ကိုလံဘီယာ FARC သူပုန်ခေါင်းဆောင်ဟောင်းများက ပြန်ပေးဆွဲမှုများအတွက် တောင်းပန်

By The Epoch Times
15 September 2020
ကိုလံဘီယာ FARC သူပုန်ခေါင်းဆောင်ဟောင်းများက ပြန်ပေးဆွဲမှုများအတွက် တောင်းပန်

စက်တင်ဘာ ၁၅

ကိုလံဘီယာနိုင်ငံမှ ဖျက်သိမ်းပြီးဖြစ်သော FARC ပြောက်ကျားသူပုန်းအဖွဲ့မှ တပ်မှူးဟောင်း ရှစ်ယောက်သည် အစိုးရနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ၎င်းတို့သူပုန်အဖွဲ့မှ ကျူးလွန်ခဲ့သော ပြန်ပေးဆွဲမှုများအတွက် ကြီးမားစွာနောင်တရနေပြီး ခွင့်လွှတ်ပေးရန် တနင်္လာနေ့ (စက်တင်ဘာ ၁၄ ) က တောင်းဆိုခဲ့သည်။

အစိုးရနှင့် ဖျက်သိမ်းခဲ့သော FARC သူပုန်းအကြား ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ်,ချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိုသို့ပြောဆိုခြင်းဖြစ်ပြီး ခေါင်းဆောင်ဟောင်း ရော့ဒရီဂိုလန်ဒိုနိုအပါအဝင် တပ်မှူး ဟောင်းများက ၎င်းတို့အားခွင့်လွှတ်ရန်နှင့် အမှားများပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ကြခြင်းဖြစ်သည်။

“သားကောင်ဖြစ်ခဲ့ရသူတွေနဲ့ သူတို့မိသားစုဝင်တွေအားလုံး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ လူသိရှင်ကြား လှိုက်လှိုက်လှဲလှဲတောင်းဆိုပါတယ်” ဟု ပါတီအသွင်ပြောင်းထားသည့် FARC နိုင်ငံရေးပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းတို့၏ပါတီအမည်ကို Revolutionary Alternative Common Force အဖြစ်ပြောင်းခဲ့ပြီးနောက် စပိန်လို (Fuerzas Armadas Revolucionarias de Colombia- FARC) ဟုခေါ်သော သူပုန်းဟောင်းအဖွဲ့အမည်ကို ဆက်လက်ထိန်းသိမ်းထားသည်။  

FARC အဖွဲ့သည် နှစ်ပေါင်း ၅၀ ကျော် ပဋိပက္ခအတွင်း သူပုန်ဘဝအဖြစ်ရှိစဉ်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အရပ်သား ထောင်ပေါင်းများစွာကို ပြန်ပေးဆွဲခဲ့သည်ဟု ကိုလံဘီယာအစိုးရနှင့်လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။ အဆိုပါပဋိပက္ခများကြောင့် လူပေါင်း ၂၆၀ ၀၀၀ သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရသည်။  

ပြန်ပေးဆွဲခြင်းများကြောင့် သားကောင်ဖြစ်ခဲ့သူများ၏ ဂုဏ်သိက္ခာနှင့်လွတ်လပ်ခွင့် ဆုံးရှုံးမှုများဖြစ်ပေါ်စေလျက် ထိခိုက်သူများလည်း အနာတရဖြစ်ခဲ့ကာ ၎င်းတို့အဖွဲ့၏ တရားဝင်မှုနှင့် အများယုံကြည်လက်ခံမှုကိုလည်း ပျက်စီးစေခဲ့သည်ဟု FARC နိုင်ငံရေးပါတီအဖွဲ့ဝင်များက ဝန်ခံခဲ့ကြသည်။  

FARC ပါတီခေါင်းဆောင်များသည် ပဋိပက္ခအတွင်းက ဖြစ်ရပ်များကို တရားရုံးကြားနာစစ်ဆေးမှုများတွင် သက်သေခံထွက်ဆိုရန်နှင့် ကိုလံဘီယာလူ့အသိုက်အဝန်းကိုဖြေရှင်းချက်ပေးရန်  လိုလားကြောင်း  ကတိကဝတ်ပြု ကာ ထပ်လောင်းပြောကြားခဲ့သည်။  

သူပုန်းခေါင်းဆောင်ဟောင်းများသည် ငြိမ်းချမ်းရေးဆိုင်ရာ အထူးတရားစီရင်ပိုင်ခွင့်ခုံရုံးတွင် သက်သေခံခြင်းလုပ်ငန်းစဉ်များ ပြုလုပ်နေဆဲဖြစ်ပြီး ခုံရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံပြီးတာဝန်ယူမှု ရှိသူများကို လွတ်လပ်ခွင့်ကန့်သတ်သော ပြစ်ဒဏ် ငါးနှစ်မှ ရှစ်နှစ်အထိ ချမှတ်နိုင်သည်။  သို့သော်ပြစ်မှုများအတွက် တာဝန်ယူမှု မရှိသူများသည်  ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိ ကျခံရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly