ကိုဗစ်ကာလတွင် ထောင်သားများအတွက် ငွေကြေးပေးပို့နိုင်ပြီ

ကိုဗစ်ကာလတွင် ထောင်သားများအတွက် ငွေကြေးပေးပို့နိုင်ပြီ

စက်တင်ဘာ ၁၇

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် LockDown ချမှတ်ခံထားရသည့် မြို့နယ်နှင့်ရပ်ကွက်များရှိလာသည့်အတွက် အကျဉ်းသူ/ အကျဉ်းသားများ အဆင်ပြေစေရန် ငွေကြေးပေးပို့ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။  

သို့သော်တစ်သိန်းထက်မပိုတဲ့ငွေကို အင်းစိန်ဗဟိုအကျဉ်းထောင်ကိုလိပ်မူပြီး ပေးပို့လိုတဲ့ အကျဉ်းသား/ အကျဉ်းသူရဲ့ ထောင်ဝင်အမှတ်၊ အဖေ၊ အမေ နာမည်အပြည့်အစုံဖြင့်စာတိုက်မှတစ်ဆင့်ပေးပို့ရမည်ဟူသော သတ်မှတ် ချက်ပါဝင်သည်။

ဦးဇော်ဇော်က“ စာတိုက်မှာကိုယ်စားလှယ်ပေးထားတာပေါ့ကွာ၊ ငွေပို့တဲ့နေရာမှာ တို့ဆီက ဝန်ထမ်းတစ်ယောက်နာမည်ပေးထားလိုက်တာပေါ့။ ဟိုနေရာပို့ ဒီနေရာပို့ဆို ဝန်ထမ်းကလိုက်ထုတ်ဖို့ဆိုတာ အခက်အခဲရှိတယ်လေ။ တစ်နေရာတည်းဆိုတော့ တစ်ယောက်ထဲလွဲပေးလိုက်တာ အဆင်ပြေတာပေါ့ကွာ ” ဟုပြောသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်၏ ကြေငြာချက်တွင် အခြားငွေပေး၊ ငွေယူ စနစ်များဖြင့် လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်းလည်းပါဝင်သည်။

ပို့ငွေအားအကျဉ်းထောင်ကနေလက်ခံရရှိလျှင် အကျဉ်းသားအပ်ငွေစာရင်းထဲတွင်ထည့်ထားမှာဖြစ်ပြီး အကျဉ်းသူ/အကျဉ်းသားများအနေဖြင့် တနင်္ဂနွေနေ့တိုင်းလိုချင်တဲ့ ပစ္စည်းတွေကို  မှာယူလို့ရမည်လည်းဖြစ်သည်။  

COVID-19 ရောဂါ အကျဉ်းထောင်တွေဆီမပျံ့နှံ့ရေး မြန်မာတစ်နိုင်ငံလုံးကအကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို စက်တင်ဘာ ၄ ရက်နေ့ကစလို့ပိတ်ပင်ထားပြီး ပါဆယ်စနစ်ဖြင့်သာပစ္စည်းပို့ခွင့်ပြုထားသည်။။

 ဒီလိုမျိုး မိသားစုနဲ့တွေ့ခွင့်မပေးတော့ဘဲ ထောင်ဝင်စာပိတ်တာမျိုးကိုမလုပ်သင့်ဘူးလို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်မှုအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မဇ္ဈိမကိုပြောဆိုဖူးသည်။

“ အဲ့အပေါ်ကနေပြီး အခုလိုအခြေအနေမျိုးမှာဆိုလို့ရှိရင် စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေအများကြီးများလာမယ့်အနေအထားရှိပါတယ်။ အဲ့လိုများပြားလာတဲ့စိတ်ဖိစီးမှုတွေကို ပြန်လည်ပြီးဖြေလျော့ပေးနိုင်မယ့် ကောင်စဲလင်း လိုလုပ်ငန်းမျိုးကလည်း အကျဉ်းထောင်မှာရှိတာမဟုတ်ဘူး။ ဆိုတော့ အကျဉ်းသားတွေထိန်းချုပ်ရတာ ပိုပြီးခက်နိုင်မယ့်အနေအထားမျိုးရှိသလို မလိုလားအပ်ဘဲနဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်စရာလည်းရှိပါတယ် ” လို့ ဦးဘိုကြည့်ကဆိုပါတယ်။

ဒီလိုမျိုးဧည့်တွေ့ခွင့်ပိတ်ရတာဟာ ထောင်ဝင်စာလာတွေ့သူတွေကနေတစ်ဆင့် မလိုလားအပ်ဘဲ အကျဉ်းထောင်တွေဆီ COVID-19 ရောဂါကူးစက်မှာဆိုးလို့ ဒီလိုညွှန်ကြားလာခြင်းဖြစ်ကြောင်းဦးဇော်ဇော်ကပြောသည်။  

 လက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား/ အကျဉ်းသူ ၁၀၀၀၀ ကျော်ရှိနေပြီး မြန်မာတနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်စခန်းနှင့် အလုပ်စခန်း အားလုံး ၉ဝ ကျော်မှာတော့ အကျဉ်းသားနဲ့ အချုပ် သား ၈၀၀၀၀ ဝန်းကျင်ရှိနေတယ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required