တရုတ်နယ်စပ်အနီးမှာ နေထိုင်တဲ့ အိန္ဒိယဒေသခံတွေက ငြိမ်းချမ်းမှုကို လိုချင်တယ်လို့ ဖွင့်ဟပြောဆို

By AFP
15 September 2020
တရုတ်နယ်စပ်အနီးမှာ နေထိုင်တဲ့ အိန္ဒိယဒေသခံတွေက ငြိမ်းချမ်းမှုကို လိုချင်တယ်လို့ ဖွင့်ဟပြောဆို

စက်တင်ဘာ ၁၅

တရုတ်နဲ့ အိန္ဒိယအကြား အငြင်းပွားနယ်စပ်ဒေသမှာ ပဋိပက္ခ ထိပ်တိုက်တွေ့မှု ဖြစ်စဉ်တွေ ရှိခဲ့တဲ့နောက် နှစ်နိုင်ငံအကြား တတ်နိုင်သမျှ အမြန်ဆုံး တပ်ခွာနေရေးအတွက် သဘောတူညီချက် ရခဲ့ပါတယ်။  

ခုလို နှစ်နိုင်ငံအကြား သဘောတူညီချက် ရခဲ့တဲ့နောက်ပိုင်း အိန္ဒိယ ဂျက်တိုက်လေယာဉ်တွေဟာ တရုတ်နဲ့အကြား အငြင်းပွားနယ်စပ်အနီး ပျံဝဲခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

လာဒက်ရှ် ဒေသမှာ နေထိုင်တဲ့ အိန္ဒိယကျောင်းသားတစ်ဦးကတော့ ၎င်းဟာ ခုချိန်မှာ ၎င်းရဲ့ ကျောင်းစာအပေါ်မှာ အာရုံမစိုက်နိုင်ဘဲဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခြေအနေတွေအမြန်ဆုံး ပြန်လည်တည်ငြိမ်ဖို့ကိုပဲ ၎င်းအနေနဲ့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။

အလားတူ အခြားဒေသခံတစ်ဦးကလည်း ၎င်းအနေနဲ့ ငြိမ်းချမ်းတာကိုပဲ လိုချင်တယ်လို့ ပြောပါတယ်။

“ခုချိန်မှာ ကိုဗစ်-၁၉ ကြောင့် ကျွန်တော်တို့ဟာ လော့ခ်ဒေါင်းအောက်မှာ ရှိနေတယ်၊ ပြီးတော့ ဒီမှာက ဆိုင်တွေ၊ ကျောင်းတွေလည်း ပိတ်ထားရတယ်၊ ဒီတော့ ကျွန်တော်တို့ရဲ့ ပညာရေးအပေါ် ထိခိုက်မှုတွေ ဖြစ်နေပါတယ်၊ နောက်ပြီး အိန္ဒိယနဲ့ တရုတ်အကြား တင်းမာမှုတွေက ကျွန်တော်တို့အတွက် ပြဿနာတွေ ဖန်တီးပေးနေသလိုပါပဲ၊ ကျွန်တော်ဆိုရင် ကျွန်တော့် ကျောင်းစာဘက်မှာ အပြည့်အ၀ အာရုံမစိုက်နိုင်ပါဘူး၊ အခြေအနေတွေ အမြန် ဆုံး ပြန်လည်တည်ငြိမ်စေချင်ပါတယ်” ကျောင်းသားတစ်ဦးဖြစ်တဲ့ ဆင်းဂေး အန်ဂျီချက်က ပြောပါတယ်။

“တရုတ်နဲ့ အိန္ဒိယ အကြား လာဒက်ရှ် ဒေသမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့လို လာဒက်ရှ် ဒေသခံတွေအနေနဲ့ကတော့ အိန္ဒိယစစ်တပ်နဲ့ အစိုးရကိုပဲ ထောက်ခံတာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ အလိုချင်ဆုံးက အိန္ဒိယနဲ့ တရုတ်အကြား ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရီယက်ဇ် အာမက်ဒ်က ပြောပါတယ်။

“ တကယ်လို့ စစ်ဖြစ်မယ်ဆိုရင် ဒါ ဘယ်နိုင်ငံအတွက်မှ ကောင်းမှာမဟုတ်ဘူး၊ ခုချိန်မှာ လာဒက်ရှ်ဒေသက လူတွေ ကြောက်နေကြတယ်လို့ အခြားလူတွေ ထင်ကောင်းထင်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ မကြောက်ပါ ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ လာဒက်ရှ် ဒေသခံ ပြည်သူတွေဟာလည်း တရုတ်နဲ့အတူ တိဘတ်ဒေသဆီအထိ အကန့်အသတ်မရှိ စီးပွားရေးလုပ်နိုင်တာမျိုးကိုပဲ ဆန္ဒရှိပါတယ်၊ အဲဒီလိုဆိုရင် အိန္ဒိယနဲ့ ကမ္ဘာတဝန်းက ခရီးသွား တွေဟာ လာဒက်ရှ်ကနေတဆင့် တိဘတ်ကို သွားနိုင်မှာဖြစ်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့” လို့ ၎င်းက ပြောသွားပါတယ်။

“ကျွန်တော်ကတော့ ကက်ရှ်မီးယားကနေ ဒီ လာဒက်ရှ်ကို အလုပ်လုပ်ဖို့ လာခဲ့တာပါ၊ ကက်ရှ်မီးယားမှာကလည်း အခြေအနေတွေအရ လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်ဘူးလေ၊ ဒီတော့ ဒီကို အလုပ်လုပ်ဖို့ လာတာပေါ့၊ မနှစ်က တော့ ဒီမှာ ကျွန်တော်တို့ အလုပ်က အတော်ကောင်းခဲ့ပါသေးတယ်၊ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် ကျွန်တော်တို့အလုပ်မှာ ထိခိုက်ခဲ့ရတယ်၊ ပြီးတော့ အိန္ဒိယနဲ့ တရုတ်အကြား တင်းမာမှုက ကျွန်တော်တို့ အတွက် ထပ်တိုးပြဿနာတွေပါပဲ” လို့ ဈေးဆိုင်ရောင်းချသူတစ်ဦးဖြစ်တဲ့ အေမာ အာမက်ဒ် ရိုင်နာက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly