ဘာရိန်း၊ ယူအေအီးနဲ့ အစ္စရေးအကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်စမယ့်သဘောတူညီချက် လက်မှတ်ရေးထိုး 

By AFP
17 September 2020
ဘာရိန်း၊ ယူအေအီးနဲ့ အစ္စရေးအကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်စမယ့်သဘောတူညီချက် လက်မှတ်ရေးထိုး 
Photo - AFP

စက်တင်ဘာ ၁၇ 

အစ္စရေးဟာ ကာလရှည်ကြာ ရန်သူတွေဖြစ်ခဲ့ကြတဲ့ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့နဲ့ ပုံမှန်သံတမန်ဆက်ဆံရေး  ပြန်လည်စတင်ဖို့ စက်တင်ဘာ ၁၅ ရက်က အိမ်ဖြူတော်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။  

ဆော်ဒီအာရေဗျအပါအဝင် တခြားနိုင်ငံတွေနဲ့ အစ္စရေးအကြား အမေရိကန်ကအကျိုးဆောင်ပေးခဲ့တဲ့ အလားတူ သဘောတူညီမှုတွေလည်း နီးစပ်လာခဲ့ပြီလို့ သမ္မတ ထရမ့်ကပြောပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဘာရိန်းနဲ့ ယူအေအီးက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှာ ကျင်းပတဲ့အခမ်းအနားမှာ  သံတမန်ဆက်ဆံရေး အပြည့်အဝထူထောင်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။  

အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧည့်သည်ရာပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။  

အစ္စရေးဟာ ၁၉၇၉ ခုနှစ်မှာ အီဂျစ်နိုင်ငံ၊ ၁၉၉၄ ခုနှစ်မှာ ဂျော်ဒန်နိုင်ငံတို့နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွေချုပ်ဆိုခဲ့ပြီးနောက် ဘာရိန်းနဲ့ ယူအေအီးတို့ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်တဲ့ ပထမဆုံးအာရပ်နိုင်ငံတွေဖြစ်ကြပါတယ်။  

ပုံမှန်သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့တဲ့နေ့ကို အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် သမိုင်းဝင် နေ့တစ်နေ့ဖြစ်တယ်လို့ ထရမ့်က ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ 

ခုလိုသဘောတူညီမှုလုပ်ဆောင်တာကို ပါလက်စတိုင်းက သစ္စာဖောက်လုပ်ရပ်အဖြစ် ရှုတ်ချပြောဆိုခဲ့ပေမယ့် ထရမ့်ကတော့ ဒီသဘောတူညီချက်ဟာ ဒေသတစ်လွှား ပြီးပြည့်စုံတဲ့ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်ဖြစ်တယ်လို့ ပြောပါတယ်။ 

အစ္စရေးဟာ ဆော်ဒီအာရေဗျအပါအဝင် တခြားနိုင်ငံပေါင်း ရှစ်နိုင်ငံ၊ ကိုးနိုင်ငံတို့နဲ့ သင့်တော်တဲ့အချိန်မှာ အလားတူ သဘောတူညီချက်တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အခု သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးရဲ့အစဖြစ်ပြီး နောက်ဆုံးမှာ အာရပ်-အစ္စရေးပဋိပက္ခကို အစဉ်ထာဝရ အဆုံးသတ်သွားမှာဖြစ်တဲ့အကြောင်းနဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှုအတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်း နေတန်ယာဟု ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly