ဥရောပတွင် COVID-19 ကူးစက်မှုနှုန်း စိုးရိမ်ဖွယ်ရာ တိုးလာနေသည်ဟု WHO သတိပေး

ဥရောပတွင် COVID-19 ကူးစက်မှုနှုန်း စိုးရိမ်ဖွယ်ရာ တိုးလာနေသည်ဟု WHO သတိပေး

စက်တင်ဘာ ၁၈

ကမ္ဘာတဝန်း COVID-19 ရောဂါပိုးကူးစက်ခံရသူဦးရေသည် စက်တင်ဘာ ၁၇ ရက်တွင် သန်း ၃၀ ကို ကျော်လွန်လာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဥရောပဒေသတစ်ခွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကြောက်မက်ဖွယ်ကောင်းအောင် တိုးလာနေသည်ဟု သတိပေးသွားခဲ့သည်။

ဥရောပဒေသ၌ စက်တင်ဘာလတွင် ဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်လာခြင်းက မိမိတို့အားလုံးအတွက် သတိပေးမှုတစ်ခု ဖြစ်ကြောင်း WHO ၏ ဥရောပဒေသဆိုင်ရာ ညွန်ကြားရေးမှူး Hans Kluge က ပြော သည်။

ဥရောပတွင် ပြီးခဲ့သည့်အပတ်က ကိုဗစ်-၁၉ ကူးစက်မှု စံချိန်သစ် တင်ခဲ့ပြီး ၂၄ နာရီကာလအတောအတွင်း ကူးစက်သူ ၅၄,၀၀၀ ခန့်အထိ တွေ့ရှိထားခဲ့သည်။

“ဒီ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ဗိုင်းရပ်စ် စစ်ဆေးမှုပိုင်း ပိုမို ကျယ်ပြန့်နှံ့စပ်လာတာကို ထင်ဟပ်ပြသနေတယ်ဆိုပေမယ့်လည်း ဒါက ဒေသတဝန်းမှာ ကူးစက်မှုနှုန်းတွေ ကြောက်မက်ဖွယ် တိုးလာနေတယ်ဆိုတာကိုပါ ပြသနေပါတယ်” ဟု Kluge က ကိုပင်ဟေဂင်မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ယမန်နှစ်ကုန်ပိုင်းက တရုတ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်တွင် ကမ္ဘာတဝန်း ကူးစက်ခံရသူ သန်း ၃၀ ကျော်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၄၃,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ဥရောပဒေသတွင် အစိုးရများသည် လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေခြင်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသလို တစ်ဘက်တွင်လည်း ယင်းတို့၏ စီးပွားရေးများအပေါ် ထိခိုက်မှုအသစ်များ ဖြစ်လာမည့်အရေးကနေ ရှောင်ရှားနိုင်ရန် ဆန္ဒရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly