ရခိုင်ပြည်နယ်ရှိ quarantine စင်တာများအတွက် နေ့စဉ် စားနပ်ရိက္ခာကို WFP က ထောက်ပံ့မည်

ရခိုင်ပြည်နယ်ရှိ quarantine စင်တာများအတွက် နေ့စဉ် စားနပ်ရိက္ခာကို WFP က ထောက်ပံ့မည်
ဓာတ်ပုံ - United Nations Myanmar / Facebook

စက်တင်ဘာ ၁၆၊ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြို့နယ် ရှစ်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး (quarantine) စင်တာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသူများအတွက် အသင့်စားသုံးနိုင်သော အာဟာရပြည့် စားနပ်ရိက္ခာ များကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က တစ်ရက်လျှင် သုံးနပ်စာ ထောက်ပံ့သွားမည် ဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် WFP တို့ ယခုကဲ့သို့ ပူးပေါင်း ကူညီထောက်ပံ့ရန် စက်တင်ဘာလ ပထမပတ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ချက်အရ ဖြစ်ကြောင်း WFP ၏ စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း ဒေသတွင်း COVID-19 ရောဂါ ကူးစက်မှုသည် စစ်တွေမြို့ကို ဗဟိုပြု၍ များပြားလာခဲ့ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကိန်းဂဏန်းများအရ ရခိုင်ပြည်နယ်တွင် လူ ၁၅၀၀ ခန့်သည် အစိုးရက ဖွင့်လှစ်ထားသော quarantine စင်တာများတွင် အသွားအလာ ကန့်သတ်မှု ခံယူနေရသည်။

“ရခိုင်ပြည်နယ်မှာရော မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာပါ စားနပ်ရိက္ခာနဲ့ အာဟာရ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေး နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ အကူအညီလိုအပ်သရွေ့ အခုထက် ပိုပြီး ပါဝင်ကူညီ ပေးနိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင် အန်ဒါဆင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရခိုင်ပြည်နယ်ရှိ quarantine စင်တာ ရှစ်ခုမှာ ကျောက်ဖြူ၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် အမ်းမြို့နယ်တို့တွင် တည်ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် WFP သည် နေရပ်စွန့်ခွာသူများနှင့် ထိခိုက်လွယ်အုပ်စုများကို ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် လူဦးရေ ၂ သိန်းနီးပါးနှင့် ရခိုင်ပြည် မြောက်ပိုင်းတွင် လူဦးရေ ၁ သိန်းခန့်တို့ကိုလည်း လစဉ် ထောက်ပံ့ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly