COVID-19 တိုက်ပွဲ တိုက်ရင်း ကိုယ်အား စိတ်အား ချုံးချုံးကျမှုနှင့် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားဆရာဝန်များ

COVID-19 တိုက်ပွဲ တိုက်ရင်း ကိုယ်အား စိတ်အား ချုံးချုံးကျမှုနှင့် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားဆရာဝန်များ

စက်တင်ဘာ ၁၈

အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်သည့် အန်ဟီကာ ကီဆူမာ ပူထရာ သည် ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးသော အဆုတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဖြစ်သည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသရန် ၎င်း၏ စိတ်အားထက်သန်မှုကြောင့်လည်း ဆူမားတြားကျွန်းပေါ်က အကြီးဆုံးမြို့ မီဒန်းရှိ ဆေးရုံတစ်ခု၌ COVID-19 လူနာများအား ကုသစောင့်ရှောက်သည့် အဖွဲ့တစ်ခုကို ဦးစီးလုပ်ကိုင်ခဲ့သည်။

အဆိုပါ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် လုပ်ကိုင်ပြီး နှစ်လအကြာတွင် ပူထရာ တစ်ယောက် နေထိုင်မကောင်းခြင်းကို စတင်ခံစားလာခဲ့ရသည်။ ၎င်း၏ အခြေအနေသည် လျင်မြန်စွာ ပိုဆိုးလာခဲ့သည့်အတွက် ဆေးရုံတစ်ရုံသို့ ချက်ချင်းသွားရောက်ခဲ့စဉ် ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးသိရှိခဲ့သည်။

“ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ ငါကိုယ်တိုင် ပါတော့မယ့် အလားအလာနဲ့ ကြုံနေရပြီ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ဘုရားရဲ့ အလိုတော်အတိုင်းပေါ့၊ ငါ အာဇာနည်တစ်ယောက်အနေနဲ့ သေမယ်” ဟု အသက် ၃၀ အရွယ် ဆရာဝန် ပူထရာက သြဂုတ် ၁ ရက် ၎င်းမကွယ်လွန်မီ ဆရာဝန်တစ်ဦးပင်ဖြစ်သည့်  ဇနီးဖြစ်သူထံ နောက်ဆုံးရေးခဲ့သည့် စာထဲတွင် ပြောထားသည်။

ပူထရာ၏ ဇနီးနှင့် သမီးတို့တွင်လည်း ဗိုင်းရပ်စ် တွေ့ရှိခဲ့သော်လည်း နောက်ပိုင်း ပြန်လည် သက်သာကောင်းမွန်ပြီး အိမ်ပြန်နိုင်ခဲ့ကြသည်။

ပူထရာ၏ ဇာတ်လမ်းနှင့် ၎င်း၏ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်များ၏ ပြန်လည်ပြောကြားချက်များကို ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ပြည်တွင်း စောင့်ကြည့်အဖွဲ့ တစ်ခု၏ ဝက်ဆိုဒ်ဖြစ်သော laporcovid19.org တွင် တင်ခဲ့သည်။ အင်ဒိုနီးရှားတွင် ကပ်ရောဂါကို ခုခံရင်ဆိုင်ရသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် ဆရာဝန်များ၊ သူနာပြုများ၏ အလားတူ ဇာတ်လမ်းပေါင်း ဒါဇင်နှင့်ချီ ရှိနေသည်။

ကပ်ရောဂါကာလအတွင်း စက်တင်ဘာ ၁၂ ရက်အထိ ယင်းနိုင်ငံတွင် ကပ်ရောဂါကြောင့် ဆရာဝန် ၁၁၅ ဦးထိ သေဆုံးခဲ့သည်ဟု အင်ဒိုနီးရှား ဆရာဝန်အဖွဲ့အစည်းထံမှ သိရသည်။ စက်တင်ဘာ ၈ ရက်အထိ ဆေးဘက်ဆိုင်ရာ အမှုထမ်း ၁၈၈ ဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်ဟု Amnesty International က ပြောခဲ့ရာ ယင်းက အာရှဒေသရှိ ကျန်းမာရေး ပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ်များအတွက် အမြင့်ဆုံး ကိန်းဂဏန်းများထဲတွင် ပါဝင်နေခဲ့သည်။

“ ကျန်းမာရေးလုပ်သားတွေအကြား သေဆုံးမှုနှုန်းက သိသိသာသာ မြင့်တက်နေခဲ့တယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လမှာ Amnesty International က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တဲ့ လုပ်သားတွေနဲ့ပတ်သက်လို့ ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာတစ်ရပ် ထုတ်ခဲ့ချိန်မှာ စုစုပေါင်း အင်ဒိုနီးရှား ကျန်းမာရေးလုပ်သား ၈၉ ဦးအထိ ဒီရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း ကိန်းဂဏန်းတွေက နှစ်ဆမြင့်တက်ခဲ့ပါတယ်” ဟု Amnesty International ၏ အင်ဒိုနီးရှားဆိုင်ရာ အသင်း၏ အမှုဆောင်ညွန်ကြားရေးမှူး အူစမန် ဟာမစ်ဒ် က ပြောသည်။

ကမ္ဘာတဝန်း နိုင်ငံ ၇၉ နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ကျန်းမာရေးအမှုထမ်း ၃,၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု Amnesty က ဇူလိုင်လလယ်က ထုတ်ပြန်ခဲ့သေးသည်။

ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံတွင် မကြာသေးခင်က ဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်ခဲ့မှုနှင့်အတူ ယင်းကဲ့သို့ သေဆုံးမှုနှုန်းကလည်း မြင့်တက်ထားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်တွင်း နေ့စဉ်နေ့တိုင်းနီးပါး ဗိုင်းရပ်စ် ကူးစက်သူသစ်တွေ့ရှိမှုက ၃,၀၀၀ အထက်တွင် ရှိနေခဲ့ရာ ယင်းနိုင်ငံတွင် မတ်လက ဗိုင်းရပ်စ် ကူးစက်မှုစတင်ဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးသော တစ်နေ့တာ ကိန်းဂဏန်းများ ဖြစ်သည်။ ပိုမို ရေချိန်မြင့်တက်လာသည့် အခြေအနေကြောင့် မြို့တော် ဂျကာတာတွင် သွားလာလှုပ်ရှားမှုဆိုင်ရာ အကြီးစား ကန့်သတ်ပိတ်ပင်ချက်များ တစ်ဖန် ပြန်လည်အသက်သွင်းခဲ့ရပြီး တစ်ဘက်တွင်လည်း စီးပွားရေး ဆိုင်ရာ ထိခိုက် မှုနှင့်ပတ်သက်၍ ဗဟိုအစိုးရ တာဝန်ရှိသူများဘက်က ကန့်ကွက်မှုများ ရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့အထိ အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၂၈,၉၉၃ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉,၁၀၀ ဦး ရှိနေသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်အရကြည့်ပါက အင်ဒိုနီးရှားသည် အရှေ့တောင် အာရှတွင် ဖိလစ်ပိုင်ပြီးလျင် ဒုတိယအမြင့်ဆုံး ဖြစ်သည်။ သို့သော် သေဆုံးမှုအရ ကြည့်မည်ဆိုပါက အင်ဒိုနီးရှားသည် အာရှတွင် အိန္ဒိယ၏နောက် ဒုတိယနေရာတွင် ရှိနေသည်။

သေဆုံးမှုနှုန်း မြင့်တက်ခြင်းကလည်း အင်ဒိုနီးရှား၏ ဝန်နှင့်အား မမျှအောင် ထမ်းနေရသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထင်ဟပ်ပြသနေသည်။ အင်ဒိုနီးရှား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဖိအားများအောက် ရောက်နေသည်ဟု ပြည်တွင်း စောင့်ကြည့်သူများက မှတ်ချက်ပြုသည်။

အရှေ့တောင်အာရှတွင် စီးပွားရေးအင်အား အကြီးဆုံး ဖြစ်နေသော်ငြား အင်ဒိုနီးရှား၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်နိုင်စွမ်းသည် ယင်း၏ အိမ်နီးချင်းများထက် နောက်ကျနေခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးထုတ်ထားသည့် ဒေတာအချက်အလက်များအရ အင်ဒိုနီးရှားတွင် လူ ၁၀,၀၀၀ လျင် ဆေးရုံခုတင် ၁၀ လုံးနှုန်းမျှသာ ရှိနေကာ ယင်းက ဖိလစ်ပိုင်နှင့် လယ်ဗယ်တူဖြစ်သော်လည်း ၁၉ လုံးနှုန်း ရှိနေသည့် မလေးရှားထက် နိမ့်ပါးနေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုင်းတွင် ၂၁ နှင့် ဗီယက်နမ်တွင် ၃၂ တို့ဖြစ်သည်။ ယင်းအပြင် အင်ဒိုနီးရှားတွင် လူ ၁၀,၀၀၀ လျင် ဆေးဘက်ဆိုင်ရာ ဆရာဝန် လေးဦးနှုန်း မျှသာ ရှိနေရာ ယင်းက ဖိလစ်ပိုင်၏ ခြောက်ဦး၊ ထိုင်းနှင့် ဗီယက်နမ်ရှိ ရှစ်ဦးနှင့် မလေးရှားရှိ ၁၅ ဦးတို့ နှင့်ယှဉ်ပါက နည်းပါးနေသည်။

ပြန့်ကျဲတည်ရှိနေသော အင်ဒိုနီးရှားကျွန်းစုရှိ ပြည်နယ်များအတွင်း ကြီးမားသော ကွာဟချက်များလည်း ရှိနေသည်။ ဥပမာအားဖြင့် ဂျကာတာ၏ ဆေးရုံခုတင် ပမာဏသည် တစ်နိုင်ငံလုံး ပျမ်းမျှထက် နှစ်ဆကျော် ဖြစ်နေ သည်။ သို့သော် ဘန်တန်နှင့် အနောက်ဂျာဗားအပါအဝင် အခြားဒေသများတွင်မူ ပျမ်းမျှ၏ အောက်တွင်သာ ရှိနေသည်။

ယင်းသို့ ဆိုပါသော်လည်း ဂျကာတာ၏ ကျန်းမာရေးစနစ်သည်လည်း မနိုင်မနင်း ဖြစ်တော့မည့် ဆဲဆဲ ရှိနေသည်ဟု ဂျကာတာ အုပ်ချုပ်ရေးမှူး အေနီးစ် ဘက်စ်ဝီဒန် က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် သီး သန့်လူနာဆောင် (isolation) ခုတင် ၄,၀၅၃ လုံးနှင့် အထူးကြပ်မတ်ကုသဆောင် (ICU) ၅၂၈ လုံးတို့သည် ယခုအပတ်ထဲ ပြည့်တော့မည်ဖြစ်ကြောင်း ၎င်းက ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။

၎င်း၏ ပြောကြားချက်ကို ကျန်းမာရေးဝန်ကြီး တီရာဝမ် အေဂက်စ် ပူထရန်တို အပါအဝင် ဗဟိုအစိုးရတာဝန်ရှိသူများက ချေပခဲ့သည်။ ဂျကာတာသည် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်မြင့်တက်မှုကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင် စွမ်းရှိသည်ဟု ကျန်းမာရေးဝန်ကြီး တီရာဝမ် အေဂက်စ် ပူထရန်တို က တနင်္လာနေ့တွင် ပြောသည်။ နိုင်ငံတစ်ဝန်းတွင် ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲကျွမ်းကျင်နှင့် အခြား ကျန်းမာရေးအမှုထမ်း အားလုံးပေါင်း ၁၆,၀၀၀ ကို ရောဂါဖြစ်ပွားမှု ကိုင်တွယ်ဖြေရှင်းရန် ဖြန့်ကျက်ထားကြောင်းနှင့် အလုပ်သင် ဆရာဝန် ၃,၅၀၀ အပါအဝင် အခြား ကျန်းမာရေးအမှုထမ်း ၅,၀၀၀ သည်လည်း လိုအပ်ပါက ဖြန့်ကျက်စေလွှတ်နိုင်ရန် အသင့်ရှိနေသည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

သို့ရာတွင် ကျန်းမာရေး အမှုထမ်းများအနေဖြင့် လုံလောက်သည့် အကာအကွယ်များ၊ မက်လုံးများ မရရှိဘဲ ပိုမိုရှည်လျားသော အလုပ်လုပ်ရက်များကို ခံနိုင်စွမ်း ရှိမည်လား ဆိုသည်နှင့် အထူးသဖြင့် ကူးစက်မှုနှင့် ယုတ်စွ အဆုံး သေဆုံးမှုတို့နှင့် ကြုံရနိုင်သည့် အန္တရာယ် မြင့်တက်နေချိန်တွင် ခံနိုင်မည်လား ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းများ ဆက်ရှိနေသည်။

“နိုင်ငံမှာ ကျန်းမာရေးလုပ်သား အင်အား မလုံလောက်တာကြောင့် ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေနဲ့ လုပ်ရတာက ကပ်ရောဂါကာလအတွင်းမှာ ဆေးဘက်အမှုထမ်းအပေါ် ထိခိုက်သေဆုံးမှုများ ဖြစ်ထားစေခဲ့ပါတယ်” ဟု အင်ဒိုနီးရှား ဆရာဝန်များအသင်းမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Amnesty က ပြောသည်။ “ ကိုဗစ်-၁၉ အကူးခံရနိုင်တဲ့ အန္တရာယ်အပြင် အလုပ်ချိန်နာရီတွေ များတာ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဖြစ်ပေါ်တာနဲ့ ပင်ပန်း နွမ်းလျတာတွေက ကျန်းမာရေးအမှုထမ်းတွေအတွက် ကြီးမားတဲ့ စိုးရိမ်စရာကိစ္စတွေဖြစ်နေပါတယ်” ဟု ယင်းက ပြောသည်။

နိုင်ငံရှိ ပြည်နယ် ၃၄ ခုမှ စစ်တမ်းကောက်ယူမေးမြန်းထားသည့် ဆရာဝန်များနှင့်အခြား ကျန်းမာရေးအမှုထမ်း ၁,၄၀၀ ကျော်အနက် ၈၃ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် အသင့်အတင့်မှ အလွန်အကျွံဖြစ်သော ကိုယ်အား စိတ် အား ချုံးချုံးကျနေမှုကို ကြုံတွေ့ထားရသည်ဟု ပြောခဲ့ကြောင်း ဇွန်လနှင့် သြဂုတ်လအကြား လုပ်ခဲ့သည့် အင်ဒိုနီးရှား ဆေးကျောင်းတက္ကသိုလ်၏ စစ်တမ်းတစ်ခုက ဖော်ပြထားသည်။ ၎င်းတို့အနက် ထက်ဝက်ကျော်သည် ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကိုင်တွယ်ကုသပေးထားခဲ့ရသူများဖြစ်ကြောင်း သုတေသီများက ပြောသည်။

တချိန်တည်းမှာပင် ဧပြီလနောက်ပိုင်း ကတိပြုထားခဲ့သည့် ကပ်ရောဂါကိုင်တွယ်ရေးဆိုင်ရာ ထပ်တိုး ကျန်းမာရေးဘက်ဂျက် ရူပီးယား ၈၇ ဒသမ ၅၅ ထရီလီယံ (ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ) အနက် ၆ ရာခိုင်နှုန်းမျှသာ  ကိုသာ ဧပြီ ၁၉ ရက်အထိ ထုတ်ပေးရသေးသည်ဟု သိရသည်။ ယင်းအချက်က မည်သည့်အတွက်ကြောင့် ဆရာဝန်၊ သူနာပြုများ လများစွာနှင့်ချီ အချိန်ပိုကြေး မရသေးခြင်းအပေါ် စောဒကတက်နေရသလဲ ဆိုသည်ကို ရှင်းပြ ကောင်း ရှင်းပြနိုင်သည်။

အလားတူ ကျန်းမာရေးအမှုထမ်းများကို တစ်ကိုယ်ရည် သုံးရောဂါအကာအကွယ်ဝတ်စုံပစ္စည်းများ ဖြန့်ဝေထုတ်ပေးမှုကလည်း နှေးကွေးနေကြောင်း၊ အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်နေ ခြင်းနှင့် အမီလိုက်နိုင်ခြင်း မရှိကြောင်း Amnesty က ပြောသည်။

သို့သော် ပြီးခဲ့သည့်လအနည်းငယ်အတွင်း တိုးတက်မှုအများအပြား ရှိထားခဲ့သော်ငြား ဗိုင်းရပ်စ် စစ်ဆေးမှု လုပ်နိုင်စွမ်းက အကန့်အသတ်ဖြင့်သာ ရှိနေဆဲဟု သိရသည်။ ယင်းအတွက်ကြောင့် ဆရာဝန်အချို့အနေဖြင့် ၎င်းတို့ ၏ PCR စမ်းသပ်မှုများအတွက် မဖြစ်မနေ ငွေပေးချေရသလို ဆေးရုံအချို့သည်လည်း စမ်းသပ်မှု တစ်ကြိမ်လျင် ရူပီးယား ၂ ဒသမ ၅ သန်း (၁၆၈ ဒေါ်လာ) အထိ ကောက်ခံနေသည်ဟု သိရသည်။ တချိန်တည်းမှာပင် အခြား သော ဆရာဝန်များသည်လည်း အမှုမဲ့အမှတ်မဲ့ ဗိုင်းရပ်စ် သယ်ဆောင်ထားရပြီး လူနာများကို ကုသကောင်းကုသပေးနေရနိုင်သည်ဟု သိရသည်။

မတူညီသော ကျန်းမာရေး အမှုထမ်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များသည် ဖိအားများကို ဆက်လက် ထိန်းချုပ်ထားရန် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်ဖြစ်စေ ပြောကြားထားခဲ့သည်။ သို့သော် အချို့သည် ၎င်းတို့၏ တောင်းဆိုချက်များအပေါ် အစိုးရဘက်က တုံ့ပြန်ဖြေရှင်းပုံ အားနည်းမှုအပေါ် ဆန့်ကျင်သပိတ်မှောက်ရန် ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များကို တောင်းဆိုနေကြသည်။

“ အင်ဒိုနီးရှား ဆေးရုံတွေမှာ ပွင့်လင်းမြင်သာမှု ဒါမှမဟုတ် လျှို့ဝှက်ထားမှု အလေ့အထ ကင်းမဲ့တာက ဆေးဘက်ဆိုင်ရာ လုပ်သားတွေနဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ မကျေနပ်ချက်တွေ ထုတ်ဖော်နိုင်မယ့် လုံခြုံတဲ့ နေရာတစ်ခု သို့မဟုတ် ထိရောက်တဲ့ တိုင်ကြားမှု ယန္တရားတစ်ခုနဲ့ အကြား ပိတ်ပင်ထားသလို ဖြစ်ခဲ့ရပါတယ်” ဟု Amnesty မှ ဟာမစ်ဒ် က ပြောသည်။

“ကျန်းမာရေးလုပ်သားတွေရဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ အစိုးရဘက်က ပျက်ကွက်တာက သေဆုံးမှုတွေ ပိုတိုးစေနိုင်သလို ကပ်ရောဂါကြီးထွားလာတာနဲ့အမျှ ကိုဗစ်-၁၉ လူနာတွေကို ကုသနိုင်မယ့် နိုင်ငံရဲ့ ကျန်းမာ ရေးစနစ်ရဲ့ လုပ်နိုင်စွမ်းကိုပါ ထပ်ပြီး လျော့ကျစေနိုင်တယ်လို့ Amnesty International က သတိပေးပါတယ်” ဟု ဟာမစ်ဒ် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly