ဒစ်ဂျစ်တယ်ကာကွယ်ရေးပညာရပ်တွေ သင်ကြားနေရတဲ့ တရုတ် ကိုယ်ရံတော် သင်တန်းကျောင်း 

ဒစ်ဂျစ်တယ်ကာကွယ်ရေးပညာရပ်တွေ သင်ကြားနေရတဲ့ တရုတ် ကိုယ်ရံတော် သင်တန်းကျောင်း 

စက်တင်ဘာ ၂၁

တရုတ်နိုင်ငံရဲ့ ကိုယ်ရံတော် သင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Genghis လုံခြုံရေး အကယ်ဒမီမှာတော့ သင်တန်းသားတွေဟာ ယနေ့ နည်းပညာခေတ်ထဲမှာ နိုင်ငံရဲ့ အသစ်စက်စက် လူချမ်းသာတွေအပေါ်မှာ ကျလာနိုင်တဲ့ ခြိမ်းခြောက်မှုတွေဟာ သေနတ်သမားတစ်ဦးထက် ဟက်ကာတစ်ဦးဆီကနေ ပိုမို ပေါ်လာဖွယ် ရှိတယ်ဆိုတာကို လေ့လာသင်ယူကြရပါတယ်။ 

နေ့စဉ်နေ့တိုင်းမှာ အနက်ရောင် ဝတ်စုံတွေ ဝတ်ထားကြရတဲ့ သင်တန်းသားတွေဟာ အရှေ့ပိုင်းမြို့ Tianjin မှာ ရှိတဲ့ ကျောင်းမှာ မနက် အရုဏ်တက်ချိန်ကနေ ညသန်းခေါင်အထိ ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ကြရပါတယ်။ 

ဒီ Genghis လုံခြုံရေး အကယ်ဒမီ သင်တန်းကျောင်းမှာတော့ ဒစ်ဂျစ်တယ် ကာကွယ်ရေး အတတ်ပညာရပ်တွေကို သမားရိုးကျ အတတ်ပညာရပ်တွေဖြစ်တဲ့ တိုက်ခိုက်ရေး၊ လက်နက် ကိုင်တွယ် လေ့ကျင့်ရေး၊ မြန်နှုန်းမြင့် ကားမောင်းနှင်မှု စတဲ့ အနီးကပ် ကာကွယ်ရေး ကျွမ်းကျင်အရည်အချင်းတွေနဲ့ တန်းတူသတ်မှတ်ထားပြီး လေ့ကျင့်သင်ကြားပေးနေပါတယ်။ 

ဒီ သင်တန်းကျောင်းကနေ နှစ်စဉ်နှစ်တိုင်း သင်တန်းသား ထောင်ချီ သင်တန်းဆင်းကြပြီး ၎င်းတို့တွေဟာ တရုတ်နိုင်ငံတွင်း လူချမ်းသာတွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေ့ရဲ့ ကိုယ်ရံတော် သက်တော်စောင့်တွေအဖြစ် အလုပ်အကိုင်နေရာတွေ ရဖို့ မျှော်မှန်းလို့ ရနိုင်ပါတယ်။ 

ဒီလို သက်တော်စောင့်အလုပ်အကိုင်ကတော့ ဝင်ငွေ ဒေါ်လာ ၇၀,၀၀၀ အထိ တန်ကြေးရှိနိုင်တဲ့အတွက် ဒါဟာ တစ်နှစ်တာ ရုံးအလုပ် ဝင်ငွေပမာဏထက် အဆများစွာ ပိုများနေပါတယ်။ 

ဒါပေမယ့်လည်း တရုတ်မှာ မီလျံနာအရေအတွက် တိုးပွားမှုနှုန်း မြန်ဆန်နေတာနဲ့အတူ လိုအပ်ချက်အတိုင်း ပြည့်အောင် မဖြည့်နိုင်ဘူးလို့ သင်တန်းကျောင်းက ပြောပါတယ်။ Credit Suisse 2019 အစီရင်ခံစာတစ်ရပ်အရ တရုတ်မှာ အလျင်အမြန် တိုးပွားလာတဲ့ မီလျံနာသစ်အရေအတွက်ဟာ ၄ ဒသမ ၄ သန်း ရှိပြီး အမေရိကန်မှာ ရှိတဲ့ ဦးရေထက် ပိုများနေတာ ဖြစ်ပါတယ်။ 

ဒီ အကယ်ဒမီမှာ သင်တန်းကြေးအနေနဲ့ ကျောင်းသားတစ်ဦးကို ဒေါ်လာ ၃,၀၀၀ အထိ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဇွန်လအကြားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လေ့ကျင့်သင်ကြားမှုတွေ ဖျက်သိမ်းထားခဲ့ရပါတယ်။ ဒါပေမယ့် ကပ်ရောဂါကတော့ ဒီ သင်တန်းအပေါ် စိတ်အားထက်သန်မှုကို လျော့ကျစေခဲ့ခြင်း မရှိပါဘူး။ 

အတော်ဆုံးတွေပဲ အောင်မြင်နိုင်မှာပါ လို့ သင်တန်းကျောင်း တည်ထောင်သူ ချန် ယုံချင်က ပြောပါတယ်။ ၎င်းရဲ့ စည်းကမ်း စံနှုန်းတွေဟာလည်း စစ်တပ်မှာထက်တောင် ပိုတင်းကျပ်တယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်က စိတ်မြန်တယ်၊ သင်တန်းသားတွေကိုလည်း တတ်မြောက်အောင် မရမနေ လေ့ကျင့်သင်ယူခိုင်းပါတယ်” လို့ တရုတ်မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသက စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ချန်က ပြောပါတယ်။ 

“ခုလို တင်းကျပ်မှလည်း ကျွန်တော်တို့ဟာ တော်တဲ့ ထက်မြက်တဲ့ သင်တန်းသားတွေကို မွေးထုတ်ပေးနိုင်မှာပါ၊ တကယ်လို့ ခင်ဗျားအနေနဲ့ ဒါကို ကောင်းကောင်း ပုံမသွင်းဘူးဆိုရင် အဲဒါက သူ့ဘာသာ ကျိုးပျက်သွားပါလိမ့်မယ်” လို့ ချန်က ပြောသွားပါတယ်။ 

သင်တန်းသားတွေရဲ့ ထက်ဝက်လောက်ဟာ စစ်သည်ဟောင်းတွေဖြစ်တယ်လို့ ချန်က ပြောပါတယ်။ 

သင်တန်းသားတွေဟာ ကြီးမားတဲ့ အားကစားခန်းမထဲမှာ အတန်းလိုက် လေ့ကျင့်သင်ကြားကြရပြီး အပြာရောင် ပလတ်စတစ် သေနတ်တွေနဲ့ ကိုင်ဆောင်လေ့ကျင့်ကြရပါတယ်။ ယင်းနောက်မှာလည်း ၎င်းတို့ဟာ ၎င်းတို့ ကာကွယ်ပေးရမယ့် အလုပ်ရှင်တွေကို မှန်ကွဲနေတဲ့ အနက်ရောင် အော်ဒီကားထဲ ဘေးကင်းစွာ တွန်းပို့ရပုံကို လေ့ကျင့်ကြရပါတယ်။ 

အခြားသင်တန်းအချိန်တွေကိုလည်း စာသင်ခန်း ဒါမှမဟုတ် အားကစားခန်းမတစ်ခုမှာ လုပ်ရပြီး အနီရောင် တီရှပ်တွေဝတ်ပြီး လက်ဝှေ့ထိုးရတဲ့ လေ့ကျင့်ခန်းတွေလည်း ပါပါတယ်။ 

သင်တန်းချိန်အတွင်း ဖုန်းတွေကို သိမ်းထားပါတယ်။ ထမင်းစားချိန်မှာတော့ သင်တန်းသားတွေဟာ အစားအသောက်တွေကို တိတ်တိတ်ဆိတ်ဆိတ် ယူကာ စားသောက်ကြရပါတယ်။ ထမင်းစားခန်းထဲမှာတော့ သင်တန်းကျောင်းကနေ အောင်ပြီး သင်တန်းဆင်းသွားကြသူတွေရဲ့ ဓာတ်ပုံတွေချိတ်ဆွဲထားပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာတော့ လက်ရှိ တရုတ်ရဲ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်မားကစလို့ နိုင်ငံကို အလည်လာတဲ့ ပြင်သစ်သမ္မတတွေအထိ ပုဂ္ဂိုလ်တွေကို စောင့်ကြပ်ကာကွယ်ပေးခဲ့သူတွေရဲ့ ဓာတ်ပုံတွေ ရှိနေပါတယ်။ 

“ကျွန်တော်တို့ဟာ တရုတ် ကိုယ်ရံတော် သက်တော်စောင့်တွေရဲ့ စံနှုန်းတွေကို အဓိပ္ပါယ်ဖွင့်ပေးထားပါတယ်” လို့ နည်းပြဆရာတစ်ဦးဖြစ်တဲ့ ကျီဖုန်ဖေက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly