ရာထူးစွန့်သွားတဲ့ ရှင်ဇိုအာဘေး သူ့ရဲ့ ရုံးကနေ ထွက်ခွာ

By AFP
17 September 2020
ရာထူးစွန့်သွားတဲ့ ရှင်ဇိုအာဘေး သူ့ရဲ့ ရုံးကနေ ထွက်ခွာ
Photo - AFP

စက်တင်ဘာ ၁၇

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ရှင်ဇိုအာဘေးဟာ ယမန်နေ့ စက်တင်ဘာ ၁၆ ရက်မှာ ၎င်းရဲ့ရုံးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။  

ခုလို ဝန်ကြီးချုပ်ဟောင်း အာဘေး ရုံးကနေ ထွက်ခွာချိန်မှာ ၎င်းနေရာ ဆက်ခံသူ ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲ ဆူဂါနဲ့အတူ ရုံးဝန်ထမ်းတွေက မစ္စတာ အာဘေးကို ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မစ္စတာ အာဘေးကတော့  ဝန်ကြီးချုပ်တာဝန်ကို ခုနစ်နှစ်နဲ့ ရှစ်လကြာ ထမ်းဆောင်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ နေရာဆက်ခံမယ့် ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒဲ ဆူဂါကို စက်တင်ဘာ ၁၆ ရက်မှာပဲ  ဂျပန်ပါလီမန်က ရွေးချယ်တင်မြှောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်တဲ့ မစ္စတာ ဆူဂါအနေနဲ့ကတော့ ၎င်းရဲ့ မဟာမိတ် မစ္စတာ ရှင်ဇိုအာဘေးရဲ့ မူဝါဒတွေအတိုင်း ဆက်လက် ဖော်ဆောင်ဖွယ် ရှိနေသည်။

ဝန်ကြီးချုပ်သစ် ဆူဂါက ၎င်းအနေနဲ့ ၎င်းရဲ့လက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ဦးစားပေးလုပ်သွားမှာဖြစ်သလို နိုင်ငံစီးပွားရေး ပြန်လည်တိုးတက်အောင် လုပ်သွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly