ရွေးကောက်ပွဲအပြီး မြန်မာ့အရွေ့ ဘယ်ကို ဦးတည်မလဲ

ရွေးကောက်ပွဲအပြီး မြန်မာ့အရွေ့ ဘယ်ကို ဦးတည်မလဲ

မြန်မာနိုင်ငံ၏ သမိုင်းဝင် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲအပြီး ၄ ရက်အကြာတွင် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှာ တောင်ပြိုကမ်းပြိုအနိုင်ရမည့် အနေအထားတွင် ရှိနေသည်။ (နောက်ဆုံးရ သတင်းအရ NLD အစိုးရ ဖွဲ့နိုင်ပြီဖြစ်သည်။)

 

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရမည့် အလားအလာ ရှိနေသည်ဟု ပါတီက အခိုင်အမာ ပြောကြားနေရာ သြဇာကြီးမားသော စစ်တပ်၏ နိုင်ငံရေး လက်တံတစ်ခုဖြစ်သော လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအဖို့ အရှုံးကြီးရှုံးမည့် သဘောပင် ဖြစ်သည်။

၂၅ နှစ်တာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် ဆန္ဒမဲပေးပွဲတွင် နိုင်ငံသား သန်း ၃၀ကျော် မဲရုံများတွင် ဆန္ဒမဲ ပေးခဲ့ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က တနင်္ဂနွေနေ့မှ စတင်ကာ တစ်ဖြတ်ချင်း၊ တစ်ပိုင်းချင်း ပုံစံဖြင့် ရွေးကောက်ပွဲ ရလဒ်များကို နည်းနည်းချင်းစီ ကြေညာပေးနေသော်လည်း အံ့သြစရာ ကောင်းလောက်အောင်ပင် ဗုဒ္ဓဟူးနေ့အထိ ကြေညာပြီးသမျှ အမတ်နေရာ ၂၉၄ နေရာတွင် NLDက ၂၅၆ နေရာ အနိုင်ရ နေသည်။    

 “ဒါဟာ ၁၉၉၀ ရလဒ်ထက် ပိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး NLD အမတ်လောင်း နေဘုန်းလတ်က ပြောကြားခဲ့သည်။ ၁၉၉၀ ခုနှစ်က အထွေထွေ ရွေးကောက်ပွဲတွင် NLD က အနိုင်ရ ခဲ့သော်လည်း ပယ်ဖျက်ပစ်ခဲ့သည်။   

NLDမှာ အစိုးရဖွဲ့ပြီး သမ္မတ ရွေးကောက်တင်မြောက်ရန် လိုအပ်သည့် ပါလီမန် အမတ်နေရာ အများစုထက် သိသိသာသာ ကျော်လွန်သွားမည့် သဘော ရှိနေသည်။ ပါတီ၏ အောင်မြင်မှုမှာ အမေစုကို ပလက်ဖောင်း (သို့မဟုတ်) ပေါ်လစီ ဆွေးနွေးမှု မှန်သမျှ၏ အထက်တွင် တင်ထားသည့် မဲဆွယ်ပွဲက အရောက်ပို့ပေးခဲ့သော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘာဝလွန်နီးပါး အရှိန်အဝါပေါ်တွင် အကြီးအကျယ် မှီခိုနေရသည်။

ရွေးကောက်ပွဲနေ့တွင် နိုင်ငံအနှံ့အပြားတွင် ဤအပျော်ကို ထိတွေ့ ခံစားနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မန္တလေးတွင် နံနက်၆နာရီ မဲရုံမဖွင့်မီကပင် မဲရုံများအပြင်ဘက်တွင် ရှည်လျားဝသည့် လူတန်းကြီးမှာ မဲထည့်ရန် စိတ်လောစွာပင် စောင့်ဆိုင်း နေကြသည်။

မဲထည့်ရန် ၂နာရီကြာ စောင့်ဆိုင်းခဲ့ရသည့် ၃၈ နှစ်အရွယ် ဒေါ်သန်းသန်းဌေးမှာ နံနက် ၈နာရီခွဲ အချိန်တွင် မင်စွန်းနေသော လက်ကို ထောင်လျက် မဲရုံထဲမှ ထွက်လာသည်။ ဘယ်သူ့ကို မဲထည့်ခဲ့သလဲဟု မေးသည့်အခါတွင် သူမက လက်မကို ထောင်ပြလျက် “အောင်ဆန်းစုကြည် ကျမရဲ့  သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေအားလုံး အောင်ဆန်းစုကြည်ပဲ”ဟု ပြောသည်။

ညနေခင်းလောက်တွင် NLD အမှတ်တံဆိပ် ခွပ်ဒေါင်းနှင့် ကြယ်ဖြူ ခေါင်းစည်းများ စည်းထားသော ပျော်ရွှင်နေသည့် NLD ထောက်ခံသူ လူအုပ်ကြီးမှာ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် စုရုံးလာကာ ပထမဆုံးထွက်ရှိလာသည့် တရားဝင်မဟုတ်သေးသော မဲရလဒ်များအပေါ် အော်ဟစ် အောင်ပွဲခံနေကြသည်။

USDP၏ အရှုံးပမာဏမှာ အဓိက ပါတီအကြီးအကဲများ၏ အရှုံးကြောင့်လည်း ပို၍ လေးနက်သွားခဲ့ရသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် ပါတီအကြီးအကဲ များထဲတွင် သြဂုတ်လက ပါတီတွင်း အာဏာသိမ်းမှုတစ်ခုဖြင့် USDP ခေါင်းဆောင်ပိုင်းမှ ဖယ်ရှားခံခဲ့ရသည့် တစ်ခါက သြဇာကြီးမားခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း ပါဝင်ခဲ့သည်။

သူက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း တနင်္လာနေ့နံနက်ခင်းတွင် ဖေ့စ်ဘုတ်စာမျက်နှာ၌ ပြောကြားခဲ့သည်။ နောက်ထပ် ရှုံးနိမ့်သူများထဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်သည့် USDP ယာယီဥက္ကဋ္ဌ ဦးဌေးဦးလည်း ပါဝင်နေပြီး သတင်းထောက်များကို “ကျနော်တို့ ရှုံးခဲ့တယ်”ဟု ရိုးရိုးကလေး ပြောသွားခဲ့သည်။  

ယခုရွေးကောက်ပွဲတွင် ရုန်းကန်နေရသည့် အမတ်လောင်း အတော်များများမှာ နှစ်ငါးဆယ်နီးပါး စစ်အာဏာရှင် စနစ်အပြီး ၂၀၁၁ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရသို့ အာဏာလွှဲပြောင်း ပေးခဲ့သည့် စစ်အစိုးရ လက်ထက်က ထိပ်တန်းအရာရှိ ဟောင်းများပင် ဖြစ်ကြသည်။ NLD ၏ အနိုင်မှာ မည်မျှကြီးမားကျယ်ပြန့်သလဲဆိုလျှင် စစ်ကိုင်းတိုင်းဒေသကြီး NLD အမတ်လောင်း ခင်မောင်သိန်းမှာ နှစ်ရက်အလွန်က သေဆုံးခဲ့ပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် USDP အမတ်ကို အပြတ်အသတ် အနိုင်ရသွား ခဲ့သေးသည်။

တစ်ချိန်တည်းမှာပင် လေ့လာ စောင့်ကြည့်သူများက ရွေးကောက်ပွဲရလဒ်များ မည်မျှပင် ဆိုးရွားနေပါစေ တပ်မတော်ဟု ခေါ်သည့် မြန်မာစစ်တပ်က အာဏာအများစုကို ဆက်လက် ချုပ်ကိုင်ထား ဦးမည်ဖြစ်သောကြောင့် သတိထားသင့်သည်ဟု ပြောလာကြသည်။

စစ်အစိုးရဟောင်းက ရေးဆွဲခဲ့ပြီး ၂၀၀၈ခုနှစ်တွင် မစစ်မှန်သော ဆန္ဒခံယူမှုဖြင့် အတည်ပြုခဲ့သည့် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက လွှတ်တော်အမတ် နေရာအားလုံး၏ ၄ပုံ၁ပုံကို စစ်တပ် ကိုယ်စားလှယ်များအတွက် ချန်လှပ်ထားသည်။

ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဌာနများကို စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိပြီး တပ်မတော်၏ အမြတ်အစွန်း ကြီးမားသော ပဒေသာစုံ စီးပွားရေး လုပ်ငန်းများလည်း ရှိနေသေးသည်။ နိုင်ငံခြားသား ခင်ပွန်းနှင့် သားများ ရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ၅၉(စ)လို ဥပဒေပုဒ်မများလည်း ရှိနေသေးသည်။    

ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ဥပဒေပြုအမတ်များ၏ လေးပုံသုံးပုံက ထောက်ခံဖို့ လိုအပ်မည်ဖြစ်ရာ အပြောင်းအလဲကို အဆုံးဖြတ်ပေးမည့် ဗီတိုအာဏာကို စစ်တပ်က ကိုင်ထားသည်။ NLD လွှမ်းမိုးသည့် အစိုးရသစ်မှာ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးလို နယ်ပယ်များတွင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း လုံခြုံရေးကိစ္စများ (သို့မဟုတ်) ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများတွင်မူ အာဏာ အနည်းငယ်သာ ရှိလိမ့်မည်ဟု Burma Capaign UK၏ ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာက ပြောကြားသည်။

“စစ်တပ်က ဖွဲ့စည်းပုံကို အသုံးပြုပြီး အစိုးရရဲ့ ခြေလက်တွေကို တုပ်နှောင်ဖို့ ကြိုးစားလိမ့်မယ်”ဟု ဖာမနာက ပြောကြားခဲ့သည်။ ဖာမနာကမူ ဖွဲ့စည်းပုံမှာ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်တွင် ပိတ်ကာနေသည့် အုတ်တံတိုင်းကြီး ဖြစ်သည်ဟု ဖော်ပြသည်။  

ထို့ကြောင့် မြန်မာနိုင်ငံ၏ နောက်အစိုးရသစ်မှာ NLD လွှမ်းမိုးသည့် အုပ်ချုပ်ရေးပိုင်းနှင့် ဖွဲ့စည်းပုံအရ ခိုင်မာနေပြီးသား တပ်မတော်တို့ ပေါင်းစပ်ထားသည့် အထူးအဆန်း သတ္တဝါ တစ်ကောင်နှင့် တူနေသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စစ်အာဏာရှင် စနစ်နှစ်ရပ်ကြား မျိုးဆက်နှင့်ချီ ကြာမြင့်လာခဲ့သည့် နိုင်ငံရေးတိုက်ပွဲ၏ အစွန်းနှစ်ဖက်ပင်ဖြစ်သည်။

အရောင်အသွေးမှာ မည်သို့ပင် ရှိသည်ဖြစ်စေ မြန်မာအစိုးရသစ်မှာ ကြောက်စရာကောင်းသည့် စိန်ခေါ်မှုများကို အမွေ ဆက်ခံရမည်မှာ မုချဖြစ်သည်။ ပြီးခဲ့သည့်လက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း နိုင်ငံ၏ တိုင်းရင်းသား ဒေသများမှာ မတည်မငြိမ်နှင့် ကသောင်းကနင်း ဖြစ်နေဆဲပင်ဖြစ်သည်။

နိုင်ငံက သမိုင်းဝင် ရွေးကောက်ပွဲကြီး ကျင်းပနေချိန်တွင်ပင် ဒေသတွင်း မီဒီယာများတွင် ဝေးခေါင်သည့် ရှမ်းပြည်နယ်၌ တပ်မတော် စစ်သားများက ရွာသားနှစ်ယောက်ကို ပစ်ခတ်လိုက်သည့် သတင်းများ တက်လာရာ နိုင်ငံ၏ အစွန်အဖျား တောင်တန်းဒေသ တစ်ခွင်တွင် စစ်ပွဲများမှာ ဆိုးရွားပြင်းထန်ဆဲဖြစ်သည့် အခြေအနေကို ထင်ဟပ်လိုက်ခြင်းပင် ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများ၏ အမည်းနက်ဆုံး အစွန်းအကွက်မှာ နိုင်ငံ၏ အနောက်ပိုင်း ရခိုင် ကမ်းရိုးတန်းဒေသတွင် နေထိုင်သော ရိုဟင်ဂျာ မူဆလင် တစ်သန်းကျော် မဲပေးခွင့် မရခြင်းပင် ဖြစ်သည်။ ရိုဟင်ဂျာ မူဆလင်များမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့ပြီး ချွတ်ယွင်းချက် အပြစ်အနာအဆာ များလှသည့် ၂၀၁၀ရွေးကောက်ပွဲတွင် မဲပေးခဲ့သူများ ဖြစ်သော်လည်း ယင်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများဟု သတ်မှတ်ကာ မဲဆန္ဒရှင် စာရင်းများမှ ဖယ်ထုတ်ထားခဲ့သည်။ ရှမ်းနှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသား နယ်မြေများ တွင်လည်း စစ်ပွဲနှင့် မတည်ငြိမ်မှုကြောင့် မဲရုံများကို ဖျက်သိမ်းခဲ့သဖြင့် မဲဆန္ဒရှင် အမြောက်အများ မဲပေးခွင့် မရခဲ့ပေ။  

သူမ၏ပါတီက ကမ္ဘာကျော် အောင်ပွဲဆီ တစ်ဟုန်ထိုး ဦးတည်နေချိန်တွင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ဖော်ပြပါပြဿနာများကို သူမ၏ သက်တမ်းများတွင် ကိုင်တွယ် ဖြေရှင်းသွားမည်ဟု ကတိကဝတ်ပြုနေသည်။ NLD အာဏာယူသည့်အခါ ဖွဲ့စည်းပုံကို ချက်ချင်းပြင်ဖို့ တွန်းအားပေးမည်ဟု ကတိပြုသည်။ သူမကိုယ် သမ္မတ၏အထက်က နေမည်ဟုလည်း သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံဥပဒေပုဒ်မအတွက် ပြောသည်။

အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားရာတွင် သမ္မတလောင်း မည်သူဆိုသည်နှင့် ပတ်သက်၍ ပါတီက တစ်လျှောက်လုံး ရေငုံနှုတ်ပိတ်နေခဲ့သော်လည်း NLDက မည်သူ့ကို သမ္မတအဖြစ် လျာထားသည်ဖြစ်စေ ထိုသမ္မတကို သူဘာတွေ လုပ်နိုင်သည်ကို တိတိကျကျ ပြောထားမည်ဟု ဆိုသည်။ သမ္မတမှာ ပါတီ၏ ဆုံးဖြတ်ချက်များအတိုင်းသာ လိုက်နာ လုပ်ဆောင် ရမည်ဟုလည်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။    

ယခုအချိန်အထိတော့ သူမ၏ပြိုင်ဘက်များမှာလည်း နှစ်သိမ့်နေကြသည်။ ဗုဒ္ဓဟူးနေ့က ရွေးကောက်ပွဲတွင် အပြတ်အသတ် ဦးဆောင်နေသည့်အတွက် သမ္မတ ဦးသိန်းစိန်ကိုယ်စား ပါတီအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ သတင်းစကားကို လက်ခံရရှိခဲ့ကြောင်း NLDက ပြောကြားခဲ့သည်။

အဆိုပါ သတင်းစကားထဲတွင် လူထုဆန္ဒကို အစိုးရက လေးစားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံပါ အချိန်ကာလ သတ်မှတ်ချက်အတိုင်း အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။ နောက်ပိုင်းတွင် မြန်မာစစ်တပ်ကလည်း ပါတီ၏ အောင်မြင်မှုကို ဂုဏ်ပြုကြောင်းနှင့် လာမည့်ရက်သတ္တပတ်တွင် အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးရန်အတွက် NLD၊ သမ္မတဦးသိန်းစိန်၊ လွှွတ်တော်ဥက္ကဌ ဦးရွှေမန်းတို့နှင့်အတူ စားပွဲဝိုင်းထိုင်မည် ဟုလည်း ကတိပြုခဲ့သည်။  

ရန်ကုန်အခြေစိုက် နိုင်ငံရေး ဝေဖန်သုံးသပ်သူ ရန်မျိုးသိန်းကမူ စစ်တပ်အနေဖြင့် သွေးသစ်လောင်း နိုးထလာသော NLDနှင့် အပြုသဘော လက်တွဲ အလုပ်လုပ်နိုင်ခြေ ရှိသော်လည်း ရထားသည့် အထူးအခွင့်အရေးများကိုမူ ဆက်လက်ဆုပ်ကိုင် ကာကွယ်သွားလိမ့်မည်ဟု ဟောကိန်းထုတ်သည်။ “တပ်မတော်က သူ့ရဲ့ အထူးအခွင့်အရေးကို သေးသိမ်စေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေကို ခွင့်ပြုမယ်ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်” ဟု ပြောသည်။  

တစ်ဖက်တွင် ပူပူနွေးနွေး ယုံကြည်ရဲရင့်လာသည့် NLD၊ အခြားတစ်ဖက်တွင် ဖိအားပေး ခံနေရသော်လည်း သြဇာကြီးမားဆဲ တပ်မတော်။ လာမည့်လများတွင် ရစ်ဖွဲ့လာဖွယ်ရှိသည့် ရှုပ်ထွေးသော နိုင်ငံရေး စေ့စပ်မှုများတွင် အဓိက ဇာတ်ဆောင်နှစ်ယောက်ပင် ဖြစ်သည်။

နိုင်ငံ၏ ဖြေရှင်းရအခက်ဆုံး ပြဿနာများကို ကိုင်တွယ်နိုင်သည့် အလုပ်ဖြစ်သော အစိုးရတစ်ရပ်ကို ထူထောင်နိုင်ဖို့အရေးမှာ NLDက ခန့်အပ်သည့် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ နှစ်ဦးကြား ဆက်ဆံရေးပေါ်တွင် လုံးလုံးလျားလျား တည်မှီနေလိမ့်မည်ဟု မြန်မာ့အရေး ဝေဖန်သုံးသပ်သူ ရစ်ချတ် ဟော်ဆေးက ရွေးကောက်ပွဲမတိုင်မီက ရေးသားခဲ့သည်။

“အစမကောင်းရင်တော့ နာလံထဖို့လည်း ခက်ခဲလိမ့်မယ်။ အပြောင်းအလဲရဲ့ ရိုက်ခတ်မှု ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ နှစ်ဖက်စလုံးက ခြေလှမ်းကို သတိကြီးကြီးထားပြီး လှမ်းရလိမ့်မယ်”ဟု ဟော်ဆေးက ကောက်ချက်ချခဲ့သည်။

 

ဆီဗက်စရှန် စထရန်ဂျီယို (Sebastian Strangio)မှာ ဖနွမ်ပင်အခြေစိုက် ဂျာနယ်လစ် တစ်ယောက်ဖြစ်ပြီး ဟွန်ဆန်၏ ကမ္ဘောဒီးယားစာအုပ်ကို ရေးသားသူလည်းဖြစ်သည်။ သူ့ဆောင်းပါးများကို The Economist၊ Asia Times နှင့် The Phnom Penh Post မဂ္ဂဇင်းများတွင် ဖော်ပြလေ့ရှိသည်။

http://thediplomat.com တွင် ပါရှိသည့် Myanmar’s Elections: What Now? ကို ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly