အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေတဲ့ကြား တာ့ချ်မဟာကို ပြန်ဖွင့်

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေတဲ့ကြား တာ့ချ်မဟာကို ပြန်ဖွင့်

စက်တင်ဘာ ၂၁

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ ကမ္ဘာမှာ အများဆုံးအဖြစ် အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံကို ကျော်တက်တော့မလောက် ဖြစ်နေတဲ့ကြားမှာပဲ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပုံမှန်ပဲ ရှိနေတယ်သဘောနဲ့ တာ့ချ်မဟာ ကို လာရောက်လည်ပတ်သူတွေအတွက် တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိပြီး ကမ္ဘာမှာ လူအထူထပ်ဆုံးမြို့တွေရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေဟာ ၅ ဒသမ ၄ ကျော်အထိ စံချိန်တင် မြင့်တက်နေပါတယ်။ နေ့စဉ် ကူးစက်သူပေါင်း တစ်သိန်း နီးပါး ရှိနေပြီး သေဆုံးသူဦးရေက ၁၀၀၀ ကျော် ရှိပါတယ်။

ဒါပေမယ့် မတ်လအတွင်းက တင်းကျပ်တဲ့ လော့ဒေါင်းကြောင့် ပြည်သူသန်းပေါင်းများစွာ အသက်မွေးဝမ်းကျောင်း ထိခိုက်ပျက်စီးရအပြီးမှာ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီဟာ အခြားနိုင်ငံတွေ နည်းနာအတိုင်း လိုက်လုပ်ဖို့နဲ့ သွား လာလှုပ်ရှားမှုတွေကို တင်းကြပ်ဖို့ တွန့်ဆုတ်နေတော့တာ ဖြစ်ပါတယ်။

ဒီအစား ပြီးခဲ့တဲ့လတွေမှာ သူ့အစိုးရဟာ ရထားခရီးစဉ်တွေ၊ ပြည်တွင်းလေကြောင်းလိုင်းတွေ၊ ဈေးတွေနဲ့ စားသောက်ဆိုင်တွေအပါအဝင် ကန့်သတ်ပိတ်ပင်ထားချက်တွေကို ပိုပိုပြီး လျှော့ချလာခဲ့တာဟာ အခုဆိုရင် တာ့ချ်မဟာကို ပြန်လည်ဖွင့်လှစ်လာတဲ့အထိပဲ ဖြစ်ပါတယ်။

နယူးဒေလီတောင်ဖက် အက်ဂရာမြို့မှာ တည်ရှိတဲ့ စကျင်ဖြူဂူဗိမာန် တာ့ချ်မဟာက ကမ္ဘာ့အထင်ကရတစ်ခုဖြစ်ပြီး အိန္ဒိယမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်မှု အများဆုံးပဲ ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ပုံမှန် ခရီး သွားဧည့်သည် ခုနစ်သန်း လာရောက်လေ့ ရှိတဲ့ တာ့ချ်မဟာကို မတ်လကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အခု ပြန်ဖွင့်ချိန်မှာ လူခွာနေခြင်း စည်းကမ်းကို တင်းကြပ်မှာ ဖြစ်ပြီး တစ်နေ့မှာ ခရီးသည် အရေအတွက်ကို ပုံမှန်နှုန်းရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ၅၀၀၀ အထိ လက်ခံမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်မှတ်တွေကိုလည်း အွန်လိုင်းကနေပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။

“လာရောက်သူတိုင်း နှာခေါင်းစည်း တပ်ဆင်ရမှာဖြစ်ပြီး ဘယ်သူမှ အပူချိန်တိုင်းစက္ကရင်ကို မဖြတ်ဘဲ ဝင်ရောက်ခွင့် ပြုမှာ မဟုတ်ပါဘူး။”လို့ တာ့ချ်မဟာ ထိန်းသိမ်းရေးမှူး အကြီးတန်းရှေးဟောင်းသုတေသနပညာရှင် ဗာဆန်ဆွမ်ကာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly