အင်ဒိုနီးရှားမှာ အသက်မပြည့်သေးသူတွေနဲ့ လိင်ဆက်ဆံမှုအတွက် အမျိုးသား ၄ ဦး ကြိမ်ဒဏ် အပြစ်ပေးခံရ

By AFP
16 September 2020
အင်ဒိုနီးရှားမှာ အသက်မပြည့်သေးသူတွေနဲ့ လိင်ဆက်ဆံမှုအတွက် အမျိုးသား ၄ ဦး ကြိမ်ဒဏ် အပြစ်ပေးခံရ

စက်တင်ဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံမှာ ဥပဒေအရ အရွယ်မရောက်သေးသူတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုအတွက် အမျိုးသားလေးဦး စီရင်ချက်ချခံရပြီး လူမြင်ကွင်းရှေ့ ကြိမ်ဒဏ် အပြစ်ပေးခံခဲ့ရပါတယ်။

အဆိုပါ အမျိုးသားလေးဦးကတော့ ရှေးရိုးဆန်တဲ့ အင်ဒိုနီးရှားဒေသတစ်ခုမှာ ရှာရီယာ ဥပဒေအရ ခုလို လူမြင်ကွင်းရှေ့ ကြိမ်ဒဏ် အပြစ်ပေးခံရတာဖြစ်ပါတယ်။

ဒီ ပြစ်ဒဏ်ချမှုကိုတော့ စက်တင်ဘာ ၁၅ ရက်က မြောက်ပိုင်းအာချေး အုပ်ချုပ်မှုနယ်မြေ အစိုးရရှေ့နေရုံးရှေ့မှာ လက်နက်ကိုင်ရဲတွေရဲ့ စောင့်ကြပ်မှုနဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဖြူရောင်ဝတ်ရုံတွေ၊ နှာခေါင်းစည်းတွေ ဝတ်ထားတဲ့ အမျိုးသားလေးဦးကို ယူနီဖောင်းဝတ် ရှာရီယာ အရာရှိတွေက ကြိမ်တုတ်တစ်ချောင်းနဲ့ ရိုက်နှက်ပြစ်ဒဏ်ပေးခဲ့ပါတယ်။

အသက် ၁၈ နှစ် နဲ့ ၂၁ နှစ်အရွယ် ပြစ်မှုကျူးလွန်သူနှစ်ဦးဟာ အသက်မပြည့်သေးသူတစ်ဦးနဲ့ လိင်ဆက်ဆံမှုအတွက် ကြိမ်ဒဏ် အချက် ၁၀၀ နဲ့ ၁၀၅ ချက်စီ အသီးသီး ဒဏ်ပေးခံခဲ့ရပါတယ်။ အသက်ပိုငယ်သူ အမျိုးသား ကတော့ နောက်ထပ် ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရပါတယ်။

အလားတူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း ကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်စော်ကားမှုအတွက် ကြိမ်ဒဏ် ၇၅ ချက် ပြစ်ဒဏ်ပေးခံခဲ့ရသလို အသက် ၂၀ အရွယ် အခြား အမျိုးသား တစ်ဦးဟာလည်း လိင်စော်ကားနှောင့်ယှက်မှုအတွက် ကြိမ်ဒဏ် အချက် ၃၀ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

ကပ်ရောဂါကာလအတွင်းဆိုပေမယ့် လူဒါဇင်နဲ့ချီတို့ဟာ ဒီ ပြစ်ဒဏ်ပေးမှုကို အကွာအဝေးတစ်နေရာကနေ လာရောက်ကြည့်ရှုခဲ့ကြပြီး ပြစ်မှုကျူးလွန်သူတွေကို ကြိမ်ဒဏ်ပေးခံရချိန်အတွင်း လှောင်ပြောင်အော်ဟစ်ခဲ့ ကြပါတယ်။

“မြောက်ပိုင်းအာချေး အစိုးရအနေနဲ့ အစ္စလမ္မစ် ရှာရီယာ ဥပဒေကို ကျေးရွာလယ်ဗယ်အထိ အသက်ဝင်အောင် ထိန်းသိမ်းထားပါမယ်၊ ဒါမှလည်း ဒီလိုဖြစ်စဉ်မျိုး ကျွန်တော်တို့ဒေသမှာ ထပ်မဖြစ်တော့မှာပါ” လို့ မြောက်ပိုင်း အာချေးအုပ်ချုပ်မှုနယ်မြေမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဖော်ဇီ ယူဆက်ဖ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly