ဒေါ်အောင်ဆန်းစုကြည် အာဏာရလာနိုင်မှုနှင့် ဖြစ်ပေါ်လာမည့် တရုတ်-မြန်မာဆက်ဆံရေးသစ်

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာနိုင်မှုနှင့် ဖြစ်ပေါ်လာမည့် တရုတ်-မြန်မာဆက်ဆံရေးသစ်

မြန်မာနိုင်ငံတွင် အာဏာအများစုကို ချုပ်ကိုင်ထားသော ဗိုလ်ချုပ်ကြီးများကို ကာလရှည်ကြာ ထောက်ခံခဲ့သည့်တိုင် ပေကျင်းအစိုးရသည် သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ကို ပေကျင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်နိုင်ဖွယ်ရှိသည့် ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် ယခုနှစ်တွင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ဇွန်လ ခရီးစဉ်တွင် ဒေါ်စုက တရုတ်သည် မြန်မာအတွက် အရေးကြီးသော နိုင်ငံတစ်ခုဖြစ်ကြောင်း ယဉ်ကျေးစွာ ပြသခဲ့သော်လည်း ဒီမိုကရက်တစ် စည်းမျဉ်းများ သို့မဟုတ် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော တရုတ်စာရေးဆရာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျိုရှောက်ပို အကြောင်း ရည်ညွှန်းသည့် စိုးရိမ်မှုများကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သော တရုတ်သည် ရွေးကောက် တင်မြောက်ခံရသော အစိုးရသစ်လက်ထက်တွင် မြန်မာနှင့် ဆက်ဆံရေးသစ် တစ်ခုကို စီစဉ်နိုင်မှု ရှိမရှိမှာ နောက်ထပ် ကိစ္စတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံရှိ သာမန်လူ အများစုကမူ တရုတ်သည် မြန်မာ၏ သစ်နှင့် ကျောက်စိမ်းကဲ့သို့ အဖိုးတန် သဘာဝရင်းမြစ်များကို ထုတ်ယူရန်သာ စိတ်ဝင်စားသော နိုင်လိုမင်းထက် လုပ်ချင်သည့် အိမ်နီးချင်း နိုင်ငံကြီးတစ်ခုဖြစ်သည်ဟုသာ ရှုမြင်သည်။ ထို့အပြင် တရုတ်သည် ကြီးမားသည့် မြစ်ဆုံဆည်ကြီး ဆောက်ရန်နှင့် ပိုက်လိုင်းများ ဆောက်ရန် မြေယာကို လုယူနိုင်သည် ဟုလည်း မြင်ကြသည်။

စစ်တပ်က ကြီးစိုးထားသော မြန်မာအစိုးရသည် တရုတ်က လိုလားသည့် ကိစ္စများစွာကို လိုက်လျောခြင်း မရှိသေးပေ။ တစ်စိတ်တစ်ပိုင်း ဆောက်လုပ်ထားသော မြစ်ဆုံဆည် တည်ဆောက်မှုကို ရပ်ဆိုင်း လိုက်သည်။ ပေကျင်းအတွက် စိတ်အနှောက်အယှက် ဖြစ်စရာမှာ လွန်ခဲ့သည့် လေးနှစ်အတွင်း မြန်မာသည် အမေရိကန်ဘက်သို့ ပို၍ပို၍ ဦးလှည့်ခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်များကို သိရှိပြီးနောက် ရလဒ်အပေါ် ကျေနပ်အားရသည့် အမူအရာပြရန် သိသိသာသာ ကြိုးပမ်းထားသော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ရွေးကောက်ပွဲ ချောမွေ့စွာ ပြီးစီးသွားခြင်းကို ပေကျင်းက ဝမ်းမြောက်ကြောင်းနှင့် တရုတ်အနေဖြင့် မြန်မာကို ဆက်လက် ကူညီ သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ကပြောကြားခဲ့သည်။ တရုတ်သည် မြန်မာ၏ (အခြားနိုင်ငံများထက် အပြတ်အသတ် သာလွန်သည့်) အကြီးမားဆုံး ကုန်သွယ်ဘက်ဖြစ်သည်။

နိုဝင်ဘာ ၁၁က တရုတ်နိုင်ငံတောင်ပိုင်းတွင် မစ္စတာဝမ်နှင့် တွေ့ဆုံခဲ့သော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာသည် တရုတ်နှင် မိတ်ဆွေကောင်း ပီသသော ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး၏ သံတမန် ယဉ်ကျေးမှုများ အောက်တွင် တရုတ်အတွက် ကသိကအောက် အခြေအနေတစ်ခု ဖြစ်နေခဲ့သည်။

မြန်မာသည် အစဉ်အလာအားဖြင့် ဘက်မလိုက် နိုင်ငံခြားရေး ပေါ်လစီကို ကျင့်သုံးသည်။ သို့သော်လည်း ဆယ်စုနှစ် နှစ်နှစ်ကျော်ကြာ အမေရိကန်နှင့် အခြားအနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ဒဏ်ခံရမှု အောက်တွင် ထိုပေါ်လစီမှာ ပြောင်းလဲသွားခဲ့ပြီး မြန်မာကို ပေကျင်းနှင့် ပိုမိုနီးကပ်သွား စေခဲ့သည်။

သို့သော်လည်း ၂၀၁၁ကစ၍  စစ်တပ်ကြီးစိုးသော မြန်မာအစိုးရသည် လူ့အခွင့်အရေး တိုးတက်ရေးနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေး ဝါရှင်တန်၏ တောင်းဆိုချက်များကို လိုက်လျောခြင်း မရှိသည့်တိုင် အမေရိကန်ဘက်သို့ ဦးလှည့်ခဲ့သည်။

မြစ်ဆုံဆည်ကဲ့သို့ ပြည်သူများ မနှစ်သက်သည့် စီမံကိန်းများ အပါအဝင် ပေကျင်း၏ အနိုင်အထက် သဘောဆန်သည့် နည်းဗျူဟာများကြောင့် တရုတ်နှင့် ဝေးရာသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာသည် ပေကျင်းနှင့် ခါတိုင်းကဲ့သို့ မဆက်ဆံလိုကြောင်း ပြသခဲ့သည်။

သမ္မတအိုဘားမားက မြန်မာသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ၂၀၁၂က အာဏာရ လာခဲ့သော ခရီးအလွန်သွားသော တရုတ်သမ္မတ ရှီကျင်ပင်းကမူ မြန်မာသို့ တစ်ခါမျှ မလာရောက်သေးပေ။ ယင်းသို့မလာရောက်မှုက ဆက်ဆံရေးအေးစက်သည့်သဘောဆောင်နေသည်။

"မြန်မာဟာ (တရုတ်ကို) ထိုက်တန်တဲ့ လေးစားမှုကို မပြဘူး။ လက်ရှိအစိုးရဟာ အနောက်နဲ့ သိပ်နီးကပ် လွန်းနေတယ်လို့ တရုတ်က ယူဆနိုင်ပါတယ်"ဟု " Where China Meets India: Burma and the New Crossroads of Asia " စာအုပ်ရေးသားသူ သန့်မြင့်ဦးက ပြောသည်။

 

The New York Times  သတင်းစာပါ Jane Perlez ၏ With Aung San Suu Kyi’s Rise, China and Myanmar Face New Relationship ဆောင်းပါးကို ဘာသာ ပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်။