တနင်္သာရီတိုင်းတွင် သံဃာတော် နှစ်ပါး အပါအဝင် ၅ ဦး၌ COVID-19 ရောဂါပိုး ထပ်တွေ့

တနင်္သာရီတိုင်းတွင် သံဃာတော် နှစ်ပါး အပါအဝင် ၅ ဦး၌ COVID-19 ရောဂါပိုး ထပ်တွေ့
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

စက်တင်ဘာ ၁၉၊ ၂၀၂၀

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်နှင့် ထားဝယ်မြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသည့် ရန်ကုန်ပြန် ခရီးသွား ရာဇဝင်ရှိသော သံဃာတော် နှစ်ပါး အပါအဝင် ငါးဦးတွင် COVID-19 ရောဂါပိုး တွေ့ရကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ COVID-19 ပိုးတွေ့ရှိသူများမှာ မြိတ်တွင် လေးဦးနှင့် ထားဝယ်တွင် တစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့မှ ရောက်ရှိလာသူများ ဖြစ်ကာ သက်ဆိုင်ရာ မြို့နယ် နှစ်မြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (Quarantine) ဝင်နေသူများ ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၈ ရက်နေ့ ညက ထုတ်ပြန်လိုက်သည့် COVID-19 ပိုးတွေ့ရှိသူ ၁၆၈ ဦးတွင် ၎င်းတို့ ပါဝင်လာခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ COVID-19 ပိုးတွေ့သူ ငါးဦးကို သက်ဆိုင်ရာ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ထားကြောင်း တိုင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ COVID-19 ရောဂါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ထားဝယ်ခရိုင်တွင် လေးဦး၊ မြိတ်ခရိုင်တွင် ကိုးဦးနှင့် ကော့သောင်းခရိုင်တွင် လေးဦး၊ စုစုပေါင်း ၁၇ ဦးအထိ ရှိနေပြီး ယင်းတို့အထဲမှ ၁၁ ဦးမှာ ပြည်တွင်း ကူးစက်ခံရသူများဖြစ်ကာ ကျန် ခြောက်ဦးမှာ ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly