ရွေးကောက်ပွဲအနိုင်ရလာဒ်ကြေငြာရန် ၁၁ရာခိုင်နှုန်းသာ ကျန်တော့

ရွေးကောက်ပွဲအနိုင်ရလာဒ်ကြေငြာရန် ၁၁ရာခိုင်နှုန်းသာ ကျန်တော့

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲအနိုင်ရလဒ်များ  ဆက်လက်ထုတ်ပြန်ကြေငြာရန် ၁၁ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၃ရက်၊ ညနေ ၄နာရီတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နိုဝင်ဘာ ၉ရက်၊ ညနေ ၃နာရီကတည်းက အနိုင်ရလဒ်များကို ကော်မရှင်က နံနက် ၉နာရီမှ ည၉နာရီထိ ၃နာရီခြားတစ်ကြိမ် ကြေငြာပေးနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၃၊ ညနေ ၃နာရီ ထုတ်ပြန်ပြီးချိန်ထိ ၈၉ရာခိုင်နှုန်း ကြေငြာပြီးဖြစ်သည်ဟု ဦးမြင့်နိုင်က ဆိုသည်။

“ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ထက်တောင် ပိုစောပြီး ရလဒ်တွေ ထုတ်ပြန်ပေးနိုင်ပါလိမ့်မယ်” ဟု ဦးမြင့်နိုင်က ပြောသည်။ ရွေးကောက်ပွဲအနိုင်ရလဒ်များကို ရွေးကောက်ပွဲကျင်းပအပြီး နှစ်ပတ်အတွင်း အပြီးသတ် ကြေငြာပေးမည်ဟု ကော်မရှင်က ကနဦးတွင် ပြောဆိုထားခြင်း ဖြစ်သည်။ လက်ရှိထုတ်ပြန်ချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ခွင့်ရှိသည့် အမတ်ဦးရေထက်ပင်ကျော်လွန်ကာ အနိုင်ရရှိထားသည်။

ပြည်သူ့လွှတ်တော်အတွက် ထုတ်ပြန်ပြီးအခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၄ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိထားပြီး လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီက ၈ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၄ရာခိုင်နှုန်းနှင့် အခြားပါတီများက ၆ရာခိုင်နှုန်းဖြင့် အသီးသီးအနိုင်ရရှိထားသည်။ အမျိုးသားလွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၅ရာခိုင်နှုန်း နေရာယူထားပြီး ကြံ့ခိုင်ရေးပါတီက ၇ရာခိုင်နှုန်းနှင့် အခြားပါတီများက ၁၀ရာခိုင်နှုန်း အသီးသီး အနိုင်ရထားသည်။

တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၈ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီက ၁၀ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄ရာခိုင်နှုန်းနှင့် အခြားပါတီများက ၅ရာခိုင်နှုန်း နေရာရရှိထားသည်။ ကြေငြာရန်ကျန်နေသည့် လွှတ်တော်များမှာ ပြည်သူ့လွှတ်တော်တွင် ၂၅နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁၄နေရာကျန်ရှိနေသလို တိုင်းရင်းသားရေးရာကိုယ်စားလှယ် ၁၂နေရာနှင့် တိုင်းနှင့်ပြည်နယ်တွင်မူ ရာခိုင်နှုန်းအားဖြင့် ၁၃ရာခိုင်နှုန်း ထုတ်ပြန်ကြေငြာရန် ကျန်ရှိနေသေးသည်။

ထုတ်ပြန်ကြေငြာပြီးသည့် အနိုင်ရလဒ်များအရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပေါက်ဖွားလာသည့် အစဉ်အလာရှိသည့် ပါတီဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပါအဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်တို့မှာ လွှတ်တော်အသီးသီးတွင် အနိုင်ရရှိမှု လုံးဝမရှိသေးသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags