၀က်အပြင်းဖျားရောဂါ ဖြစ်ပွားမှုကြောင့် ဂျာမနီ ဝက်သား သွင်းကုန်တွေကို ဂျပန် ပိတ်ပင်တားမြစ် 

By AFP
15 September 2020
၀က်အပြင်းဖျားရောဂါ ဖြစ်ပွားမှုကြောင့် ဂျာမနီ ဝက်သား သွင်းကုန်တွေကို ဂျပန် ပိတ်ပင်တားမြစ် 
Photo - AFP

စက်တင်ဘာ ၁၅

ဂျာမနီနိုင်ငံဆီကလာတဲ့ ဝက်သားနဲ့ ဝက်အရှင် သွင်းကုန်တွေကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ဂျပန် စိုက်ပျိုးရေး ဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ 

ဒါဟာ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု ပထမဆုံးဖြစ်စဉ် တွေ့ရှိကြောင်း ဥရောပနိုင်ငံက အတည်ပြုခဲ့တဲ့နောက် ခုလို ဂျပန်အာဏာပိုင်တွေဘက်က သွင်းကုန် ပိတ်ပင်ချက် ထုတ်လိုက်တာဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံအရှေ့ပိုင်းပြည်နယ် ဘရန်ဒန်ဘာ့ဂ်မှာ တောဝက်ရိုင်းအသေတစ်ကောင်မှာ ဒီ ဝက်အပြင်းဖျားရောဂါပိုး ကူးစက်ခံထားရတာကို ပညာရှင်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘာလင်က ထုတ်ပြန်ပြီး တစ်ရက်အကြာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာပဲ ဒီဝက်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းမှုကို တိုကျိုဘက်က ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော်တို့နိုင်ငံဆီ ပို့ဖို့ လမ်းမှာ ရှိနေတဲ့ ဝက်သားကုန်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကို ဂျာမနီဘက်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေပါတယ်” လို့ ဂျပန် ဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ပြောပါတယ်။ 

ယမန်နှစ်ကတော့ ဂျပန်ဟာ ဝက်အူချောင်း ဒါမှမဟုတ် အခြား စီမံထားတဲ့ အသားတွေ ထည့်မတွက်ဘဲ ဂျာမနီဆီကနေ ဝက်သား တန်ချိန် ၄၀,၂၄၀ တန်အထိ တင်သွင်းခဲ့ပါတယ်။ ဒီ သွင်းကုန်ကတော့ နိုင်ငံရဲ့ စုစုပေါင်း သွင်းကုန်တွေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ စာရင်းပေါက်တယ်လို့ ဂျပန်တာဝန်ရှိသူက ပြောပါတယ်။ 

ဂျပန်ဟာ ၂၀၁၉ ခုနှစ်မှာတော့ ဝက်အရှင်တွေ မတင်သွင်းခဲ့ပါဘူး။ 

အလားတူ တရုတ်နဲ့ တောင်ကိုရီးယားတို့ဟာလည်း အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဂျာမနီဆီက ဝက်သားသွင်းကုန်တွေအပေါ် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ 

အာဖရိကဝက်အပြင်းဖျား ရောဂါပိုးကတော့ တောဝက်ရိုင်းတွေနဲ့ အိမ်မွေးဝက်တွေကို သေဆုံးစေနိုင်ပေမယ့် လူတွေဆီကိုတော့ ကူးစက်စေတာမျိုး မရှိဘူးလို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly