NLD ဦးဆောင်မည့် အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လုပ်ဖို့ အမေရိကန်၊ ဂျပန် ပြော

NLD ဦးဆောင်မည့် အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လုပ်ဖို့ အမေရိကန်၊ ဂျပန် ပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ။ ။ ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့ခွင့်ရသွားပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဦးဆောင်မည့် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ အမေရိကန်နှင့် ဂျပန်တို့က တိုက်တွန်းလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၁၃ရက်၊ နေ့လည် ၁၂နာရီအချိန် ရွေးကောက်ပွဲအနိုင်ရလဒ်များ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီက အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။

“ပြည်သူလူထုကရွေးလိုက်တဲ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့အစိုးရဆိုရင် အဲ့ဒီအစိုးရက မြန်မာနိုင်ငံပိုပြီးတော့ တိုးတက်ဖို့အတွက် ဆောင်ရွက်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံမှူးကြီး Mr.MARUYAMA က နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ရောက်ရှိလာစဉ် သတင်းထောက်များကို နံနက် ၁၁နာရီခွဲတွင် ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်ကလည်း “NLDပါတီအနေနဲ့က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်သွားရပါတော့မယ်” ဟု ဆိုသည်။

နောက်လာမည့် NLDပါတီဦးဆောင်သော အစိုးရသစ်လက်ထက်တွင်မူ မြန်မာနိုင်ငံအတွက် အကူအညီများနှင့် ထောက်ပံ့မှုများနှင့် ရင်းနှီးမြုပ်နှံမှုများကို အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အမေရိကန်နှင့် ဂျပန်တို့က တစ်ခဲနက် ပြောဆိုသွားသည်။

“ကျွန်တော်တို့ ဂျပန်နိုင်ငံအနေနဲ့လည်း အစွမ်းကုန်ကူညီပေးဖို့ အသင့်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဂျပန်ရင်းနှီးမြုပ်နှံမှုကို စီးပွားရေးအကူအညီများကို အတော်များများ အစိုးရသစ်နဲ့ ပူးပေါင်းပြီး လုပ်နိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်” ဟု ဂျပန်သံမှူးကြီးက ပြောသည်။

မစ္စတာ ဒဲရစ်မစ်ချယ်လ်ကလည်း “အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဖွံ့ဖြိုးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကူညီသွားမှာပါ။ မြန်မာပြည်သူတွေအနေနဲ့တော့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါပြီ” ဟု ကော်မရှင်ရုံးတွင် သတင်းထောက်များကို ပြောသည်။

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထားသော  NLDပါတီအနေဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ထို့ပြင် NLDပါတီအစိုးရဖြစ်လာပါက အဂတိလိုက်စားမှုကင်းသည့် အစိုးရတစ်ရပ်ဖြစ်စေရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးကာလတွင် ပြည်သူများကို ကတိကဝတ်ပြုထားသည်။

အစိုးရဖြစ်လာတော့မည့် NLDပါတီသည် အစိုးရဖွဲ့ရန် အသင့်ဖြစ်နေပြီဆိုသော်လည်း သမ္မတလောင်းအဖြစ် မည်သူ့ကို ရွေးချယ်ထားသည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် နိုင်ငံခြားသား ခင်ပွန်းနှင့် သားနှစ်ယောက်မိခင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ခွင့် ရှိမည်မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်ကမူ သမ္မတအပါအဝင် အစိုးရတစ်ဖွဲ့လုံး၏ အထက်မှနေကာ ပဲ့ကိုင်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags