ကိုဗစ်-၁၉ ကပ်ဘေးနှင့် လိုအပ်သော မူဝါဒများ

ကိုဗစ်-၁၉ ကပ်ဘေးနှင့် လိုအပ်သော မူဝါဒများ

စက်တင်ဘာ ၂၂၊ ၂၀၂၀

COVID-19 တကျော့ပြန် ခေါင်းထောင်မှုက မြန်မာပြည်တွင် ဖြစ်ပွားနေသည်။ အထူးသဖြင့် လူဦးရေအထူထပ်ဆုံးသော စီးပွားရေးမြို့တော် ရန်ကုန်တွင် ဖြစ်သည်။ မြန်မာတစ်နိုင်ငံတည်းတော့ ဒါမျိုးဖြစ်သည်မဟုတ်။ ဥပမာ-   အစ္စရေးနိုင်ငံက အဝင်အထွက် ပိတ်ဆို့မှု တင်းကျပ်မှု (lockdown) ကြေညာသည်။ ဗြိတိန်တွင် ယေဘုယျအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြန့်ပွားခြင်း တိုးများလာသဖြင့် သတိပေးအဆင့်ကို ပြောင်းလဲသတ်မှတ် ရန် ပြင်နေကြသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း lockdown ဟူသော စကားလုံးကို အထူးသတိပြု ရှောင်ရှားနေကြောင်း သတိပြုမိပါသည်။

ကပ်ရောဂါကို နဖူးတွေ့ဒူးတွေ့ ကြုံရသည့်ကာလတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ရန်လိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း (social distension)၊ အသွားအလာ စောင့်ကြည့် ကန့်သတ်ခြင်း (quarantine) စသော ကျောင်းသင်ရိုးတွင် မမြင်ဖူးသည့် စကားလုံးများနှင့် ယင်းတို့၏ အနက်အဓိပ္ပာယ် ကျယ်ဝန်းမှုအပေါ် နားလည်သဘောပေါက်ခြင်း ပြဿနာက နောက်ဆက်တွဲအဖြစ် ကပ်လိုက်လာပါသည်။

ပြောရလျှင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ အထိတ်တလန့် မဖြစ်စေရန်နှင့် ဒေသန္တရအမိန့်မှအစ မဖြစ်မနေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စည်းမျဉ်းစည်းကမ်း၊ အမိန့် ထုတ်ပြန်မှုများအကြား မျှခြေကို ချိန်ဆရန် ခက်နေခြင်း၊ နောက်ဆက်တွဲအနေဖြင့် ပြည်သူများက သို့လော၊ သို့လောဖြစ်ခြင်းမှသည် လိုက်နာရန် ပျက်ကွက်ခြင်းတို့ ကျွဲကူးရေပါ ဖြစ်လာပါတော့သည်။

ယခု ကြုံနေရသည့် ရောဂန္တရကပ်တွင် ကောင်းကွက်ကို မျှော်ကြည့်သော် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပေါ်ဖို့ နီးစပ်လာခြင်းဖြစ်သည်။ အနည်းဆုံး ဆေး နှစ်မျိုး ယခုနှစ်မကုန်မီလောက်တွင် ခွင့်ပြုချက်ရလောက်သည်ဟု ကျွမ်းကျင်သူများက ဟောကိန်းထုတ်ထားသည်။ ဆေးအမြန်ဖော်နိုင်ရေးအတွက် အစိုးရများက ပုံမှန်မဟုတ် ထူးကဲသော စည်းမျဉ်းဥပဒေများပြင်ဆင်ပေးကာ ဘဏ္ဍာရေး အထောက်အပံ့ပေးမှုနှင့်တကွ လူသားနှင့် စမ်းသပ်မှုလုပ်ငန်းစဉ် အပြီးမသတ်သေးခင်မှာပင် ဆေးထုတ်ဖို့ ပြင်ဆင်နေကြသည်။  အကယ်၍သာ မှန်းဆထားကြသလို ရလဒ်ထွက်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် မကုန်ခင်မှာပင် လူသန်း ၂၀၀ ကို ကာကွယ်ဆေးထိုးပေးနိုင်မှာ ဖြစ်သည်။

သို့သော် ဆိုးကွက်များကို လျစ်လျူမရှုဘဲ လက်တွေ့ကျကျ ကြည့်လျှင် ချမ်းသာသောနိုင်ငံများမှ နိုင်ငံသူ နိုင်ငံသားများ၊ တရုတ်နိုင်ငံသားများက ဆေးအရင်ရကြမှာဖြစ်သည်။ မြန်မာကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများက နောက်ကျမှ ရပါလိမ့်မည်။ ဒါ့အပြင် ပထမမျိုးဆက် ကာကွယ်ဆေး၏ ထိရောက်မှုက ကာလတိုအတွက်ပဲ ကောင်းမှာလား၊ ဘေးထွက်ဆေးကျိုးတွေက မျှော်လင့်ထားသည်ထက် ပိုမှာလား မည်သူမျှ အာမမခံနိုင်သောအနေအထားဖြစ်သည်။

အနည်းဆုံး လူ သန်း ၅၀ ကို ဇီဝိန်ခြွေသွားသည့် ၁၉၁၈-၂၀ တုပ်ကွေး ကပ်ဘေးနှင့် ကပ်ဘေးလွန် အခြေအနေတို့ကလည်း မမေ့သင့်သည့် အကြောင်း ဖြစ်ပါသည်။  

ကိုဗစ်-၁၉ ကြောင့် နိုင်ငံ့ တိုးတက်မှု ရပ်နေခြင်း၊ အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေး အကျပ်အတည်းမှသည် နိုင်ငံရေး အရှုပ်အထွေးတို့ အမြစ်ဆက်တွယ်နေခြင်းတို့ကိုလည်း မြင်တွေ့ရဖွယ်ရှိသည်။

ဟားဗတ်ဒ် တက္ကသိုလ်မှ ပါမောက္ခ ကက်နက် ရော့ဂေါ့ဖ်က COVID-19 အလွန်ကို ၁၉၃၀ ဝန်းကျင် စီးပွားပျက်ကပ်ဖြင့် တပ်လှန့်ထားပါသည်။ စီးပွားရေး လုပ်ငန်းကြီးများ နာလန်ထူရန် အားယူရခြင်းမှသည် အထူးသဖြင့် ဝင်ငွေနည်းသည့် မိသားစုများတွင် သက်ရောက်မည့် မျိုးဆက်သစ် ကလေးများ ကျောင်းနေကာလ ရပ်ဆိုင်းနေရခြင်း၊ နောက်ဆက်တွဲအဖြစ် အလုပ်အကိုင် ရှာဖွေရခက်ခဲခြင်း စသည်တို့အထိသည် သိသာမြင်သာ ဥပမာအား ဖြင့် ကွက်ကွက်ကွင်းကွင်း အစပေါ်ရုံ ဖော်ပြခြင်း ဖြစ်ပါသည်။

ဤနေရာတွင် အရေးပါလာသည်မှာ နိုင်ငံ၏ မူဝါဒ ချမှတ်သူ (policy maker) များ ဖြစ်ပါသည်။ မူဝါဒ ချမှတ်သူများအနေဖြင့် ကပ်ရောဂါ တားဆီးကာကွယ်ရေးအပြင် ကုစားရေး အစီအစဉ်များကို စတင်ပြင်ဆင်ရတော့မည့် ကာလဖြစ်ပါသည်။ အထူးသဖြင့် အနာဂတ် မျိုးဆက်အပေါ် မဖိတ်ခေါ်ဘဲ သက်ရောက်လာမည့် အရေးများကို တွန်းဖယ်နိုင်ရန်၊ လက်တွေ့ကျကျ ကျော်ဖြတ်နိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ကျပ် ဘီလီယံ ၁၀၀၀ ကျော်သုံးစွဲရန် လျာထားထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့ညက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ပြောကြား သွားသည်။ မည်သည့်ကဏ္ဍများတွင်သုံးစွဲမည်နှင့် ကာလအပိုင်းအခြား မပါရှိသော်လည်း မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားသော ပြီးခဲ့သည့် မတ်လမှ ယခု စက်တင်ဘာလအထိ ခြောက်လအတွင်း အစိုးရ၏ ထောက် ပံ့မှုများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်စပ်သည့် ထောက်ပံ့ကူညီမှုများတွင် ကျပ် ဘီလီယံ ၁၉ဝ၀ ကျော်ကျခံသုံးစွဲထားခြင်းကို ထောက်ရှု၍ ကာလတိုတစ်ခုအတွက် ဖြစ်မည်ဟု ယုံကြည်ရသည်။

အကောင်းဆုံးအခြေအနေမှာတောင်မှ ကပ်ဘေးလွန်ကာလတွင် ကပ်ရောဂါမဖြစ်ခင်က ဝင်ငွေကို လူအများပြန်လည်ရရှိမှာ မဟုတ်ပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလလွန်များကို ပြန်ကြည့်လျှင် ပြန်နာလန်ထူဖို့ နှစ်နှင့်ချီ၍ အချိန်ယူကြရသည်။

မြန်မာနိုင်ငံက ဈေးကွက်သစ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံရလေ့ရှိသည့် ပိုမိုအထိနာမှာဖြစ်သလို ကိုဗစ်-၁၉ ထိုးနှက်ချက်များက ရုန်းထွက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်က ဆန်ဈေးနှုန်းအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုဖြစ်ခဲ့ရာက မြန်မာ့ကျေးလက်နေ လူထုကြီးကို အကြီးအကျယ် ရိုက်ခတ်သွားခဲ့ရာ ခါးသီးလှသော အတွေ့အကြုံများ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့သွားရာက အလုပ်အကိုင် ဖန်တီးနိုင်စွမ်းကို ထိပါးစေသလို ကုန်ထုတ်လုပ်မှုများ ကုန်ကျစရိတ် ပိုမြင့်တက်လာစေသည်။ ကပ်ဘေးလွန်ကာလတွင် ကုန်ထုတ်လုပ်မှု ကပ်ဘေးကြောင့် စာသင်ကျောင်းတံခါးများ ပိတ်ထားခဲ့ရသည့်အတွက် ကပ်ဘေးလွန်ကာလတွင် ဝင်ငွေနည်းမိသားစုများမှ ကလေးများ ပညာသင်ကြားမှု ထိခိုက်ပါလိမ့်မည့်။ လုပ်သားများကျွမ်းကျင်မှုနှင့် ရေရှည်ကုန်ထုတ်လုပ်မှု စွမ်းရည်ကို ထိခိုက်သည်ကြောင့် ဝင်ငွေလျော့ပါးစေပြန်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခရှိနေသည့် နိုင်ငံတွင် တည်ငြိမ်မှုကို ဆင့်ကဲခြိမ်းခြောက်လာစေနိုင်သည်။

သို့သော် အခင်းအကျင်းသစ်တွင် အခွင့်အလမ်းကောင်းများ ရှိနိုင်ပါသေးသည်။ ကပ်ရောဂါက ထုတ်ကုန်ဗဟိုချက်မကြီးများအပေါ် အားပြုလည်ပတ်ခြင်းကို ကြောက်ရွံ့သွားစေပြီး ရင်းနှီးမြုပ်နှံသူများအတွက် နိုင်ငံခွဲ၊ နေရာခွဲလုပ်ကိုင်လာခြင်းကို ရွေ့လျားလာနေသည်။ လုပ်ငန်းများတွင် တယ်လီကွန်မြူနီကေးရှင်းသုံးသည့် အလေ့အထ ပိုလာကာ အကျိုးကျေးဇူးပိုသည်ကိုလည်း သိလာကြသည်။

မူဝါဒချမှတ်သူများ အရေးကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ မရေရာမှုကြီးများကို လျှော့ချရေးနှင့် ကပ်ဘေးဒဏ် အဆိုးဆုံးခံရသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးကဏ္ဍတို့ကို အရေးပေါ် အထောက်အပံ့များ ဆက်ပေးနေရန်လိုသည်။

 ထို့အပြင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများပြင်ဆင်ခြင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းကို အာရုံစိုက်ပိုတွန်းသင့်သလို ကွန်ပြူတာ၊ အင်တာနက်အသုံးပြုမှု ပိုကျယ်ပြန့်လာအောင် လုပ်ဆောင်သင့်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly