ဆိုးလ်မြို့တော် သံရုံးရှေ့မှ ဇိမ်မယ်ရုပ်တုကို ဖယ်ရှားပေးရန် ဂျပန်တောင်းဆို

ဆိုးလ်မြို့တော် သံရုံးရှေ့မှ ဇိမ်မယ်ရုပ်တုကို ဖယ်ရှားပေးရန် ဂျပန်တောင်းဆို

ဆိုးလ်၊ နိုဝင်ဘာ - ၁၃ ။          ။ Korea Times ၏ သတင်းတစ်ရပ်အရ တက်ကြွလှုပ်ရှားသူများက ဆိုးမြို့တော်မှ ဂျပန်သံရုံးရှေ့တွင် ချထားခဲ့သည့် ရုပ်တုကို ဖယ်ရှားပေးရန် ဂျပန်အရာရှိများက တောင်ကိုရီးယားအစိုးရကို တရားဝင် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ကိုရီးယားမိန်းမငယ်ပုံ ထိုရုပ်တုမှာ စစ်အတွင်းက ဂျပန်တပ်သွားများကို လိင်ဖျော်ဖြေရန် အဓမ္မ ခိုင်းစေခံခဲ့ရသည့် ဇိမ်မယ်ဟုခေါ်သော ထောင်ပေါင်းများစွာသော ကိုရီးယားမိန်းမများ၏ သင်္ကေတဖြစ်သည်။

ဇိမ်မယ်ပြဿနာမှာ နှစ်နိုင်ငံကြား တင်းမာမှုများ၏ အခြေခံဖြစ်နေပြီး ကိုရီးယားလူမျိုးအတော်များများက ဂျပန်က ဇိမ်မယ်အဖြစ် အဓမ္မသွတ်သွင်းခံရသည့် အမျိုးသမီးများအား ၎င်းတို့ခံစား ခဲ့ရသည့် ဒုက္ခနှင့် ကာမိအောင် လျော်ကြေးပေးခြင်းမရှိသေးဟု ခံစားနေကြဆဲဖြစ်သော်လည်း တိုကျိုကမူ ဇိမ်မယ်ပြဿနာကို ၁၉၆၅ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖြေရှင်းပြီးဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကလည်း တင်းမာမှုကို တစ်ကြိမ်တည်းနှင့် အပြီးအပြတ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် မကြာသေးမီက ပက်ဂွမ်ဟီးနှင့် ဆွေးနွေးပွဲများ အတွင်း ရုပ်တုပြဿနာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆိုးလ်ကမူ ရုပ်တုကိုချထားသည့် တက်ကြွလှုပ်ရှားသူများနှင့်သက် သက်ဆိုင်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။ ‘ရုပ်တုကို ဖယ်မယ် မဖယ်ဘူးဆိုတာက ကိုရီးယားအစိုးရနဲ့ မဆိုင်ဘူး။ ဒီကိစ္စကို အစိုးရဆွေးနွေးပွဲတွေမှာ ဖြေရှင်းလို့မရဘူး’’ဟု အမည်မဖော်လိုသူ တောင်ကိုရီးယား အရာရှိတစ်ဦးက Times မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ စစ်အတွင်းက ဇိမ်မယ်အဖြစ် အဓမ္မသွတ်သွင်းခံရသည့် ကိုရီယားအမျိုးသမီး ၅၀ခန့်မှာ ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly