ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း နှိုင်းယှဉ်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

ရေးသားသူ

ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးလေးမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ် ကမ္ဘာတလွှားမှာ လူအများကို သေဆုံးမှုတွေ ဖြစ်စေခဲ့တယ်။ ကာကွယ်မှုတွေ လုပ်ရင်းသာ ကာကွယ်နိုင်ခဲ့ကြပြီး အခုချိန်ထိ ကြိုးပမ်းနေကြပေမယ့် ကာကွယ်ဆေးရော ကုသဆေးပါ ထွက်ပေါ်မလာသေးဘူး။ ဆက်လက်တော့ ကြိုးစားနေကြဆဲပေါ့။

ကမ္ဘာ့နိုင်ငံတွေ ထိတယ်ဆိုတော့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကရော မထိဘဲရှိပါ့မလား။ ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် ထိန်းချုပ်ဖို့ ခက်တဲ့ ရောဂါကို ကိုယ်တွေလို ဖွံ့ဖြိုးဆဲ နိုင်ငံလေးအနေနဲ့ ထိန်းချုပ်နိုင်ဖို့က မလွယ်ကူပါဘူး။ လူတွေအမြင်မှာသာ ဖွံ့ဖြိုးဆဲလေ ကိုဗစ်ဗိုင်းရပ်စ်ကတော့ ဆင်းရဲ ချမ်းသာ မရွေးသလို နိုင်ငံတွေကိုလည်း ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲရယ်ဆိုပြီး ရွေးမနေဘူး။ ပိုးကူးစက်ရေး သူ့အရေးပဲလေ။

ကိုဗစ် ပထမလှိုင်း

ဒီနှစ် နှစ်ဆန်းပိုင်းလောက် သင်္ကြန်မတိုင်ခင် ကာလလေးမှာ ပြည်တော်ပြန်ကနေတဆင့် ကိုဗစ်က မြန်မာနိုင်ငံထဲကို စတင် ဝင်ရောက်ခဲ့တယ်။ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေမှာ အတော်လေး ပြင်းထန်နေချိန်မှာမှ မြန်မာနိုင်ငံမှ စဖြစ်ပွားခဲ့တယ်။

ဒါကပဲ ကံကောင်းမှုလို့ ဆိုရမလား။ လူတော်တော်များများက သတင်းတွေကနေတဆင့် ကိုဗစ် အကြောင်းကို ထိုက်သင့်သလောက် သိထားပြီး ဖြစ်နေတယ်။ ကြောက်သင့်သလောက်လည်း ကြောက်နေတယ်ဆိုရမယ့် အနေအထားပေါ့။

ဒီအနေအထားမှာ အစိုးရက လုံလောက်တဲ့ ကျန်းမာရေး အသိပေးမှုတွေကို လူတွေအားလုံးကြား ရောက်အောင် ဖြန့်ဝေပေးခဲ့တယ်။ ဒီလိုနဲ့ လက်ဆေးနည်း၊ မတ်ခ်တပ်နည်း၊ အနည်းဆုံး ၃ ပေခွာနေရမယ်စတဲ့ ကျန်းမာရေး အသိတွေ ရခဲ့တယ်။ မလိုအပ်ဘဲ အိမ် အပြင်မထွက်ဖို့ရောပေါ့။

တကယ်လည်း လိုက်နာခဲ့​ကြတယ်။ လမ်းတွေတောင် ရှင်းလို့ ရန်ကုန်မြို့ကြီး တိတ်ဆိတ်သွားတဲ့ အထိပေါ့။ ဒီလိုနဲ့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးကာလ သင်္ကြန်ကို ရောက်တော့ ရုံးတွေ၊ အလုပ်တွေ၊ စူပါမားကတ်ကအစ အကုန်လုံး ပိတ်ခဲ့တယ်။ လူစူလူဝေး မရှိသလောက်ကို နည်းသွားတယ်။

ကျန်းမာရေး ကိစ္စတွေကလွဲလို့ အပျော်အပါး၊ မလိုအပ်ဘဲ အပြင်ထွက်တာတွေ မရှိတော့ဘူးပေါ့။ သင်္ကြန်ပွဲတော်လည်း မကျင်းပရတော့ အားလုံးက အိမ်ထဲမှာပဲနေရင်းက ကူးစက်သူ တော်တော်နည်းသွားခဲ့တယ်။ တစ်နေ့ကိုမှ ဆယ် ဂဏန်း မပြည့်သလောက်ပဲ ရှိခဲ့တာပေါ့။

ပြည်သူတစ်ယောက်ချင်းစီရဲ့ တာဝန်သိမှုတွေနဲ့ မြန်မာနိုင်ငံဟာ ကိုဗစ် ပထမလှိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာပေါ့။ နိုင်ငံတကာက ချီးကျူးရတဲ့ အနေအထားတောင် ဖြစ်ခဲ့တယ်လေ။

ကိုဗစ် ဒုတိယလှိုင်း

ပထမလှိုင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာကြောင့် စားသောက်ဆိုင်တွေ ပြန်ဖွင့်လာတယ်။ လူတွေကို သွားလာခွင့်တွေ စပေးလာတယ်။ ဒီလိုနဲ့ new normal life ကို အသားကျလာတယ်။ ဒီလိုနဲ့ ကူးစက်မှုကလည်း မတွေ့ရတော့သလောက်ဆိုတော့ လူတွေက ရောဂါကြီး မြန်မာနိုင်ငံထဲမှာ ပျောက်သွားသလိုကို အရင်အတိုင်း သွားလာ လာကြတယ်။

ကိုဗစ်ကတော့ မျက်ခြေမပြတ် စောင့်ကြည့်ခဲ့တယ်ထင်ပါရဲ့။ စစ်တွေမှာ ပြည်တော်ပြန်လည်း မဟုတ်၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တာလည်း မဟုတ်ဘဲ ပြည်တွင်းကူးစက်မှု တစ်ခု စဖြစ်လာတယ်။ ကိုယ့်လက်ပူမှ ကြောက်တဲ့ သဘောအရ အဝေးကြီးပါဆိုတဲ့ အတွေးနဲ့ ပုံမှန်အတိုင်း သွာလာမပြတ်ခဲ့ဘူးပေါ့။ ရုပ်ရှင်ရုံတွေ မဖွင့်ရသေးပေမယ့် စားသောက်ဆိုင်တွေ တော်တော်များများက ပြန်ဖွင့်နေပြီလေ။

လူတွေကလည်း အတော်လေး အိမ်တွင်းအောင်းခဲ့ရတော့ အပြင်သွားရတဲ့ အရသာကို အတော်လေး သဘောကျနေတာပေါ့။ ဒီလိုနဲ့ ဝေးပါသေးတယ်ဆိုပြီး သွားလာမပြတ်၊ လူစုမပြတ်နဲ့ လုပ်နေကြတယ်။ ဒီလိုနဲ့ ပိုးက မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ မြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်ကို ရောက်လာခဲ့ပါတော့တယ်။

အခုတော့ ကိုဗစ် ဒုတိယလှိုင်းကို အတော်လေး အလူးအလဲ ခံစားနေရပြီလေ။ ရန်ကုန်ခမျာ သနားစရာ ကောင်းအောင် ခံစားနေရတာပါ။ ရန်ကုန်က မြို့နယ် အတော်များများ Stay at Home ကြရပါပြီ။ ဒါပေမယ့် မဖြစ်မနေ ဝမ်းရေးအတွက် ထွက်ရှာရသူတွေနဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ရမယ့် သူတွေကတော့ အပြင်ကို ထွက်နေရဆဲပါ။

ကိုဗစ်ဗိုင်းရပ်စ်က ကူးစက်မှု မြန်လာတယ်။ ဒါပေမယ့် ရောဂါပြင်းထန်အားက ကျသွားပုံမရပါဘူး။ ရောဂါကူးစက်ခံရသူတွေ တစ်နေ့တစ်နေ့ ရာနဲ့ချီ ရှိလာသလို သေဆုံးသူ အရေအတွက်ကလည်း ပထမလှိုင်းထက် ပိုများလာတယ်။ ရောဂါအခံရှိသူတွေရော ရောဂါအခံ မရှိသူတွေပါ သေဆုံးမှုရှိလာတယ်။

ဒါက ကိုဗစ် ကူးစက်မှုက မြန်လာတာကြောင့်ပဲလား။ တစ်ဦးချင်းစီ လိုက်နာမှုက လိုအပ်ချက် ရှိနေသေးတာလားဆိုတာကတော့ ပြောရခက်ပါမယ်။ ဒါပေမယ့် အိမ်ထဲနေရေးထက် ဝမ်းရေးက ပိုခက်နေသူတွေအနေနဲ့ကတေ့ မဖြစ်မနေ ရှာဖွေနေရမှာပါပဲ။ ဒီတော့ ကိုဗစ် ဒုတိယလှိုင်းက ပိုသည်းနေတာတော့ပေါ့။

ကိုဗစ် ဒုတိယလှိုင်းကို ကျော်ဖြတ်ဖို့ အရေးအကြီးက လူတစ်ဦးရဲ့ စည်းကမ်းလိုက်နာမှု နဲ့ တာဝန်သိစိတ်ပါ။ ပထမလှိုင်းကိုတောင် အကောင်းဆုံး ကျော်ဖြတ်ပြီးခဲ့ပြီပဲ။

မလိုအပ်ဘဲ အပြင်မထွက်ဘဲနေမယ်။ မဖြစ်မနေအပြင်သွားရရင်လည်း မတ်ခ်တပ်မယ်။ တစ်ဦး နဲ့ တစ်ဦး ၆ ပေအကွာနေမယ်။ မကြာခဏ လက်ဆေးမယ်။ စည်းကမ်းချက်တွေကို အတိအကျလိုက်မယ် ဆိုရင် ကိုဗစ် ဒုတိယလှိုင်းကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။

ဆိုင်ထိုင်စားမှ အရသာရှိတယ်။ အိမ်ပြင်ထွက်ပြီး စကားစမြည်လေးပြောဦးမယ်၊ shopping လေးထွက်ဦးမယ် ငါတော့ မကူးနိုင်လောက်ပါဘူးလို့ တွေးမနေနဲ့နော်။ ကိုဗစ်က လူတိုင်းကို ကူးစက်နေတယ်။ သေဆုံးသည်အထိလည်း ပြင်းထန်တယ်ဆိုတာ ဂရုပြုပါ။

ဒီတော့ ကြောက်စရာ ကိုဗစ်ကို စည်းကမ်းတွေ လိုက်နာရင်း တစ်ဦးတစ်ယောက်ချင်းစီကနေစလို့ တစ်တိုင်းပြည်လုံးရဲ့ အင်အားနဲ့ တိုက်ထုတ်ပြီး ကိုဗစ် ဒုတိယလှိုင်းကို အကောင်းဆုံး ကျော်ဖြတ်ကြဦးစို့လား……… တတ်နိုင်သမျှ အိမ်ထဲမှာပဲနေရအောင်လား………….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly