ကယားပြည်နယ်မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း ၂၀ ရန်ကုန်တွင် လာရောက် ကူညီမည်

ကယားပြည်နယ်မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း ၂၀ ရန်ကုန်တွင် လာရောက် ကူညီမည်
ဓာတ်ပုံ - စောသန်းထိုက်ဦး

စက်တင်ဘာလ ၁၅ ၂၀၂၀

 ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ သည် ရန်ကုန်မြို့ရှိ ဖောင်ကြီး COVID-19 ကုသရေးဌာနနှင့် ဒဂုံဆိပ်ကမ်း COVID-19 ကုသရေးဌာနတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီရန် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က ထွက်ခွာသွားပြီ ဖြစ်သည်။

 ကျန်းမာရေးဝန်ထမ်းများကို နေပြည်တော်မှတစ်ဆင့် ဖောင်ကြီး COVID-19 ကုသရေးဌာနနှင့် ဒဂုံဆိပ်ကမ်း COVID-19 ကုသရေးဌာနတို့တွင် ၁၀ ဦးစီ ခွဲ၍ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။

 သူတို့ မသွားချင်လို့ မဟုတ်ဘူး။ သူတို့သွားရမှာကို ကြောက်တာပေါ့။ အခုက အထူးသဖြင့် လူနာ ထောင်ကျော် ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံမှာ ကိုဗစ်ရောဂါသည်တွေ ရှိတဲ့အခါကျတော့ ကျန်းမာရေး ထမ်းဆောင်တဲ့ သူတွေက တော့ ကျန်းမာရေးစစ်မြေပြင်မှာ ဒီပိုးမွှားတွေနဲ့ စစ်တိုက်ဖို့အတွက် သွားတာ တကယ့်တကယ် ပြောရရင်တော့ ၂၀ လုံး ပြည့်အောင်သွားဖို့က သူတို့ကြောက်ကြတာပါဟုဇ္ဈိမသို့ ပြောသည်။

 

ဓာတ်ပုံ - စောသန်းထိုက်ဦး

ဒေါက်တာ ဌေးလွင်က ဆက်လက်၍ မတော်တဆ ရောဂါကူးနိုင်တယ်။ ကူးသော်ငြားလည်း လူငယ်လူရွယ်တွေမှာတော့ ကိုယ့်ဖာသာကို ပြန်ပြီး စနစ်တကျကုမယ်၊ အားရှိအောင် နေမယ်ဆိုရင် ကူးပေမယ့် ရောဂါဝေဒနာ မပြင်း ထန်ဘူးပေါ့။ အဲဒီလို သူတို့ကို အားပေးပြီး စေလွှတ်ရတာ ဖြစ်ပါတယ်ဟု ဆိုသည်။

 ရန်ကုန်သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများတွင် အမျိုးသမီး ၁၉ ဦးနှင့် အမျိုးသား တစ်ဦး ပါဝင်ပြီး ပြည်နယ် ကျန်းမာရေးဌာန အနေဖြင့် ငွေကြေး အထောက်အပံ့နှင့် စားနပ်ရိက္ခာတချို့တို့ကို ဝိုင်းဝန်း ပံ့ပိုးပေး ကြောင်း သိရသည်။

 COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကွင်းဆင်းကူညီပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးကို အကြောင်းကြားလာသည့် အတွက် ပြည်နယ်တွင်းက ဆန္ဒအလျောက် ကွင်းဆင်းဆောင်ရွက်ပေးမည့် စေတနာ့ဝန်များကို ခေါ်ယူပြီး ယခုကဲ့သို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာ ဌေးလွင်က ပြောသည်။

 ရန်ကုန်သို့ ကိုယ်တိုင် လိုက်ပါသွားမည့် သူနာပြု ဆရာမကြီး ဒေါ်မေရီက အဲဒီမှာ တကယ်လိုအပ်နေပြီ၊ တကယ် လိုအပ်နေတယ် ဆိုတဲ့အခါကျတော့ ကျွန်မတို့ရဲ့လုပ်အားကို တိုင်းပြည်အတွက် လှူချင်တဲ့သဘော တစ်ခုထဲ ပါပဲ။ ကျန်တာ ဘာမှ ထူးထူးထွေထွေ ခံစားချက်မရှိပါဘူးဟု ပြောသည်။

 ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် စီမံခန့်ခွဲမှုပညာရှင်များ ပါဝင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ သုံးဖွဲ့သည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက် တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများနှင့် အသွား အလာ ကန့်သတ်ခြင်း (quarantine) လုပ်ငန်းများတွင် ထပ်မံပံ့ပိုး အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly