လက်ဖျားငွေသီးအောင် ရွှေကို ရင်းနှီးမြှုပ်နှံဖို့ စင်္ကာပူ ရွှေအရောင်းအဝယ်ကုမ္ပဏီ ဆော်ဩ

လက်ဖျားငွေသီးအောင် ရွှေကို ရင်းနှီးမြှုပ်နှံဖို့ စင်္ကာပူ ရွှေအရောင်းအဝယ်ကုမ္ပဏီ ဆော်ဩ

စက်တင်ဘာ ၁၉

စင်္ကာပူအဖိုးတန်သတ္တုရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ Singapore Precious Metals Exchange (SGPMX) က ကပ်ရောဂါကာလအတွင်းမှာ ကျွမ်းကျင်ရင်းနှီးမြှုပ်နှံသူတွေ သို့မဟုတ် လူကုံထံအသိုင်းအဝိုင်းတွေအနေနဲ့ ရွှေတုံးရွှေချောင်းတွေဝယ်ယူပြီး ရင်းနှီးမြှုပ်နှံဖို့ ဆော်ဩလျက်ရှိပါတယ်။  

အဆိုပါအဖိုးတန် ရွှေသတ္တုပစ္စည်းတွေကို သင့်တော်တဲ့ ဈေးနှုန်းတွေနဲ့ ဖုန်းအက်ပလီကေးရှင်းကတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

SD ကဒ်အရွယ်အစား ပါးလွှာတဲ့ ရွှေပြား တစ်ဂရမ်ကို အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်လောက်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ငါးဂရမ်၊ ၁၀ ဂရမ်၊ ၅၀ ဂရမ်နဲ့ ၁၀၀ ဂရမ်အလေးချိန်အသီးသီးရှိတဲ့ ရွှေချောင်းတွေကိုလည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပြည်ပဖောက်သည်အများစုအတွက် အဟန့်အတားဖြစ်နေပေမယ့် ခါတိုင်းလို ပုံမှန်ရောင်းဝယ်မှုရှိနေပြီး အထူးသဖြင့် ဂျပန်တွေက ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ Victor Foo က “လွန်ခဲ့တဲ့ဆယ်စုနှစ်က လုပ်ငန်းစတဲ့အချိန်မှာ ပိုက်ဆံရှိတဲ့ လူကုံထံအုပ်စုတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်က ဈေးကွက်ကြီးဆီအထိ ရောက်ဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး လူတွေကို တစ်ဂရမ်လောက်ရှိတဲ့ ရွှေချောင်းတွေနဲ့ ရွှေတိုရွှေစလေးတွေ စုစေခဲ့ပါတယ်။ ရွှေစုတဲ့လူတွေများလာတာ တွေ့ရပါတယ်။ လူအများစုက ခရီးမသွားနိုင်ကြတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ တခြားနည်းလမ်းတွေ ရှာဖွေနေကြတာပါ။ ဩဂုတ်လမှာတော့ ရွှေဈေးက အမေရိကန်ဒေါ်လာ ၂ ၀၀၀ ကျော်ထိခုန်တက်ခဲ့တယ်။ တချို့ဖောက်သည်တွေက အမြတ်ရဖို့ ဆက်ပြီးရင်းနှီးမြှုပ်နှံလာတယ်။ တချို့ကလည်း ရွှေတွေဆက်ဝယ်လာကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာလည်း ကျွန်တော်တို့အရောင်းအဝယ်ကို သက်ရောက်မှုမရှိခဲ့ပါဘူး။ အရောင်းတွေတက်နေခဲ့ပါတယ်” လို့ ဆိုပါတယ်။  

ရင်းနှီးမြှုပ်နှံသူအများစုက ဥရောပနဲ့ အမေရိက ဖြစ်ပေမယ့် လာမယ့်နှစ်တွေမှာ အာရှနိုင်ငံတွေကလည်း ရှိလာနိုင်တယ်လို့ Foo ခန့်မှန်းထားပါတယ်။  

အနုပညာလက်ရာတွေနဲ့ ကမ္ဘာတစ်လွှားက အဖိုးတန်ပစ္စည်းတွေသိုလှောင်ရာဖြစ်တဲ့ လေဆိပ်အနီးက လုံခြုံစိတ်ချရတဲ့ Le Freeport မှာ ရွှေတုံးရွှေချောင်းတွေကို သိုလှောင်ထားတာဖြစ်ပါတယ်။  

အာရှနိုင်ငံအတော်များများမှာ ရွှေကိုလူကြိုက်များပေမယ့် ရွှေချောင်း ၊ ရွှေဒင်္ဂါးပုံစံထက်စာရင် အထူးအခမ်းအနားတွေမှာ လက်ဆောင်အဖြစ်ပေးဖို့ လက်ဝတ်ရတနာပုံစံနဲ့သာ ဝယ်ယူလေ့ရှိကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly