အမေရိကန်က တရုတ်အပေါ် အခွန်ချမှတ်ခြင်းဖြင့် ကုန်သွယ်ရေးစည်းမျဉ်းများ ချိုးဖောက်ခဲ့ဟု WTO ဆုံးဖြတ် 

အမေရိကန်က တရုတ်အပေါ် အခွန်ချမှတ်ခြင်းဖြင့် ကုန်သွယ်ရေးစည်းမျဉ်းများ ချိုးဖောက်ခဲ့ဟု WTO ဆုံးဖြတ် 

စက်တင်ဘာ ၁၆ 

တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်သည် ဒေါ်လာ ဘီလီယံများစွာတန်ကြေးရှိ အခွန်အကောက်များ ချမှတ်ပြဋ္ဌာန်းပြီး နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စက်တင်ဘာ ၁၅ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ 

ယင်း ဆုံးဖြတ်ချက်က ဝါရှင်တန်၏ အမျက်ဒေါသများကို ဖိတ်ခေါ်နေခဲ့သည်။ 

တရုတ်ကုန်စည်ပစ္စည်း ဒေါ်လာ ၂၀၀ ဘီလီယံကျော်ဖိုးအပေါ် လွန်ခဲ့သည့်နှစ်နှစ်က ပြဋ္ဌာန်းခဲ့သည့် အခွန်အကောက်များသည် တရားနည်းလမ်းကျ မှန်ကန်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တရုတ်သည် ဉာဏမူပိုင်ခွင့်ကို ခိုးယူနေခဲ့ပြီး အမေရိကန်ကုမ္ပဏီများကိုလည်း နည်းပညာများ လွှဲပြောင်းပေးရန် ဖိအားပေးနေခဲ့၍ ဖြစ်ကြောင်း ထရမ့် အစိုးရအဖွဲ့က ပြောသည်။ 

သို့သော် အမေရိကန်၏ အခွန်များသည် ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် တရုတ်ကိုသာ ကျင့်သုံးခဲ့၍ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်ဘက်က သဘောတူညီထားသည့် အများဆုံးနှုန်းထားများ၏ အထက်တွင်လည်း ရှိနေခဲ့ကြောင်း WTO ၏ အဖွဲ့ဝင်သုံးဦးပါ အထူးအဖွဲ့တစ်ခုက ပြောသည်။ 

၀ါရှင်တန်အနေဖြင့် ယင်း၏ လုပ်ဆောင်ချက်အစီအမံများသည် မည်သည့်အတွက်ကြောင့် သင့်တော်မှန်ကန်သည် ဆိုသည်ကိုလည်း ယင်းနောက်ပိုင်း လုံလုံလောက်လောက် ရှင်းပြခဲ့ခြင်းမရှိဟု WTO အဖွဲ့က ပြောသည်။ 

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားရာတွင် ပေကျင်းအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း၊ WTO ၏ စည်းမျဉ်းများ၊ ဆုံးဖြတ်ချက်များကိုလည်း လေးစားကြောင်း၊ အမေရိကန်နှင့်လည်း ယင်းအတိုင်း ဖြစ်စေချင်ကြောင်း ပြောသွားခဲ့သည်။ 

WTO ၏ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်အခွန်အကောက်များအပေါ် ချက်ချင်းကျရောက်မည့် သက်ရောက်မှုကတော့ နည်းပါးမည်ဖြစ်သည်။ ထို့ပြင် ယင်းသည် နှစ်များစွာနှင့်ချီ ဆင်နွှဲရနိုင်သည့် ဥပဒေလုပ်ငန်းစဉ်တစ်ခု၏ အစပိုင်းမျှသာ ဖြစ်သည်။ အဆုံးစွန်တွင်မူ ယင်းကို အတည်ပြုနိုင်မည်ဆိုပါလျင် ယင်းက လက်တုံ့ပြန်အစီအမံများအပေါ် WTO ၏ အတည်ပြုပေးမှုဆီကိုလည်း ဦးတည်စေနိုင်သည်။ 

အမေရိကန်အနေဖြင့်လည်း အင်္ဂါနေ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖွယ် ရှိသည်။ယင်းက ဖြစ်စဉ်ကိစ္စကို ဥပဒေဆိုင်ရာ ဟာကွက်တစ်ခုစီ ရောက်စေရန်လည်းရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဝါရှင်တန်သည် WTO ၏ အယူခံခုံအဖွဲ့အတွက် တရားသူကြီးများ ခန့်အပ်မှုအပေါ် ပိတ်ပင်တားမြစ်ထားပြီးဖြစ်သည့်အတွက် အမှုကိစ္စများကို ကြားနာရန် လိုအပ်သည့် တရားသူကြီး အနည်းဆုံးအရေအတွက် စုဝေးရန် အတားအဆီးဖြစ်စေလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly