စစ်တွေရှိ COVID-19 အတည်ပြုလူနာများထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ၂၇၈ ဦးရှိ

စစ်တွေရှိ COVID-19 အတည်ပြုလူနာများထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ၂၇၈ ဦးရှိ

စက်တင်ဘာ ၁၇၊ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာများအနက် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၇၈ ဦး ရှိပြီဖြစ်ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

“ဒီနေ့ ၁၇ ယောက် လျာထားပါတယ်။ မနေ့ကအထိက ၂၆၁ ယောက်၊ ဒီနေ့က ၁၇ ယောက်ဆိုရင် အကုန်လုံး ဆေးရုံပေးဆင်းသူပေါင်း ၂၇၈ ယောက် ရှိသွားပြီ။ အဲဒီတော့ ဆေးရုံမှာ ကျန်တာက ၂၀၈ ယောက်ကျန်တယ်။ ICU ထဲမှာ တစ်ယောက်ရှိတယ်။ အပြင်မှာတော့ အထူး ဂရုစိုက်ပေးရတာ ရှစ်ယောက်လောက်ရှိတယ်။ အထူး ဂရုစိုက်ပေးရတယ်ဆိုတာက ဒီလိုပါ၊ ICU ထဲတော့ မဟုတ်ဘူး။ သာမာန်လူထက်စာရင် သူ့ရဲ့ ရောဂါအခံတွေ ရှိတဲ့ အတွက် ဆေးကုသမှု ဂရုစိုက်ပေးရတဲ့သူလို့ ပြောရမှာပေါ့နော်။ အောက်ဆီဂျင် ပေးထားတဲ့လူ” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ်အထိ စစ်တွေမြို့တွင် COVID-19 အတည်ပြုလူနာ ၅၀၀ ဦးရှိပြီး ရခိုင်ပြည်နယ် တစ်ခုလုံးတွင် အတည်ပြုလူနာ ၈၆၁ ဦး ရှိသည်။ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာ ၃၈၉၅ ဦး၊ သေဆုံးသူ စုစုပေါင်း ၅၇ ဦး ရှိကြောင်း သိရသည်။

ဆေးရုံဆင်းခွင့် ရရှိသူများထဲတွင် ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့သည့်သူများအပြင် ရောဂါလက္ခဏာမပြဘဲ ဆေးရုံတွင် ၁၄ ရက် ပြည့်သည့်အတွက် ဆင်းခွင့်ရသူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့မှ ဆေးရုံဆင်းခွင့်ရသည့် COVID -19 လူနာဦးရေ များလာသောကြောင့်  အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ကုသနိုင်နေပြီဖြစ်ကြောင်း ဒေါက်တာ ဇော်လွင်က ဆိုသည်။

“ဒါက ဂဏန်းအရေအတွက်ကို ကြည့်ရင် သိတယ်လေ။ ၃၇၅ က ၁၆ ရက်နေ့မှာ စတက်တာလေ။ ဒီနေ့က ၁၇ ရက်ဆိုတော့ တစ်လပြည့်သွားပြီ။ တစ်လပြည့်တဲ့ အချိန်တွင်းမှာ ဒီစစ်တွေဆေးရုံကြီးကို ကြည့်မယ်ဆိုရင် ၂၇၈ ယောက်ဆင်းတယ်၊ ၂၀၈ ယောက် ကျန်သေးတယ်ဆိုတော့  အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရတယ်လို့ ပြောလို့ရတာပေါ့။  ရောဂါထိန်းချုပ်မှု ရသွားခြင်း မဟုတ်သေးဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကထက် စာရင်တော့ ဒါသည် သိသိသာသာ ဆေးရုံဆင်းလူနာတွေ များတဲ့အတွက် အတိုင်းအတာတစ်ခုအထိ ဒါ ထိန်းချုပ်လို့ရပြီလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာ ဇော်လွင်က ပြောသည်။

ဆေးပညာဆိုင်ရာ သုတေသန တွေ့ရှိချက်များအရ COVID-19 ရောဂါပိုးသည် ဖြစ်ပွားပြီး ၁၀ ရက်မှ ၁၄ ရက်နောက်ပိုင်း လူနာကိုယ်တွင်း ရှိနေသော်လည်း အခြားသူများသို့ ကူးစက်နိုင်မှု မရှိကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခင်က ဆေးရုံဆင်း သတ်မှတ်ချက်တွင် ရောဂါပိုးမတွေ့ နှစ်ကြိမ်ဆက်တိုက် ပြမှသာ ဆေးရုံဆင်းခွင့် ရရှိခြင်းဖြစ်သော်လည်း ယခုအခါတွင် ၁၄ ရက်ကြာ စောင့်ကြည့်ပြီးနောက် ရောဂါလက္ခဏာ မပြပါက ဆေးရုံမှဆင်းခွင့်ပေးသည့် သတ်မှတ်ချက်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အတိုင်း ပြောင်းလဲသတ်မှတ်ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်က စတင်ကာ ပြည်တွင်းကူးစက်မှု တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly