ရွေးကောက်ပွဲကျင်းပမည့်ရက် ပြန်လည်သုံးသပ်ရေး နိုင်ငံရေးပါတီ ၂၄ ပါတီ တောင်းဆို

စက်တင်ဘာ ၁၆ရက်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်အား ပြန်လည်သုံးသပ်ပေးရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို စက်တင်ဘာ ၁၅ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည်။

ရွေးကောက်ပွဲအား နိုဝင်ဘာ၈ရက်နေ့တွင်ပြုလုပ်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော်လည်း ယခုအခါတွင်မြန်မာနိုင်ငံ၌ သြဂုတ်၁၆ရက်စတင်ပြီး COVID-19ရောဂါကူးစက်မှုနှုန်း မြင့်မား နေသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ပြန်လည်သုံးသပ်စေလိုခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော်က“ လက်ရှိအခြေအနေမှာ တချို့မဲဆွယ်စည်းရုံးမှုတွေက ပုံပျက်ပန်းပျက်တွေဖြစ်နေတယ်။ သင်္ကြန်မှာ ပျော်ပျော် ရွှင်ရွှင်နဲ့ မလုပ်လိုက်ရတဲ့နောက်ပိုင်းမှာ ဟေးဟေးဟားဟားနဲ့ သင်္ကြန်ကို ပျော်ပွဲထွက်သလိုပုံစံဖြစ်နေတော့ တချို့ပြည်သူတွေ စိတ်ပျက်လာတာကို တွေ့ရတယ်။ အဲ့လိုစိတ်ပျက်ခြင်းအားဖြင့် ပြည်သူတွေဟာ ရွေးကောက်ပွဲကို စိတ်ပျက်သွားမယ်။ ရွေးကောက်ပွဲကို စိတ်ပျက်သွားရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ မရတော့ဘူး။''ဟုဆိုသည်။

'' ပြည်သူတွေဟာ ရွေးကောက်ပွဲရဲ့အခြေအနေအရ အဲ့ဒီရက်တွေမှာ COVID တွေလည်းဆက်ဖြစ်နေဦးမယ်ဆိုရင် No vote တွေများလာနိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်ပြီးတော့ ရက်ကို ပြန်လည်သုံးသပ်သင့်ပါတယ်ဆိုပြီး စာထွက်ရတာဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ထိုအိတ်ဖွင့်ပေးစာတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေရာဒေသအလိုက်ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အခြေခံနည်း စနစ်များဖြစ်သည့် တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ စသည်တို့ကို အမြဲတမ်းတပ်ဆင်ခြင်တို့ကိုလည်း လိုက်နာရန်လိုအပ်သည်။

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် တစ်ဦးတစ်ယောက်ချင်းအရသော်လည်းကောင်း၊ ပါတီအဖွဲ့အစည်းတစ်ရပ်ရပ်အနေဖြင့်လည်းကောင်း၊ ပါတီအားလုံးအနေဖြင့်လည်းကောင်း လိုက်နာရမည်ဖြစ်သော်လည်း မဲဆန္ဒရှင်များ၏ စိတ်အားတက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လာမှုကြောင့် မထင်မှတ်သည့်လူစုလူဝေးဖြစ်ကာ သတ်မှတ်ထားသည့်စည်းကမ်းချက်များအား ဖောက်ဖျက်သကဲ့သို့ ဖြစ်ပေါ်လာနိုင်ပါသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်တွင်လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း Social distancing အရ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အားလုံး မဲပေးနိုင်မည့် အခွင့်အလမ်းနှင့် အနေအထားရှိ၊ မရှိကိုလည်း အလေး အနက်ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ပါရှိသည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ သဘောထားအတိုင်း ဆက်ပြီး လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုသည်။

“ကျွန်တော်တို့ကတော့ အခုလောလောဆယ်အထိအောင်ပေါ့လေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတုံ့ပြန်မှုတွေ မလုပ်ဖြစ်သေးဘူးပေါ့လေ။ တချို့ ပြည်နယ်နဲ့ တိုင်းဒေသ တချို့မှာတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပေါ့လေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာကို ရက်အချို့ ကန့်သတ်တာတွေ ပြန်ပြီးတော့ လုပ်လာရတယ်။ စည်းရုံးရေးနားမယ်ဆိုပြီးတော့ လုပ်တာတွေတော့ ရှိလာပါတယ်။ ဒါပေမယ့် ဒါတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒါတွေကို ပါတီ ဗဟို ကနေ ညွှန်ကြားတာတော့ ဘာမှမရှိသေးပါဘူး။ လောလောဆယ်ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်အတိုင်း ဆက်ပြီးတော့ အလုပ်လုပ်နေတာဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးအား အလေးထားပြီး ထိုရွေးကောက်ပွဲကြီးအား ရွှေ့ဆိုင်းမည်ဆိုပါက ဝမ်းမြောက်စွာလက်ခံပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  ဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရုပ်သံဖိုင်တင်ပြီးပြောကြားထားသည်။

“ကပ်ရောဂါဘေးဆိုးကြီး တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ စက်တင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းဆိုရင် နေ့စဉ်ကူးစက်မှု နှစ်ရာကျော်လောက်အထိ စံချိန်တင်လာတဲ့အချိန်မှာလုပ်တဲ့ ရွေး ကောက်ပွဲ  မပြိုင်ပြန်ရင်လည်း  မပြိုင်တဲ့သူပဲ တစ်ဖက်သတ်နစ်နာပြီးတော့ အခွင့်အရေးယူတတ်သူက နိုင်ငံကိုပါ ခြယ်လှယ်ခွင့်ရသွားမယ့် အခြေအနေမျိုးဖြစ်နေတဲ့အတွက် မျက်နှာပူပူနဲ့ပဲ ရိုက်ကူးထုတ်လွှင့်မှုတွေ လုပ်လိုက် ရတာကို အားနာမိပါတယ်။''ဟုဦးသန်းဌေးကဆိုသည်။

''ဒါပေမယ့် ကျွန်တော့်ကိုကျွန်တော့်ပါတီကိုယ်စားလှယ်တွေကိုပဲမဲပေးဖို့ဆိုတဲ့ အတ္တလောဘနဲ့ယှဉ်တဲ့တောင်းဆိုတင်ပြမှုမပါပဲတိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်သင့်ဖြစ်သင့်တာတွေကို ပဲတင်ပြထားပါတယ်။ ပြည်သူ့ အသက် ပြည်သူ့ကျန်းမာရေးကို အလေးထားပြီးတော့ အဲ့ဒီရွေးကောက်ပွဲကြီးကို ရွှေ့ဆိုင်းမယ်ဆိုရင်တောင် ကျွန်တော်တို့ ဝမ်းမြောက်စွာလက်ခံပြီး ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါကြောင်း လေးစားစွာကြိုတင် အစီရင်ခံပါတယ် ခင်ဗျာ” ဟုဆက်ပြောထားသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်အား ပြန်သုံးသပ်ရန်တင်ပြသည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ် သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးတိုး တက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ဒီမိုကရေစီနှင့်ငြိမ်ချမ်းရေးပါတီ  ၊ခေတ်သစ်ပြည်ထောင်စုပါတီနှင့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့ပါဝင်သည်။

ဒါ့အပြင် ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ပြည်ထောင်စု လယ်သမား၊အလုပ်သမားအင်အားစုပါတီ၊ဗမာပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ၊ လူထုပါတီ၊ အမျိုးသားဒီမိုကရေ စီအင်အားစု ပါတီ၊ပြည်သူ့အလုပ်သမားပါတီ၊ပြည်သူ့အင်အားပါတီ၊အမျိုးသားတိုးတက်မြင့်မားရေးပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါဝင်သည်။

၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာ၈ရက်နေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး Stayathomeအဖြစ် သတ်မှတ်ထားသည့်နေရာများတွင်တစ်အိမ်တစ်ဆင်း မဲဆွယ်စည်းရုံးခွင့်မရှိခြင်း၊ မဲဆွယ်စည်း ရုံးရာတွင် လူ ၅၀ ဦးထက် ပိုမစုဝေးခြင်း စသည့်ကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင်အခက်အခဲများရှိနေကြသည်။ ပါတီအချို့ကလည်း ယခုရက်ပိုင်းမဲဆွယ်စည်းရုံးရေးများအား တစ်ပတ်ခန့်ရပ်နားမည်ဖြစ်ကြောင်းထုတ်ပြန်မှုများလည်းရှိနေသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၆ရက် နံနက်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၃၆၃၆ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၃၂ဦးနှင့် သေဆုံးသူ ၃၉ဦး အထိရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly