NLD ဦးဆောင်မယ့် အစိုးရဆီက ပြည်သူတွေ ဘာမျှော်လင့်သလဲ

NLD ဦးဆောင်မယ့် အစိုးရဆီက ပြည်သူတွေ ဘာမျှော်လင့်သလဲ

မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအမြင်တွေနဲ့ ပတ်သတ်ပြီး မဇ္ဈိမ မီဒီယာကနေ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မြို့နယ်ပေါင်း ၄၀မှာ နေထိုင်သူ ၁၂၀၀ကို မေးမြန်းထားခဲ့တဲ့ ဒီစစ်တမ်းမှာ ဖြေဆိုသူ ပြည်သူရဲ့ ၅၀ ရာခိုင်နှုန်းက အစိုးရသစ် လက်ထက်မှာ စီးပွားရေး ပြုပြင ်ပြောင်းလဲဖို့ကို အထူး လိုလားနေတယ်လို့ ဖြေဆိုကြပါတယ်။

ရွေးကောက်ပွဲ ပြီးတဲ့အချိန် မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံတိုးတက်မှုအပေါ် နေထိုင်သူ ပြည်သူတွေက အထူး မျှော်လင့်နေကြပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု အပြောင်းအလဲကို တောင့်တနေကြတယ်လို့ မဇ္ဈိမမီဒီယာနဲ့ မလေးရှား နိုင်ငံက မာဒေးကားစင်တာတို့က ဦးဆောင်ကောက်ယူတဲ့ ပြည်သူလူထု စစ်တမ်းတစ်ခု ဖော်ပြထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်အလိုကတည်းကနေ မြို့နယ်ပေါင်း လေးဆယ်မှာ နေထိုင်သူပေါင်း ၁၂၀၀ အပေါ် တွေ့ဆုံ မေးမြန်းထားမှုတွေမှာ ဆိုရင် ဒီလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက စီးပွားရေး ကဏ္ဍအပြောင်းအလဲအတွက် မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါဆိုရင် စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးဖို့ ပထမအဆင့်အနေနဲ့ အရေးကြီး အချက်တစ်ချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်း ရှိဖို့ ဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

“မြန်မာနိုင်ငံ အနေနဲ့ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ဒီထက်ပိုပြီး များများပိုပြီးတော့ ဝင်လာဖို့လိုတယ်။ ပြီးတော့ ပိုပြီး အရေးကြီးတာက ဒီမှာအလုပ်အကိုင် လိုအပ်ချက်တွေက အရမ်းကြီးတယ်” လိုပြောပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ လိုအပ်နေပြီး အဓိက ပြုပြင် ပြောင်းလဲရမှာက ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးစနစ်တွေ ဖြစ်တယ်လို့လည်း ဦးစည်သူအောင်မြင့်က သတိပေးပါတယ်။

“ဒီအချိန်ထိ ပေါ်နေတဲ့ ပြဿနာက ဘာလဲဆိုရင် အဂတိလိုက်စားမှုပေါ့ ဥပမာ တင်ဒါပေးတဲ့ စနစ်တွေ ဒီကုမ္ပဏီ တွေရဲ့ ပွင့်လင်းမြင်သာမှုတွေ အဲ့ဒါတွေက အရေးကြီးတော့ အခု နောက်လုပ်မဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတာ အဂတိ လိုက်စားမှုတတ်နိုင်သမျှ နည်းတာ ကင်းတာ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတဲ့  စီးပွားရေးကို ပြုပြင် ပြောင်းလဲဖို့လိုတယ်” လို့ဆိုပါတယ်။

မဇ္ဈိမက ကောက်ယူခဲ့တဲ့ ပြည်သူလူထု စစ်တမ်းထဲမှာလည်း အလုပ်အကိုင် ရရှိဖို့လိုအပ်ချက်တွေနဲ့ မိသားစု ဝင်ငွေလျော့နည်းတဲ့ ကိစ္စရပ်တွေကိုလည်း အစိုးရသစ်လက်ထက်မှာ ဖြေရှင်းပေးဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တမ်းသုတေသန ပြုစုလေ့လာသူ ဦးစိုးမြင့်အောင်ကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဝင်ငွေတိုးလာတယ်လို့ ပြောတဲ့သူ အလွန်နည်းပါးတယ်လို့ စစ်တမ်းကို အခြေခံပြီး ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလိုလူတွေအတွက် နောက်တက်လာမယ့် အစိုးရဟာ မူဝါဒါတွေ တိတိပပ ချမှတ်ဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

“ဒါကြောင့်လည်း နောက်တက်လာမဲ့ အစိုးရအနေနဲ့ကလည်း ဖွံ့ဖြိုးတိုးတက်မှု မူဝါဒကလည်းပေါ့နော် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ရှိဖို့လည်းလိုတယ်။ နောက်ပြီးတော့ စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ မူဝါဒလုပ်ငန်းတွေကလည်း ရှိဖို့လိုတယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေရဲ့ စားဝတ်နေရေး သက်သာ ချောင်ချိရေးကို ပိုပြီးတော့ စဉ်းစားပေးရမယ့် အနေအထားမျိုးကိုလည်း တွေ့ရပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးအပိုင်းမှာ ပြုပြင်ပြောင်းလုပ်ဆောင်သင့်တာတွေ များနေတယ်လို့ လုပ်ငန်းရှင်တော်တော်များများကလည်း သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မြေဈေးကြီးမြင့်မှု၊ ချေးငွေအတိုးနှုန်းမြင့်မားမှု၊ လျှပ်စစ်မီးပြသနာတွေဟာ စီးပွားရေးဖွံ့ဖြိုးမှုအပိုင်းကို နှောင့်နှေးစေတယ်လို့ ဆိုကြပါတယ်။

“ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်မ ှုကုန်ကျစရိတ်က အရမ်းမြင့်တယ်။ မြင့်တော့ စားသောက်ကုန် ထုတ်တယ်။ လူသုံးကုန်ထုတ်တယ်။ မြေဈေးကြီးတယ်။ မီးကမမှန်ဘူး နောက်ပြီးတော့ ငွေတိုးအတိုး ရာခိုင်နှုန်းတွေက များတယ်။ အဲ့ဒီတော့ ကျွန်တော်တို့တွေက ဈေးပေါပေါနဲ့ မထုတ်နိုင်ဘူး။အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံထုတ်သမျှအကုန်ဈေးကြီးတယ်” လို့ လိုအပ်ချက်တွေကို ထောက်ပြသူကတော့ စီးပွားရေး လုပ်ငန်းရှင် ဦးနေလင်းဇင်က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags