့ မနှစ်မြို့ဖွယ် မှတ်တိုင်တစ်ခုကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဒသမ ၈၆ သန်း ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀,၁၈၂ ဦး ရှိနေတယ်လို့ သိရပါတယ်။ 

အမေရိကန်ကတော့ ကမ္ဘာမှာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံအဖြစ် ရှိနေပြီး ယင်းရဲ့နောက်မှာတော့ ဘရာဇီးက သေဆုံးသူ ၁၃၇,၂၇၂ ဦး၊ အိန္ဒိယက သေဆုံးသူ ၈၈,၉၃၅ ဦးတို့နဲ့ အသီးသီး ရပ်တည်နေပါတယ်။ 

အမေရိကန်ရဲ့ လူဦးရေဟာဆိုရင် ကမ္ဘာ့လူဦးရေရဲ့ လေးရာခိုင်နှုန်း စာရင်းပေါက်ပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းဟာလည်း အမေရိကန်မှာ သေဆုံးသူတွေ ဖြစ်နေပါတယ်။ 

ခုလိုမျိုး အမေရိကန်ရဲ့ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ဒါဟာ ဒေါ်နယ်ထရမ့်အစိုးရဘက်က နိုဝင်ဘာ ၃ ရွေးကောက်ပွဲမတိုင်ခင် အခက်ခဲဆုံးစမ်းသပ်မှုကို ဖြည့်ဆည်းနိုင်ခြင်း မရှိဘူးဆိုတာကို ထုတ်ပြနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ ခြောက်လအတွင်း ဒေါ်နယ်ထရမ့်ရဲ့ အလိမ်အညာတွေ၊ ညံ့ဖျင်းမှုတွေကြောင့် ကျွန်တော်တို့ဟာ သမိုင်းမှာ အဆိုးဝါးဆုံးအခြေအနေတစ်ခုအနေနဲ့ အမေရိကန်တွေရဲ့ အသက်တွေဆုံးရှုံးမှုကို မြင်တွေ့ခဲ့ရပါတယ်” လို့လည်း ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၁ ရက်မှာ ပြောဆိုသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly