အတွင်းမွန်ဂိုလီးယားက ကျောင်းတွေမှာ မန်ဒရင်းဘာသာစကား သင်ဖို့ ဖိအားပေးခံရမှုအပေါ် အမျက်ဒေါသထွက်နေ

By AFP
16 September 2020
အတွင်းမွန်ဂိုလီးယားက ကျောင်းတွေမှာ မန်ဒရင်းဘာသာစကား သင်ဖို့ ဖိအားပေးခံရမှုအပေါ် အမျက်ဒေါသထွက်နေ

စက်တင်တာ ၁၆ 

အရပ်ဝတ် ရဲတွေရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်မှုအောက်မှာ ၎င်းရဲ့ သားဖြစ်သူ စာသင်ကျောင်းကို ပြန်သွားတာကို ကြည့်ရင်း ဖခင်ဖြစ်တဲ့ အမည်မဖော်လိုသူ မျိုးနွယ်စု အတွင်းမွန်ဂိုလီးယား အမျိုးသားတစ်ဦး စိတ်မသက်မသာဖြစ်နေရပါတယ်။ 

ဒါဟာ တရုတ်အာဏာပိုင်တို့ ပြဋ္ဌာန်းတဲ့ သင်ရိုးညွန်တမ်းတစ်ခုအပေါ် ရက်များစွာနဲ့ချီ တိုက်ပွဲဝင်ခဲ့တဲ့နောက် ခုချိန်မှာ အရေးနိမ့်ခဲ့ပြီလို့ အမည်မဖော်လိုတဲ့ အဆိုပါ အတွင်းမွန်ဂိုလီးယား ဖခင်ဖြစ်သူက ဝန်ခံသွားခဲ့ပါတယ်။ 

ဒါ့အပြင် ၎င်းတို့ရဲ့ ယဉ်ကျေးမှု ပိတ်လှောင်ခံရမယ့်အပေါ် စိုးရိမ်ပူပန်နေပြီလို့လည်း ၎င်းက ပြောပါတယ်။ 

“ခုခံတော်လှန်လိုတဲ့ စိတ်ဝိညာဉ်ကတော့ ဆက်ရှိနေတုန်းပါ၊ ဒါပေမယ့် ကျွန်တော်တို့ ကြောက်နေရပါပြီ” လို့ အ အဆိုပါ အမျိုးသားက ပြောပါတယ်။ သီတင်းပတ်နဲ့ချီ ကြာခဲ့တဲ့ သပိတ်မှောက်မှုနောက်ပိုင်း Tongliao မြို့ မွန်ဂိုလီးယား အလယ်တန်းကျောင်းဆီ ၎င်းရဲ့သားဖြစ်သူအပြင် အခြား ကျောင်းသား၊ သူတွေလည်း ပြန်သွားနေကြရပြီ ဖြစ်ပါတယ်။ 

“ တဖြည်းဖြည်းချင်းတော့ မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းကို ပြန်ပို့နေကြပါပြီ” လို့ အဆိုပါ အမျိုးသားဖြစ်သူက ပြောပါတယ်။ 

တရုတ်ပိုင်နက် အတွင်းမွန်ဂိုလီးယားဒေသမှာတော့ မကြာသေးခင်က တရုတ်ဘာသာစကား သင်ရိုးညွန်တမ်းတစ်ခုနဲ့ပတ်သက်လို့ ကျောင်းတွေမှာ ဆန္ဒပြတာ၊ သပိတ်မှောက်တာတွေ လုပ်ခဲ့ကြပြီး လူ သောင်းချီ ပါဝင်ခဲ့ပါတယ်။ 

တရုတ်အာဏာပိုင်တွေဘက်က တရားဝင် မန်ဒရင်းတရုတ်ဘာသာစကားနဲ့ သင်ရိုးညွန်တမ်းကို ပြဋ္ဌာန်းတာက ၎င်းတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား ပျောက်ကွယ်သွားမယ့်အပေါ် အဆိုပါ အတွင်းမွန်ဂိုလီးယား ဒေသခံတွေ စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

မျိုးနွယ်စု မွန်ဂိုလီးယားတွေ ပြုလုပ်တဲ့ ဒီ ကြုံတောင့်ကြံုခဲ လူထုစုဝေးမှုတွေက ဆယ်စုနှစ်တွေအတွင်း မြင်ခဲ့ရတဲ့ အကြီးဆုံး စုဝေးမှုတွေဖြစ်ပါတယ်။ 

နောက်ပိုင်းမှာတော့ နှိမ်နင်းဖြိုခွင်းမှုတွေ ရောက်လာခဲ့ပါတယ်။ 

သံချပ်ကာ ယာဉ်တွေဟာ Tongliao မြို့ရှိ ကျောင်းတွေရဲ့ အနီးဝန်းကျင်တွေဆီ ရောက်လာခဲ့ကြပါတယ်။ 

ဒါ့အပြင် ဆန့်ကျင်မှုတွေရဲ့ ခေါင်းဆောင်တွေနဲ့ပတ်သက်လို့ သဲလွန်စရဖို့ ရဲတွေက ဆုငွေထုတ်တာတွေ လုပ်ခဲ့သလို ဆန့်ကျင်လက်မှတ်စုဆောင်းတာ၊ သဘောကွဲလွဲတဲ့ သတင်းစကားတွေ ဖြန့်တာတွေအတွက် စွပ်စွဲခံရတဲ့ သံသယရှိသူတွေကိုလည်း ဖမ်းဆီးတာတွေကိုလည်း လူသိရှင်ကြားလုပ်ခဲ့ပါတယ်။ 

ကလေးတွေကို ကျောင်းပြန်ပို့ဖို့ ငြင်းဆန်တဲ့ မိဘတွေဆိုရင်လည်း အလုပ်ဖြုတ်ခံရမယ်၊ ဒဏ်ငွေဆောင်ရမယ်၊ ကျောင်းသားတွေ ကျောင်းထုတ်ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ယင်းနောက်မှာတော့ စက်တင်ဘာ အစောပိုင်းက ပျံ့နှံ့ခဲ့တဲ့ အသနားခံစာတွေ၊ သဘောကွဲလွဲထုတ်ဖော်ချက်တွေဟာ အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို အတွင်းမွန်ဂိုလီးယား ပြည်သူအများအပြားဟာလည်း အကြောက်တရားတွေနဲ့ တိတ်ဆိတ်ခဲ့ရပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly