ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာတဲ့ အင်ဒိုနီးရှားမှာ လော့ဒေါင်း တစ်စိတ်တစ်ပိုင်း ပြန်လည်ချမှတ် 

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာတဲ့ အင်ဒိုနီးရှားမှာ လော့ဒေါင်း တစ်စိတ်တစ်ပိုင်း ပြန်လည်ချမှတ် 
Photo - AFP

စက်တင်ဘာ ၁၅ 

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာကြောင့် အာဏာပိုင်တွေဟာ တနင်္လာနေ့ကစလို့ လော့ဒေါင်းတစ်စိတ်တစ်ပိုင်းချမှတ်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။  

ကျန်းမာရေးစနစ် ပြိုလဲမသွားစေဖို့ စီမံချက်တစ်ခုအနေနဲ့ မြို့တော်မှာ သီတင်းပတ်နှစ်ပတ်ခန့် လူမှုအကွာအဝေးကန့်သတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ ဂျကာတာ အုပ်ချုပ်ရေးမှူး အန်နီးစ်ဘာစ်ဝယ်ဒန်းကပြောပါတယ်။ 

 စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာခွင့်ပြုထားပြီး စာသင်ကျောင်း၊ ပန်းခြံတွေနဲ့ အထင်ကရနေရာတွေကို ပိတ်ထားဖို့ ညွှန်ကြားထားကာ အရေးတကြီးမလိုအပ်တဲ့ လုပ်ငန်းခွင်တွေမှာလည်း ဝန်ထမ်း ၂၅ ရာခိုင်နှုန်းလောက်နဲ့သာ လည်ပတ်ဖို့ ခွင့်ပြုထားပါတယ်။ 

ရောဂါလက္ခဏာမပြသူအပါအဝင် ကိုဗစ်-၁၉ ပိုးရှိသူတွေဟာ အစိုးရသတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ သီးခြားနေကြရပါတယ်။  

နိုင်ငံတကာအားကစားပွဲတွေအတွက် တည်ဆောက်ထားတဲ့ အားကစားရွာကိုလည်း ကွာရန်တင်းဝင်ဖို့လိုအပ်တဲ့ ရောဂါလက္ခဏာမပြတဲ့လူနာတွေနေမယ့်နေရာအဖြစ် ဂျကာတာအစိုးရက စီစဉ်ခဲ့ပါတယ်။ 

ဧပြီအစောပိုင်းကစလို့ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဂျကာတာမှာ ဇွန်လက ဖြေလျှော့မှုတွေ လုပ်ပေးပြီးတဲ့နောက် သီတင်းပတ်ပေါင်းများစွာအကြာမှာ ကူးစက်မှုတွေ တစ်ဖန် မြင့်တက်လာတာဖြစ်ပါတယ်။ 

အရောင်းအဝယ်လုပ်တဲ့ ဒေသခံတစ်ဦးက “တစ်စိတ်တစ်ပိုင်း လော့ဒေါင်းသတ်မှတ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အရောင်းအဝယ်ရပ်လိုက်လို့မရပါဘူး။ အလုပ်မလုပ်ရင် ဝင်ငွေရှိတော့မှာမဟုတ်ဘူး။ ပိုက်ဆံမရှိရင် ဘာနဲ့သွားစားရမလဲ။ အရောင်းအဝယ်က ကျွန်တော်ရဲ့ အဓိကဝင်ငွေပါ။ ကျန်းမာရေးစည်းမျဉ်းတွေကိုတော့ လိုက်နာပြီး ဆက်လုပ်သွားမှာပါ” လို့ဆိုပါတယ်။  

စက်တင်ဘာ ၁၄ ရက်ထိစာရင်းအရ မြို့တော် ဂျကာတာမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၅ ၀၀၀ ကျော်ရှိပြီး ၁ ၅၀၀ နီးပါး သေဆုံးထားပါတယ်။ 

အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်အခံရဆုံးဖြစ်တဲ့ အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၁ ၅၂၃ ဦးနဲ့ သေဆုံးသူ ၈ ၈၄၁ ဦးရှိပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly