တရုတ်ရဲ့  တမလန်းသစ်  ဝယ်လိုအားက အရှေ့တောင်အာရှနဲ့ အာဖရိကမှာ လက်နက်ကိုင်ပဋိပက္ခကို ရန်ပုံငွေပေးနေ

တရုတ်ရဲ့  တမလန်းသစ်  ဝယ်လိုအားက အရှေ့တောင်အာရှနဲ့ အာဖရိကမှာ လက်နက်ကိုင်ပဋိပက္ခကို ရန်ပုံငွေပေးနေ

စက်တင်ဘာ ၂၂

မြန်မာတွေက တမလန်းလို့ခေါ်ကြတဲ့ Rosewood (သစ်နှင်းဆီ) ကို တရုတ်တွေရဲ့ ငတ်မွတ်မှုဟာ အရှေ့တောင်အာရှနဲ့ အာဖရိကမှာ လက်နက်ကိုင် ပဋိပက္ခတွေကို ရန်ပုံငွေထောက်ပံ့ပေးနေပါတယ်။

အဖိုးထိုက်တန်လှတဲ့ တမလန်းသစ်တွေကို တရုတ်ဝယ်လိုအားဟာ အရှေ့တောင်အာရှနဲ့ အာဖရိကမှာ သစ်တောပြုန်းတီးမှုဖြစ်စေတာထက်ပိုပါတယ်။ ဒါဟာ မြန်မာ ဒါမှမဟုတ် ကွန်ဂိုနိုင်ငံတွေက သစ်မှောင်ခိုသမားတွေကို ကြောင်နှင့်ကြွက် ကစားပွဲလိုဖြစ်နေပြီး ဒီ သစ် ရောင်းဝယ်လုပ်ငန်းကနေ သစ်တောပြုန်းတီးမှုပိုလာစေသလို လက်နက်ကိုင်ပဋိပက္ခတွေပိုအားကောင်းလာစေပြီး လူ့အသက်ပေါင်းမြောက်များစွာကို သက်ရောက်မှုဖြစ်စေပါတယ်။ 

သစ်တောပြုန်းတီးမှုနဲ့ တရားမဝင်ကုန်သွယ်မှုတွေနဲ့ပတ်သက်လို့ပြောရရင် တရုတ်နိုင်ငံရောက်ရင် တန်ဖိုးကြီးလှတဲ့ ပရိဘောဂတွေဖြစ်ကုန်တာမို့ တရားမဝင်သစ်ထုတ်လုပ်တာကို တားဆီးဖို့ ကြိုးပမ်းနေတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလုံးရဲ့ သစ်တောဌာနက ရိန်းဂျားတွေအနေနဲ့ ခက်ခဲလှတဲ့ စစ်ပွဲဆင်နွှဲနေရသလိုပါပဲ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ Environmental Investigation Agency (EIA)က အာရှနဲ့ အာဖရိကက တမလန်းသစ်တွေ တရားမဝင်ကုန်သွယ်တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာမှာ ဒီကုန်သွယ်မှုတွေဖြစ်နေတဲ့ နိုင်ငံတွေဟာ လက်ရှိပဋိပက္ခများတွေ ဖြစ်စေတဲ့ ဒုစရိုက်လောကအတွက် လောင်စာတွေ ထောက်ပံ့မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ သစ်တောတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ တာဝန်ရှိသူတွေဟာလည်း ဒီကုန်သွယ်သူတွေကြောင့် အသက်ဆုံးရှုံးနေရပါတယ်။

ဆီနီဂေါ - ဂမ်ဘီယာ - တရုတ် တမလန်းသစ် တရားမဝင်ကုန်ကူးမှု အသွားအလာနဲ့ပတ်သက်လို့ EIA က သုံးနှစ်တာ စုံစမ်းစစ်ဆေးမှုပြုလုပ်တာမှာ လက်နက်ကိုင်အုပ်စုတွေကို တရုတ်ကဘဏ္ဍာငွေဖြည့်ပေးနေတဲ့ သက်သေအထောက်အထားတွေကို တုန်လှုပ်စရာကောင်းအောင်ကိုတွေ့ရှိခဲ့ပါတယ်။ တမလန်း သစ်မှောင်ခိုတင်သွင်းတာဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေဖြစ်ပေါ်စေပြီး သံတမန်ရေး တင်းမာမှုတွေကို ဖြစ်စေပါတယ်။ ဆီနီဂေါမှာ တမလန်း တရားမဝင်ကုန်သွယ်မှုဟာ တောင်ပိုင်းဒေသ Casamance ကို ထိန်းချုပ်ထားတဲ့ MFDC ခွဲထွက်ရေးအုပ်စုအတွက် အဓိက ဘဏ္ဍာရေး အရင်းအမြစ်ဖြစ်ပါတယ်။

ဆီနီဂေါက တမလန်းသစ်တွေကို အိမ်နီးချင်းဂမ်ဘီယာမှာ ရောင်းဝယ်တာမို့ နှစ်နိုင်ငံအကြား သံတမန်ရေး တင်းမာမှုပြဿနာ ဖြစ်လာခဲ့ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေး နဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန (UNODC)ရဲ့ အဆိုအရ တရုတ်ရိုးရာ ပရိဘောဂတွေမှာ အသုံးပြုတဲ့ သစ်မလန်းဟာ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး တရားမဝင် ရောင်းဝယ်ဖောက်ကားနေတဲ့ သစ်တောထုတ်ကုန်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ အတောမသတ်နိုင်တဲ့ သစ်မလန်းဝယ်လိုအားကြောင့် အာရှနဲ့ အာဖရိကက သစ်တောတွေကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။

တရုတ်ဟာ တမလန်းသစ်တွေကို အရှေ့တောင်အာရှမှာဆိုရင် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတင်သွင်းပြီး အာဖရိကမှာဆိုရင် ဂါဘွန်း၊ ကွန်ဂိုသမ္မတနိုင်ငံ၊ မာဒါဂက်စကာ၊ ဇမ်ဘီယာ၊ ဂါနာ၊ ဆီနီဂယ်၊ ဂမ်ဘီယာစတဲ့နိုင်ငံတွေက တင်သွင်းပါတယ်။

ရှန်ဟိုင်း ဇိမ်ခံပစ္စည်း အရောင်းပြခန်းတွေက မွမ်းမံခြယ်သ ထွင်းထုထားတဲ့ တမလန်း သစ်သား ကြမ်းခင်းကုတင်ကို အမေရိကန်ဒေါ်လာ တစ်သန်းနီးပါးတောင် ရောင်းချပါတယ်။ အဲဒီတော့ သစ်မှောင်ခို တင်သွင်းသူတွေအတွက် ဒီလုပ်ငန်းက အမြတ်အစွန်းများလှပါတယ်။ တမလန်း တစ်ကုဗမီတာဟာ အမေရိကန်ဒေါ်လာ ၅၀၀၀ လောက်ဈေးပေါက်ပါတယ်။ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားက တရားမဝင် သစ်ခုတ်သမားတွေဟာ သစ်ပင်တွေခုတ်လှဲပြီး တရုတ်နိုင်ငံသို့ သစ်ခိုးသွင်းတဲ့အလုပ် ဘယ်လောက်ပဲအန္တရာယ်များများ စွန့်စားနေတာ အံသြစရာမဟုတ်လှပါဘူး။ မှောင်ခိုသမားတွေနဲ့ သစ်တောထိန်းသိမ်းတဲ့ သစ်တောရိန်းဂျား တောခေါင်းတွေအကြား တိုက်ပွဲတွေဟာ ဤနိုင်ငံတွေရဲ့ သစ်တော ဧရိယာတွေကို စစ်ပွဲဇုနတွေအဖြစ်ကို ပြောင်းလဲသွားစေပါတယ်။ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံက သစ်တောထိန်းသိမ်းတဲ့ ရိန်းဂျား ခုနှစ်ယောက် တမလန်းသစ်မှောင်ခိုသမားတွေနဲ့ တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ ရှားပါးမျိုးစိတ် ဖလှယ်ရေး အစည်းအဝေးကြီး (CITES) အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၁၀ ခုနှစ်မှစလို့ အာဖရိက တမလန်းသစ် တင်သွင်းမှုကို ၇၀၀ ရာခိုင်နှုန်း တိုးခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၂-၁၉ မှာ ဂါနာက တန်ချိန် ၅၄၀,၀၀၀ ကျော် သို့မဟုတ် သစ်ပင် ခြောက်သန်းလောက်ကို ခုတ်လှဲပြီး တရုတ်နိုင်ငံကို တရားမဝင် တင်သွင်းခဲ့ပါတယ်။ သစ်ခုတ်တာဟာ အာဖရိကတိုက်ကြီးကို သဲကန္တာရဖြစ်ထွန်းစေတာကြောင့် EIA က သစ်ခုတ်တာကို တားဆီးထားပါတယ်။ အာဖရိကတိုက်ဟာ တရုတ်ရဲ့ အတောမသတ်နိုင်သော တမလန်းသစ် ဝယ်လိုအား သားကောင် ဖြစ်လာစေပါတယ်။ သစ်ပင်တွေကို မှောင်ခို ကုန်သွယ်တာကနေ ကာကွယ်ဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိနေပေမယ့်လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် ဧပြီလတွေမှာ တရုတ်ဟာ ဂမ်ဘီယာနိုင်ငံကနေ တမလန်းသစ် တန်ချိန် ၃၂၉၃၅၁ တန်ကို တင်သွင်းနိုင်ခဲ့ပါသေးတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Forest Trends ရဲ့ ကျွမ်းကျင်သူ Naomi Basik Treanor က ပြောတာမှာတော့ တမလန်းသစ်တွေ တရားမဝင် အဆမတန် ဝယ်ယူလိုမှုက သစ်တောပြုန်းတီးတာ၊ မှောင်ခိုကုန်ကူးတာ၊လိမ်လည်အဂတိလိုက်စားမှုတွေနဲ့ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

“ ကမ္ဘာပေါ်က ဇီ ၀ မျိုးကွဲများပြားတဲ့ သစ်တောတွေမှာ နက်နဲရှုပ်ထွေးလှတဲ့ ဂေဟစနစ်တွေအတွက် သေရေးရှင်ရေးနဲ့ ဒီမြင့်တက်နေတဲ့ တရားမဝင်ကုန်သွယ်မှု တမလန်းသစ် ဝယ်လိုအားက ဆက်စပ်နေတယ်ဆိုတာ ခိုင်လုံံတဲ့ အထောက်အထားတွေရှိပါတယ်” လို့ Teanor က ပြောပါတယ်။

ထုံးတမ်းစဉ်လာအရ ချမ်းသာကြွယ်ဝတဲ့ တရုတ်မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကလေးတွေအတွက် လက်ဖွဲ့ လက်ဆောင် တစ်ခုအဖြစ် တမလန်းပရိဘောဂတွေကို ဝယ်ကြပါတယ်။ ဒါပေမယ့် တရုတ်မှာ မကြာသေးမီနှစ်တွေကတော့ အလယ်အလတ်နဲ့ အထက်တန်းတွေဦးရေ မြင့်တက်လာတာကနေ မြန်မာပြည်က သစ်တောတွေအပါအဝင် အာဖရိကနဲ့ အရှေ့တောင်အာရှသစ်တောတွေက တမလန်းသစ်ဝယ်လိုအား အင်မတန်တိုးလာခဲ့ပါတယ်။

တရုတ်အခြေစိုက် ကျွန်းသစ် သုတေသနပညာရှင် Xiao Di က“ သစ်လုံးအများစုဟာ တရားမဝင် ခုတ်လှဲခံနေရတယ် ဆိုတာကို ငါတို့သိတယ်၊ ဒါပေမယ့် အထောက်အထားအမှန်တွေနဲ့ တရုတ်နိုင်ငံကို ဝင်လာရင် တရားဝင် သစ်လုံးတွေ ဖြစ်သွားတယ်။ တရုတ်ကုန်သည်တွေက အကောက်ခွန်အရာရှိတွေကို လာဘ်ထိုးပြီး CITES အသိအမှတ်ပြု လက်မှတ်ကို ဝယ်ယူကြတာဖြစ်တယ်" လို့ ပြောပါတယ်။

' ကြွေးမှီထောင်ချောက် သံတမန်ရေး' လက်အောက်က ဆိပ်ကမ်းတွေ၊ ကျွန်းတွေ၊ စစ်တပ်တည်ဆောက်ရေး စတဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများအသွင်နဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေကို အချုပ်အခြာအာဏာဆုံးရှုံးနိုင်လောက်တဲ့ ချေးငွေချေးသူ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ စိုးရွံ့ထိတ်လန့်မှုတွေက ထင်သာမြင်သာရှိလှပါတယ်။ ဒါပေမယ့် တရုတ်က တမလန်းသစ် ဝယ်လိုအားက သစ်တောတွေကို ပျက်စေနိုင်ပါတယ်။

ဆင်၊ ကျားနှင့်ငါးမန်း“ ထုတ်ကုန်တွေ” အပါအဝင် သစ်တောနဲ့ မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေကို တရားမဝင် ရောင်းဝယ်တာတွေကို ကိုင်တွယ်ဖို့ တရုတ်အာဏာပိုင်တွေအနေနဲ့ ဘတ်စကက်ဘော ကစားသမား Yao Ming ဦးဆောင်တဲ့ ကင်ပိန်းအဖွဲ့ဖွဲ့ထားပေမယ့်လည်း သစ်နဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုမှာ ပါဝင်တဲ့ ငွေကြေးပမာဏဟာ များလွန်းတာကြောင့် စည်းရုံးလှုံ့ဆော်သူတွေအတွက် ဒီတရားမဝင်ကုန်သွယ်တာကိုပိတ်ဆို့ဖို့ ခက်ခဲစေပါတယ်။

ရှင်းလင်း‌နေတဲ့အချက်ကတော့ တရုတ်အာဏာပိုင်တွေဟာ လူထုကို အသိပညာပေးဖို့နဲ့ ဝယ်လိုအားကို လျှော့ချတာ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် တရုတ်မှာ အဂတိလိုက်စားမှုကို ပိုကိုင်တွယ်ဖို့ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကို အရှိန်အဟုန်မမြှင့်ရင်တော့ မြန်မာ၊ ထိုင်းနဲ့ ဝေးကွာလှတဲ့ အာဖရိကတိုက်က တမလန်းသစ်တောတွေကတော့ မျိုးတုန်းမယ့် အန္တရာယ်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly