တောင်အာဖရိကမှာ နိုင်ငံခြားသားတွေ အကြောက်တရားနဲ့ အမြဲတစေ နေနေရတယ်လို့ HRW ပြော

By AFP
18 September 2020
တောင်အာဖရိကမှာ နိုင်ငံခြားသားတွေ အကြောက်တရားနဲ့ အမြဲတစေ နေနေရတယ်လို့ HRW ပြော

စက်တင်ဘာ ၁၈

တောင်အာဖရိကနိုင်ငံမှာဆိုရင် ပြည်ပနိုင်ငံခြားသားတွေဟာ ဒေသခံတွေ၊ အစိုးရအာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှု၊ နှောင့်ယှက်ဒုက္ခပေးမှု၊ အကြမ်းဖက်မှုတို့ကို အမြဲတမ်းဆိုသလို တွေ့ကြုံခံစားနေရတယ်ဆိုပြီး လူ့အခွင့် အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch-HRW) က စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တောင်အာဖရိကမှာ ဒီလို သဘောထားသေးမှုမျိုးကို တိုက်ဖျက်ဖို့ ၂၀၁၉ ခုနှစ် မေလမှာ အစိုးရအက်ရှင်ပလန်တစ်ခု ဖြန့်ကျက်ခဲ့ပေမယ့်လည်း ယင်းနိုင်ငံမှာ သူစိမ်းကြောက်မှုကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတုန်းပဲဖြစ် တယ်လို့ HRW က ပြောပါတယ်။

အာဖရိကတိုက်ရဲ့ စက်မှုအထွန်းကားဆုံး နိုင်ငံဖြစ်တဲ့ တောင်အာဖရိကမှာတော့ နိုင်ငံခြားသား လုပ်သားတွေဟာ ရံဖန်ရံခါဆိုသလို နိုင်ငံခြားသား ဆန့်ကျင်ရေး ရပ်တည်ချက်ရဲ့ သားကောင်တွေ ဖြစ်နေရပါတယ်။  

ယင်းနိုင်ငံမှာတော့ ပြည်ပနိုင်ငံသားတွေဟာ အလုပ်အကိုင်နေရာတွေအတွက် ဒေသခံတွေနဲ့ ယှဉ်ပြိုင်ကြရသလို အထူးသဖြင့်တော့ ကျွမ်းကျင်မှု အဆင့်နိမ့်တဲ့ ကဏ္ဍတွေမှာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့မှုနှုန်း ၃၀ ရာခိုင်နှုန်းအထက်မှာ ရှိနေပြီး ကမ္ဘာပေါ်မှာ သာတူညီမျှမှု မရှိဆုံး လူ့အဖွဲ့အစည်းတစ်ခုမှာ စီးပွားရေးဆိုင်ရာ မလုံခြုံမှုအတွက် နိုင်ငံခြားသားတွေဟာ ကြားထဲက ဒဏ်ခံရသူတွေဖြစ်နေတယ်လို့ HRW ရဲ့ စာမျက်နှာ ၆၄ မျက်နှာပါ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ယင်းအစီရင်ခံစာထဲမှာတော့ အာဖရိကနဲ့ အာရှ နိုင်ငံသား ၅၀ ကျော်ရဲ့ ထွက်ဆိုပြောပြချက်တွေကို ပြန်လည် ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆိုင်ပိုင်ရှင်တစ်ဦးရဲ့ အဆိုအရ ယမန်နှစ်က သူစိမ်းကြောက်မှု အကြမ်းဖက် ကာလတစ်ခုအတွင်းကဆိုရင် ၎င်းရဲ့ လုပ်ငန်းဟာ မွှေနှောက်ခိုးယူဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ယင်းနောက်ပိုင်း လုယက်ခံရတဲ့ ဆိုင်အဆောက်အအုံကို သုံးရက်ဆက်တိုက် မအိပ်မနေ ကင်းစောင့်ခဲ့ရပြီး နောက်ပိုင်းကျမှ ရဲတွေက ဝင်ရောက်ဖြေရှင်းပေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“ ကျွန်တော် တကယ် ဒေါသထွက်ရတယ်ဗျာ” လို့လည်း အခြား ကွန်ဂိုနိုင်ငံသား ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောပါတယ်။ ၎င်းဟာလည်း ၂၀၁၉ ခုနှစ် စီးနင်းမှုတွေရဲ့ ဒဏ်ကိုခံခဲ့ရသူဖြစ်ပါတယ်။

နိစ္စဒူ၀ လုပ်ငန်းတွေ လုပ်ကိုင်ရင်း ဒေသခံတွေနဲ့ ဆက်ဆံပတ်သက်ရာမှာ မကြာခဏဆိုသလို နှုတ်နဲ့ ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားနှောင့်ယှက်မှုနဲ့ ကြုံတွေ့ထားခဲ့ရတယ်ဆိုပြီး တောင်အာဖရိကမှာ ရောက်နေ တဲ့ နိုင်ငံခြားတွေက HRW ကို ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly